ကြားရတာတော့ ရိုးရိုးဖော်ပြချက်တခုလိုပါပဲ။ တကယ်ပဲလား၊ အဖြူထည်လား၊ ဘာလားပေါ့။
အဖွဲ့အစည်းတခုက
လူနည်းစု/ဌာနေလူမျိုးစု/လူငယ်/အမျိုးသမီးတွေနဲ့ နှစ်ပေါင်းများစွာ
အလုပ်လုပ်ထားနိုင်ပါတယ်။ လူငယ်တွေကို တိုင်ပင်ဆွေးနွေးဖို့ ခေါ်ထားမယ်။
နေရပ်စွန့်ခွာရသူတွေ သူတို့အစီအမံထဲမှာ ပါမယ်။ လူထုတခုနဲ့
နီးနီးကပ်ကပ်နေပြီး သူတို့ပြဿနာကို တခြားသူတွေထက် ပိုသိတာလည်း
ဖြစ်နိုင်ပါတယ်။
ဒါတွေအားလုံး အရေးကြီးပါတယ်။
ဒါပေမယ့်
“သူတို့နဲ့ အလုပ်လုပ်တယ်” ကနေ “သူတို့ကို ကိုယ်စားပြုတယ်” လို့
ရောက်သွားတဲ့အခါ နောက်ထပ်တခု ပြောင်းသွားပြီ။ နိုင်ငံရေးအဆိုတခု
ဖြစ်သွားတယ်။ ကိုယ်စားပြုခွင့်ရှိကြောင်း ကြေညာချက်တခု ဖြစ်လာတယ်။
ပြီးတော့ ဒီကြေညာချက်က စကားထဲမှာပဲ မနေပါဘူး။
အရင်းအမြစ်တွေ
စီးဆင်းလာတယ်။ ရန်ပုံငွေ ရနိုင်တယ်။ ဆွေးနွေးပွဲမှာ နေရာရနိုင်တယ်။
နိုင်ငံတကာအစည်းအဝေးတွေ ဖိတ်ခံရနိုင်တယ်။ မူဝါဒချမှတ်သူတွေဆီ
ဝင်ခွင့်ရလာတယ်။ မီဒီယာ၊ မိတ်ဖက်အဖွဲ့အစည်းနဲ့ နိုင်ငံတကာအသိအမှတ်ပြုမှုတွေ
စုပုံလာနိုင်တယ်။
“အမျိုးသမီးတွေ
ဘာလိုချင်သလဲ”၊ “တိုင်းရင်းသားတွေ ဘယ်လိုမြင်သလဲ”၊ “လူငယ်အသံက ဘာလဲ” လို့
သိချင်တဲ့အခါ ဖုန်းဆက်မေးခံရတဲ့ အဖွဲ့လည်း ဖြစ်လာနိုင်ပါတယ်။
ဒီလိုနဲ့ ကိုယ်စားပြုခြင်းဟာ အဖွဲ့အစည်းဆိုင်ရာ လုပ်ပိုင်ခွင့်ဩဇာ ဖြစ်လာတယ်။
Matelski ရဲ့ မြန်မာအရပ်ဘက်အဖွဲ့အစည်းတွေအပေါ် လေ့လာချက်တွေကို ဖတ်ကြည့်ရင်လည်း ဆက်စပ်စဉ်းစားစရာတွေ ရှိမှာပါ။
နိုင်ငံတကာအဖွဲ့အစည်းတွေအတွက်
နားလည်ရလွယ်၊ ဆက်ဆံရလွယ်၊ စီမံကိန်းသုံးဝေါဟာရ ပြောတတ်၊ report
ထုတ်ပြလို့ရတဲ့ အဖွဲ့အစည်းတွေမှာ ကြားခံလုပ်ပိုင်ခွင့်ဩဇာ စုပုံလာနိုင်တယ်။
အရင်းအမြစ်တွေ ဘယ်ဆီသွားမလဲဆိုတာအထိ ဩဇာသက်ရောက်လာနိုင်ပါတယ်။
ဒါပေမယ့် အပြင်က အသိအမှတ်ပြုမှုရတာနဲ့ မြေပြင်လူထုနဲ့ အနီးကပ်ဆုံးဖြစ်တာက အမြဲတမ်း တခုတည်းမဟုတ်ဘူး။
ဘယ်လိုဖြစ်လာသလဲဆိုတာ သိပ်မရှုပ်ပါဘူး။
လူတွေမှာ
ပြဿနာရှိတယ်။ အဖွဲ့တခုက သူတို့နဲ့ အလုပ်လုပ်တယ်။ နီးစပ်မှုက တရားဝင်မှု
ပေးတယ်။ တရားဝင်မှုက အရင်းအမြစ်ရစေတယ်။ အရင်းအမြစ်ရတော့ ဝန်ထမ်းခန့်တယ်၊
သုတေသနလုပ်တယ်၊ အစည်းအဝေးတက်တယ်၊ report ထုတ်တယ်၊ network ဆောက်တယ်။
လူသိများလာတယ်။
လူသိများလာတော့ အပြင်လူတွေက “ဒီလူတွေအကြောင်း သိချင်ရင် ဒီအဖွဲ့ကိုမေး” လို့ ပြန်ယူဆလာတယ်။
ပြီးတော့ ကွင်းဆက်က ပြန်လည်ပတ်ပါတယ်။
အစပိုင်းမှာ
လူထုနဲ့နီးလို့ အဖွဲ့အစည်းအားကောင်းလာတာ ဖြစ်နိုင်တယ်။ နောက်ပိုင်းမှာတော့
အဖွဲ့အစည်းရဲ့ နိုင်ငံရေးတည်နေရာကို ဆက်ထိန်းထားဖို့ “လူထုနဲ့နီးတယ်”
ဆိုတဲ့ ကြေညာချက်ကိုယ်တိုင်က ပြန်အရေးကြီးလာနိုင်ပါတယ်။
ဒီလိုအမြဲဖြစ်တယ်လို့တော့ မဆိုလိုပါဘူး။
NGO ဝန်ထမ်းတွေ အခန်းထဲမှာထိုင်ပြီး “လူထုကို ဘယ်လိုအသုံးချကြမလဲ” လို့ လျှို့ဝှက်ကြံစည်နေတယ်လို့လည်း မဆိုလိုပါဘူး။
ဒီလိုရှင်းလိုက်ရင် အဖွဲ့အစည်းဆိုင်ရာ လုပ်ပိုင်ခွင့်ဩဇာဆိုတာကို လူဆိုး၊ လူကောင်းဇာတ်လမ်းလေးနဲ့ ချုံ့ပစ်ရာ ရောက်ပါလိမ့်မယ်။
တကယ်တော့ အဖွဲ့အစည်းတခုမှာ သူ့ကိုယ်ပိုင်အကျိုးစီးပွား ဖြစ်လာဖို့ လူဆိုးလိုစရာ မရှိပါဘူး။
Islah Jad ရဲ့ အာရပ်အမျိုးသမီးလှုပ်ရှားမှုတွေရဲ့ NGO-ization အကြောင်း ဆွေးနွေးချက်က ဒီနေရာမှာ စဉ်းစားစရာကောင်းပါတယ်။
NGO
တွေဟာ donor agenda ရဲ့ သားကောင်သက်သက် မဟုတ်ပါဘူး။ သူတို့ကိုယ်တိုင်လည်း
အဲဒီစနစ်ထဲက actor ဖြစ်လာတယ်။ ကျွမ်းကျင်မှုရတယ်။ Network ရတယ်။
အရင်းအမြစ်ရတယ်။ တရားဝင်မှုနဲ့ နိုင်ငံရေးလွှမ်းမိုးနိုင်မှု စုပုံလာတယ်။
တခါတလေ ဘယ်အရာကို “ပြဿနာ” လို့ သတ်မှတ်မလဲဆိုတဲ့နေရာအထိ ရောက်လာနိုင်ပါတယ်။
ဒီလိုကြည့်လိုက်တော့ နောက်ခံလူထု "constituency" ဆိုတဲ့စကားကို ပြန်မေးရပါမယ်။
အဖွဲ့တခုက “လူငယ်တွေရဲ့ အသံကို ကိုယ်စားပြုတယ်” လို့ ပြောတယ်ဆိုပါစို့။
သူ့ဆွေးနွေးပွဲမှာ
လူငယ်ဘယ်နှယောက် တက်ထားလဲဆိုတာ အရေးကြီးပါတယ်။ ဒါပေမယ့် မိမိအတွက်
ပိုစိတ်ဝင်စားစရာက ယေဘုယျအားဖြင့်ရှိကြတဲ့ နိစ္စဓူဝ လူငယ်တွေက
ဒီအဖွဲ့အစည်းအပေါ် ဘယ်လောက်အာဏာရှိသလဲ။
ခေါင်းဆောင်တွေကို ရွေးလို့ရသလား။
အဖွဲ့ရဲ့ ဦးစားပေးလုပ်ငန်းစဉ်ကို ပြောင်းခိုင်းလို့ရသလား။
သူတို့နာမည်နဲ့ အဖွဲ့က ထုတ်ထားတဲ့ ရပ်တည်ချက်ကို “ဒါ ကျနော်ကျမတို့အမြင်မဟုတ်ဘူး” လို့ ပြန်ငြင်းနိုင်သလား။
သူတို့နာမည်နဲ့ ရလာတဲ့ အရင်းအမြစ်ကို ဘယ်လိုသုံးမလဲဆိုတာမှာ ဈေးဆစ်ဖို့အစွမ်း ရှိသလား။
နောက်ဆုံး “ခင်ဗျားတို့ ကျနော်ကျမတို့ကို ကိုယ်စားမပြုတော့ဘူး” လို့ ပြောနိုင်သလား။
ပြောလိုက်ရင်ရော ဘာဖြစ်သလဲ။ ဘယ်သူက ဆုံးရှုံးစရာရှိတာလဲ။
ဒီမေးခွန်းတွေဆီ ရောက်လာရင် Participation နဲ့ Constituency က တူတဲ့အရာမဟုတ်ဘူး ဆိုတာ ပိုရှင်းလာပါတယ်။
လူတွေ
အဖွဲ့အစည်းရဲ့ workshop တွေ အများကြီးတက်နိုင်တယ်။ Survey ဖြေနိုင်တယ်။
ကိုယ့်ဒဏ်ရာတွေ ပြောပြနိုင်တယ်။ Report ထဲမှာ သူတို့စကားတွေ ပါနိုင်တယ်။
Consultation လုပ်နိုင်တယ်။ Activity design ထဲတောင် ပါနိုင်တယ်။
ဒါပေမယ့် အဖွဲ့အစည်းကို တကယ်ပြောင်းလဲနိုင်တဲ့ ဆုံးဖြတ်ချက်အာဏာက တခြားနေရာမှာ ရှိနေနိုင်ပါတယ်။
ဒီနေရာမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ နိုင်ငံရေးအပြန်အလှန်ဖလှယ်မှုတခု ပေါ်လာပါတယ်။
ကိုယ်စားပြုခံရတဲ့လူတွေက
အဖွဲ့ကို identity ပေးတယ်။ အတွေ့အကြုံပေးတယ်။ ဒဏ်ရာနဲ့ သမိုင်းပေးတယ်။
သူတို့ရဲ့ political claims တွေက urgency ပေးတယ်။
ဒီအရာတွေက တရားဝင်မှု legitimacy ဖြစ်လာပါတယ်။
အဖွဲ့အစည်းဘက်မှာတော့
ရန်ပုံငွေ၊ အလုပ်၊ ပရော်ဖက်ရှင်နယ်ကွန်ယက်၊ ကျွမ်းကျင်မှု၊ ကျွမ်းကျင်သူ၊
မြင်သာမှု၊ အသိအမှတ်ပြုခံရမှုနဲ့ ရှင်သန်ရပ်တည်မှု/ခိုင်မာမှုတွေ
စုပုံလာတယ်။
ဒါတွေရှိနေတာကို ကြည့်ရုံနဲ့ဖြင့် အလိုလိုမှားတယ်လို့တော့ ပြောလို့မရပါဘူး။
အဖွဲ့အစည်းတခု
ဝန်ထမ်းမရှိဘဲ ဘယ်လိုအလုပ်လုပ်မလဲ။ သုတေသနလုပ်ရင် ငွေကုန်တယ်။ Advocacy
လုပ်ရင် ကွန်ရက်လိုတယ်။ လုံခြုံရေး၊ ခရီးသွားလာရေး၊ စာရွက်စာတမ်း၊
institutional memory တွေက အလိုလိုပေါ်လာတာ မဟုတ်ပါဘူး။
တချို့အခြေအနေမှာ အားကောင်းတဲ့အဖွဲ့အစည်းရှိနေခြင်းကိုယ်တိုင်က ဖိနှိပ်ခံလူထုအတွက် အလွန်လိုအပ်တာ ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် မေးခွန်းကတော့ မပျောက်သွားဘူး။
လူထုတွေကို beneficiary လို့ခေါ်ပြီး အဲဒီမှာပဲ ရပ်လိုက်လို့ရသလား။
သူတို့ရဲ့
identity, history, suffering နဲ့ political claims တွေကြောင့်
အဖွဲ့အစည်းက အရင်းအမြစ်ရလာတယ်ဆိုရင် နှစ်ဘက်ကြားမှာ political relationship
တခု ရှိနေပြီ။
ဒါဟာ “သူတို့ကို တကယ်နားလည်ရဲ့လား” ဆိုတဲ့ epistemic problem သက်သက် မဟုတ်တော့ဘူး။
Funding ဝင်လာပြီ။ Career ဝင်လာပြီ။ Organization survival ဝင်လာပြီ။
Political economy problem လည်း ဖြစ်လာပါတယ်။
လူထုက legitimacy ပေးတယ်။ Donor က resources ပေးတယ်။ Professionals တွေက organization ကို နေ့စဉ်မောင်းတယ်။
ဒီသုံးဖက်လုံး
ရည်မှန်းချက်တူနိုင်ပါတယ်။ စိတ်ရင်းလည်း ကောင်းနိုင်ပါတယ်။ ဒါပေမယ့်
လူတစုတည်းတော့ မဟုတ်ဘူး။ အဖွဲ့အစည်းအပေါ်ရှိတဲ့ အာဏာလည်း တူချင်မှတူမှာ။
ဥပမာ “ဌာနေတိုင်းရင်းသားတွေကို ကိုယ်စားပြုတယ်” ဆိုတဲ့ claim နဲ့ အဖွဲ့တခု funding ရတယ်ဆိုပါစို့။
ဒီနေရာမှာ “ကိုယ်စားပြုတယ်” ဆိုတဲ့ စကားက စကားအလုပ်ပဲ လုပ်နေတာ မဟုတ်တော့ဘူး။ အရင်းအမြစ်ရစေတဲ့အလုပ်ပါ လုပ်နေပြီ။
ဒီတော့ နည်းနည်းကသိကအောင့်ဖြစ်စရာ မေးခွန်းတခု မေးရပါလိမ့်မယ်။
လူတွေရဲ့
ဘဝဒဏ်ရာ၊ ဒုက္ခ၊ အိုင်ဒန်တီတီ၊ သမိုင်း၊ အတိတ်၊ နိုင်ငံရေးကြွေးကြော်မှု၊
တောင်းဆိုချက် စတာတွေကို အဖွဲ့အစည်းရဲ့ အရင်းအမြစ်ဖြစ်လာအောင်
ပြောင်းပေးနေတဲ့ နိုင်ငံရေးဆက်နွှယ်မှုက ဘာလဲ။
စကားက နည်းနည်းကြမ်းပါတယ်။
ဒါပေမယ့်
အဖွဲ့ရတဲ့ငွေကို လူတဦးချင်းဆီ ပြန်ဝေပေးရမယ်လို့ ပြောတာ မဟုတ်ပါဘူး။
အဖွဲ့တခု၊ လှုပ်ရှားမှုတခုဆိုတာ Research capacity လိုတယ်။ Lawyer လိုတယ်။
Advocacy network လိုတယ်။ Institutional memory လိုတယ်။
ပြဿနာက အရင်းအမြစ်နဲ့ ကိုယ်စားပြုခြင်းကြားက ဆက်နွှယ်မှုကို ဘယ်သူထိန်းသလဲ ဆိုတာမေးဖို့ပါ။
ဘယ်သူက ကိုယ်စားပြုခွင့် ပေးထားတာလဲ။ ဒီ claim ကို ဘယ်သူ ပြန်ငြင်းနိုင်သလဲ။
လူထုနာမည်နဲ့ ရလာတဲ့ အရင်းအမြစ်ကို ဘယ်လိုသုံးမလဲဆိုတာ ဘယ်သူဆုံးဖြတ်သလဲ။
Claimed constituency က organizational priority ကို ပြောင်းနိုင်သလား။
တခြားလူတစုက “သူတို့ ကျနော်တို့ကို မကိုယ်စားပြုဘူး” လို့ ပြောလာရင် ဘယ်လောက်အလေးအနက်ထားခံရသလဲ။
ပြီးတော့ donor priority ပြောင်းသွားရင်ရော။
အဖွဲ့အစည်းက နောက်ခံလူထုနဲ့ ဆက်နေမှာလား။ ဒါမှမဟုတ် funding ပြောင်းသလို constituency ကိုပါ တဖြည်းဖြည်း ပြန်ဖွင့်ဆိုသွားမှာလား။
ဒီမှာ ခပ်ရိုင်းရိုင်း test တခု လုပ်ကြည့်လို့ရပါတယ်။
မနက်ဖြန်ကစပြီး
ဒီလူထုကို ကိုယ်စားပြုတယ်လို့ မပြောတော့ဘူးဆိုရင် အဖွဲ့အစည်းက
ဘာတွေဆုံးရှုံးမလဲ။ ဘာမှမဆုံးရှုံးဘူးလား။ ဘယ်သူက ဆုံးရှုံးလဲ။ ဘယ်သူက
အဖတ်ဆည်လို့ရမလဲ။
ဒါမှမဟုတ် funding, access, invitation, legitimacy နဲ့ အဖွဲ့အစည်းတည်ရှိရတဲ့ အကြောင်းပြချက်တချို့ပါ ပျောက်သွားမလား။
အများကြီးဆုံးရှုံးမယ်ဆိုရင်
Representation "ကိုယ်စားပြုခြင်း" ဟာ လူတွေနဲ့အဖွဲ့ကြား ဆက်ဆံရေးကို
ဖော်ပြတဲ့ စကားတလုံးသက်သက် မဟုတ်တော့ပါဘူး။
Institutional Asset အင်စတီကျူးရှင်းပိုင်ဆိုင်မှုတခုပါ ဖြစ်နေပြီ။
ဒီနေရာမှာ expertise အကြောင်းလည်း ပြန်စဉ်းစားဖို့လိုပါတယ်။
စာရေးသူတို့က Expert ဆိုတာ knowledge ရှိလို့ authority ရလာသူလို့ ယူဆတတ်တယ်။ ဒါပေမယ့် လက်တွေ့မှာ လမ်းက ဒီထက်ရှည်နိုင်ပါတယ်။
Expert
က ပြဿနာတခုကို အဓိပ္ပာယ်ဖွင့်တယ်။ အဲဒီ interpretation က advocacy
ထဲဝင်တယ်။ အဲဒီကတဆင့် “ဒီလူတွေ ဘာလိုအပ်တယ်” လို့ ပြောလာတယ်။ နောက်ဆုံး
ဒီလူတွေအတွက် ပြောနေသူကနေ ဒီလူတွေကို ကိုယ်စားပြုသူအဖြစ်
အသိအမှတ်ပြုခံလာနိုင်တယ်။
Representation
က resources နဲ့ access ပေးတယ်။ Resources က expertise နဲ့ political
reach ကို ပြန်တိုးပေးတယ်။ တပတ်လည်ပါလေရော။ ဒီလိုဆို expertise
ကိုယ်တိုင်ကလည်း representation ကနေ ပြန်မွေးဖွားနေနိုင်ပါတယ်။
ဒါကြောင့် “NGO တွေ elite ဆန်တယ်” ဆိုတာမျိုး စွပ်စွဲရုံနဲ့တော့ မိမိ သိပ်မကျေနပ်ပါဘူး။
တချို့ဆန်မှာပေါ့။ တချို့မဆန်ဘူး။ စွပ်စွဲရုံစကားက တကယ်ဘာဖြစ်နေလဲဆိုတာ သိပ်မရှင်းပေးဘူး။
Professional staff ရှိတာ ပြဿနာမဟုတ်ဘူး။ ရုံးခန်းရှိတာ ပြဿနာမဟုတ်ဘူး။ Expertise စုပုံတာလည်း အလိုလိုပြဿနာ မဟုတ်ဘူး။
တကယ့်ပြဿနာဟာဖြင့်
ဘာလဲ။ အဖွဲ့အစည်းတခုဟာ လူတွေရဲ့ နိုင်ငံရေးအရ လက်ခံမှုအပေါ် အားပြုပြီး
ကြီးလာတယ်။ ဒါပေမယ့် အဲဒီလူတွေက အဖွဲ့အစည်းကို ပြန်ထိန်းနိုင်တဲ့ အာဏာက
အလွန်နည်းနေတယ်။
အဲဒီအခါ ဝိရောဓိတခု ဖြစ်လာနိုင်ပါတယ်။
ကိုယ်စားပြုခံရတဲ့လူတွေ
နိုင်ငံရေးအရ အားနည်းနေခြင်းကိုယ်တိုင်က သူတို့ကို ကိုယ်စားပြုတဲ့
အဖွဲ့အစည်းအားကောင်းလာရတဲ့ အရင်းအမြစ်တခု ဖြစ်နေနိုင်တယ်။ ဒါဆိုဒုက္ခပဲ။
ဝန်ထမ်းတွေ
စိတ်ရင်းကောင်းနိုင်ပါတယ်။ အစီအစဉ်တွေ အသုံးဝင်နိုင်ပါတယ်။
လူထုတကယ်အကျိုးရနိုင်ပါတယ်။ ဒီနယ်ပယ်ထဲက အကောင်းဆုံးအဖွဲ့တခုတောင်
ဖြစ်နေနိုင်ပါတယ်။
ဒါနဲ့တင် ဝိရောဓိက မပျောက်သွားဘူး။
Representation
က resources ကို စီးဆင်းစေတယ်။ Represented people တွေက အဖွဲ့အစည်းအတွက်
နိုင်ငံရေးအရ လိုအပ်နေတယ်။ ဒါပေမယ့် organization အတွင်းမှာ သူတို့ရဲ့
bargaining power က အားနည်းနေနိုင်တယ်။
ဒီအချက်ကြောင့်
NGO တွေတင်မက အဖွဲ့အစည်း၊ စုဖွဲ့မှုအသီးသီးဟာ Representation without
Constituency "နောက်ခံလူထုရဲ့ ထိန်းကျောင်းမှုမရှိဘဲ ကိုယ်စားပြုတယ်လို့
ကြေညာနေခြင်း" ပြဿနာကို ပိုလေးလေးနက်နက် ဆွေးနွေးသင့်တယ်လို့ မိမိထင်ပါတယ်။
ဒါပေမယ့် ကိုယ်စားပြုခြင်းကို ပယ်ချကြလို့တော့ ပြောလို့မရပါဘူး။
နိုင်ငံရေးမှာ
လူတိုင်း ကိုယ့်အကြောင်းကိုယ်ပဲ ပြောရမယ်ဆိုရင် collective politics
လုပ်ဖို့တောင် ခက်သွားမယ်။ စုစည်းမှုအကြောင်း အုပ်စုအကြောင်းမပြောရင်
နိုင်ငံရေးက ဘာအကြောင်းပြောရမလဲ။ နိုင်ငံရေးတောင် မရှိတော့ဘူး။
Movement
မှာ မြင်သာသူလိုတယ်။ လူထုမှာ စုဖွဲ့မှုလိုတယ်။ တချို့လူတွေ
မရောက်နိုင်တဲ့နေရာကို တခြားသူတွေ ဝင်ပြောပေးရတယ်။ Experts တွေက
အထောက်အထားအချက်အလက် ကို စု၊ ခွဲ၊ ရှင်းပြပေးရတယ်။
Representation ဟာ ရှောင်လို့မရပါဘူး။ ဒါပေမယ့် ရှောင်လို့မရတာနဲ့ မေးခွန်းမထုတ်ရတော့တာကတော့ တခုတည်းမဟုတ်ဘူး။ ဝေဖန်ပစ်ရမှာပဲ။
တယောက်ယောက်က
“ကျနော်တို့ သူတို့ကို ကိုယ်စားပြုတယ်”
လို့ ပြောလာတိုင်း မိမိတို့က ဒီမေးခွန်းကို ပြန်မေးကြည့်ရမယ်။
“သူတို့”
က “ခင်ဗျားတို့” ကို ဘာလုပ်နိုင်သလဲ။ ဘယ်လောက် ပုံစံပြောင်းပစ်လို့ရလဲ။
ပြန်ပြင်ခိုင်းနိုင်သလား။ ဦးစားပေးအစီအစဉ် ပြောင်းခိုင်းနိုင်သလား။
သူတို့နာမည်နဲ့ ပြောနေတဲ့လူကို ဖြုတ်နိုင်သလား။
“ကျနော်တို့နာမည် မသုံးနဲ့တော့” လို့ ပြောနိုင်သလား။
ဒီအာဏာတွေ
တဘက်မှာ အလွန်နည်းပြီး၊ ကိုယ်စားပြုကြောင်းကြေညာချက်ကနေ ရလာတဲ့ resources,
recognition နဲ့ access တွေကတော့ တခြားဘက်မှာ စုပုံနေတယ်ဆိုရင်....
ဒါကို နိုင်ငံရေးအဓိပ္ပာယ်အပြည့်ရှိစွာနဲ့ ကိုယ်စားပြုခြင်း လို့ခေါ်ရမလားဆိုတာ ပြန်မေးသင့်ပါတယ်။
လူတွေအကြောင်း
ပြောပေးတဲ့ အဖွဲ့အစည်း ဖြစ်နိုင်ပါတယ်။
တော်လှန်ရေးအင်အားစုဖြစ်နိုင်တယ်။လူတွေအတွက် အလုပ်လုပ်ပေးတဲ့ အဖွဲ့အစည်း
ဖြစ်နိုင်ပါတယ်။
လူတွေကို ကူညီပေးတဲ့ အဖွဲ့အစည်းလည်း ဖြစ်နိုင်ပါတယ်။
ဒီအရာတွေက မကောင်းတာ မဟုတ်ပါဘူး။
ဒါပေမယ့် ဒီသုံးခုနဲ့ လူထုတခုကို ကိုယ်စားပြုခြင်း ကတော့ တခုတည်းမဟုတ်ပါဘူး။
အဲဒီကွာခြားချက်ပေါ်မှာ
အရင်းအမြစ်၊ နာမည်၊ ဂုဏ်၊ ကွန်ရက် ရှင်သန်မှု၊ ခိုင်မာမှုတွေ
စမှီခိုလာတဲ့အခါ Representation ဟာ စကားလုံးတလုံးအဖြစ်ပဲ စာရွက်ပေါ်မှာ
ရပ်မနေတော့ပါဘူး။
လုပ်ပိုင်ခွင့်နဲ့ ဩဇာအာဏာဆိုင်ရာ နိုင်ငံရေးပြဿနာတခု ဖြစ်လာပါပြီလို့သာ။
အဖွဲ့အစည်းတခုက
“လူငယ်တွေကို ကျနော်တို့ ကိုယ်စားပြုတယ်”၊
“ဌာနေတိုင်းရင်းသားအသိုက်အဝန်းတွေရဲ့ အသံကို ဖော်ထုတ်ပေးတယ်”၊
“အမျိုးသမီးအသံကို သယ်လာတယ်”၊ “နေရပ်စွန့်ခွာရသူတွေအတွက် ကျမတို့ ပြောတယ်”
လို့ဆိုလာတဲ့အခါ ဒီစကားတွေကို ပုံမှန်ထက် နည်းနည်းပိုလေးလေးနက်နက်
ကြည့်သင့်တယ်လို့ မိမိထင်ပါတယ်။
Comments
Post a Comment