Skip to main content

မဲပုံးထဲက ကိုလိုနီမှန်ကူကွက်

မျက်မှောက်ခေတ် နိုင်ငံရေးစကားဝိုင်းများတွင် ရွေးကောက်ပွဲများကို တရားဝင်အစိုးရတရပ် ဖြစ်တည်လာရေးအတွက် မရှိမဖြစ်လိုအပ်ချက်တခုအဖြစ်၊ ပြည်သူ့အချုပ်အခြာအာဏာကို ဖော်ထုတ်ပြသသည့် "သဘာဝကျသော" “အမြင့်ဆုံးယန္တရားတခုအဖြစ် မကြာခဏ ပုံဖော်လေ့ရှိကြသည်။ သို့သော် ကိုလိုနီခေတ်လွန် လွတ်မြောက်ရေးရှုထောင့်မှ ဝေဖန်ဆန်းစစ်ကြည့်လျှင် မြန်မာနိုင်ငံက အမွေဆက်ခံခဲ့သော ရွေးကောက်ပွဲပုံစံသည် အရောင်မပါသည့်အုပ်ချုပ်ရေး လုပ်ထုံးလုပ်နည်းတခုနှင့် များစွာ ကွာခြားနေသည်ကို တွေ့ရမည်ဖြစ်သည်။ အမှန်စင်စစ် ထိုရွေးကောက်ပွဲပုံစံသည် ကိုလိုနီခေတ် တရားဝင်ကုန်ဆုံးသွားပြီးနောက်တွင်ပင် ဆက်လက်ရှင်သန်နေသော "ကိုလိုနီအာဏာတည်ဆောက်ပုံ" ၏ ထင်ရှားသည့် သက်သေသာဓကတခုပင် ဖြစ်သည်။ ရွေးကောက်ပွဲယန္တရား၏ သမိုင်းအမြစ်များကို မေးခွန်းမထုတ်ဘဲ "ရွေးကောက်ပွဲများက ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ပေးသည်" ဟု အခိုင်အမာဆိုခြင်းသည် အာဏာကို မည်သို့ဖွဲ့စည်းပုံဖော်ထားပုံ၊ လူဦးရေကို မည်သို့အမျိုးအစားခွဲခြားပုံ၊ မည်သူတို့ကို တရားဝင်နိုင်ငံရေးသမားအဖြစ် သတ်မှတ်ပုံတို့နှင့် ပတ်သက်သည့် ကိုလိုနီခေတ်က စိတ်ကူးပုံဖော်မှုကို မရည်ရွယ်ဘဲ ပြန်လည်ထုတ်လုပ်ရာ ရောက်နေသည်။

မြန်မာနိုင်ငံရှိ ခေတ်သစ်ရွေးကောက်ပွဲဆိုင်ရာ အခြေခံအဆောက်အအုံသည် ကိုလိုနီခေတ် သန်းခေါင်စာရင်းကောက်ယူသည့်အချိန်တွင် ထားသည့် စိတ်ဓာတ်နှင့် ခွဲခြား၍မရအောင် ဆက်စပ်နေသည်။ ကိုလိုနီအစိုးရသည် သူ၏လက်အောက်ခံများကို အမျိုးအစားခွဲခြားရန်နှင့် ဘောင်ခတ်ရန် (ဘန်နဒစ်အန်ဒါဆင် ပြောသလို) "သန်းခေါင်စာရင်း၊ မြေပုံ၊ ပြတိုက် (Census, Maps and Museums)" တို့ကို ထိန်းချုပ်ရေးနည်းပညာများအဖြစ် အသုံးပြုခဲ့သည်ဟူ၏။ ဗြိတိသျှအုပ်ချုပ်မှု မစတင်မီက ဤဒေသရှိ နိုင်ငံရေးဆိုင်ရာ သက်ဆိုင်မှုအပေါ် အသိုက်အမြုံများဆက်နွှယ်မှုဖြင့် သတ်မှတ်ခဲ့သည်။ ထိုစနစ်သည် တင်းကျပ်သော နယ်နိမိတ်များ သို့မဟုတ် တည်ငြိမ်သော ခေတ်သစ်လူမျိုးစုအမှတ်သညာများထက်၊ ဆွေမျိုးနွှယ်စပ်တော်မှုနှင့် လုံခြုံရေးအပေါ် မူတည်သည့် ပျော့ပြောင်းသော ပထဝီနိုင်ငံရေးပုံစံတခု ဖြစ်သည်။ သို့သော် ရွေးကောက်ပွဲများကမူ "နိုင်ငံတော်၏ စာရင်းဇယားဖြင့် တိုင်းတာနိုင်မှု" ကို လိုအပ်သည်။ ထိုအရာမှာ အခွန်ကောက်ခံခြင်း၊ စစ်သားစုဆောင်းခြင်းနှင့် ထိန်းချုပ်ခြင်းတို့ကို လွယ်ကူချောမွေ့စေရန် ရှုပ်ထွေးသော လူမှုဘဝအမှန်တရားများကို စံသတ်မှတ်ထားသော ဇယားကွက်များအဖြစ် ရိုးရှင်းအောင် ပြုလုပ်ခြင်းပင် ဖြစ်သည်။

ဤယုတ္တိဗေဒအရ ရေတွက်သည့် ဗဟိုဌာနတခုနှင့် အရေအတွက်ခံရသည့် နယ်ပယ်တခု လိုအပ်လာသည်။ မဲပေးသူများကို မိမိတို့ကိုယ်တိုင် သတ်မှတ်ထားသည့် အမှတ်သညာများထက်၊ နိုင်ငံတော်က တရားဝင်သတ်မှတ်ထားသော တင်းကျပ်သည့် "အကွက်များ" အတွင်းသို့ ထည့်သွင်းရန် တောင်းဆိုသည်။ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေက အသိအမှတ်ပြုထားသော "တိုင်းရင်းသား ၁၃၅ မျိုး" သည် ထိုသို့သော နိုင်ငံတော်မှ သတ်မှတ်ပေးသည့် အမျိုးအစားခွဲခြားမှု၏ အမွေတခု ဖြစ်သည်။ ဤနည်းအားဖြင့် နိုင်ငံသားတဦးက မိမိ၏လုပ်ပိုင်ခွင့်ကို မကျင့်သုံးမီ၊ နိုင်ငံတော်သည် နိုင်ငံသားတို့၏ ဇီဝဗေဒနှင့် နိုင်ငံရေးဆိုင်ရာ နယ်နိမိတ်များကို သတ်မှတ်ပိုင်ခွင့်ရှိသည်ဟု အခိုင်အမာဆိုသည်။ ထို့ကြောင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်သည် အမှတ်သညာကို သဘာဝကျကျ ညှိနှိုင်းဖော်ဆောင်ရမည့်အရာထက် နိုင်ငံတော်က သတ်မှတ်ပေးလိုက်သည့်အရာအဖြစ် ရှုမြင်ရသည့် လောကအမြင်ကို အားဖြည့်ပေးနေသည်။

ထို့အပြင် ကိုလိုနီခေတ်လွန် ရွေးကောက်ပွဲမူဘောင်သည် "အများစုအနိုင်ကျင့်ဝါဒ" (Majoritarianism) ကို အန္တိမအခွင့်အာဏာအဖြစ် မေးခွန်းမထုတ်ဘဲ လက်ခံခြင်းအပေါ် မှီခိုနေသည်။ ဤအများစုအနိုင်ကျင့်ဝါဒသည် ဥရောပနိုင်ငံများ၏ တသားတည်းဖြစ်သော နိုင်ငံတော်များအတွင်းတွင် အလုပ်လုပ်နိုင်ကောင်း လုပ်နိုင်မည်ဖြစ်သော်လည်း၊ ကိုလိုနီအင်ပါယာက တမင်တကာ ကွဲပြားအောင် ပြုလုပ်ပြီး ပြန်လည်ဖွဲ့စည်းခဲ့သော နိုင်ငံရေးစနစ်တခုအပေါ် အသုံးချသည့်အခါတွင်မူ "အတွင်းကိုလိုနီစနစ်" ၏ လက်နက်တခု ဖြစ်လာသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲများ ပြန်လည်ကျင်းပခြင်းသည် ဗဟိုနှင့် အစွန်အဖျားအပယ်ခံများဟူသည့် ကွဲပြားမှုကို မကြာခဏ ခြယ်သထုတ်လုပ်နေသည်။ ဗမာလက္ခဏာဝိသေသလွှမ်းမိုးသော ဗဟိုက နိုင်ငံရေးအစီအစဉ်ကို သတ်မှတ်ပြီး၊ အခြားတိုင်းရင်းသားများမှာမူ အမြဲတမ်း ညှိနှိုင်းရသည့် သို့မဟုတ် ခုခံတော်လှန်ရသည့် အခြေအနေသို့ ရောက်ရှိသွားတော့သည်။

သို့ဖြစ်၍ ရွေးကောက်ပွဲများကို ကိုလိုနီစနစ်မှ လွတ်မြောက်စေရေး စီမံကိန်းသည် မဲပေးခွင့်ကို ပယ်ချရန် မဆိုလိုပေ။ ထိုအစား "ရွေးကောက်ပွဲကို အထွတ်အမြတ်ထား ကိုးကွယ်ခြင်း" (Electoral Fetishism) သို့မဟုတ် မဲပုံးတလုံးတည်းကသာ တရားဝင်မှုကို ပေးနိုင်သည်ဟူသော ယုံကြည်ချက်ကို ပယ်ချရန် ဆိုလိုသည်။ နိုင်ငံတော်၏ တည်ဆောက်ပုံကိုယ်တိုင်က (ဆိုလိုသည်မှာ ဗဟိုချုပ်ကိုင်မှု၊ ဗျူရိုကရေစီဆန်မှု၊ အတင်းအကျပ်ပြုမှု စသည့်) ကိုလိုနီပုံစံအတိုင်း ဆက်လက်တည်ရှိနေပါက၊ ရွေးကောက်ပွဲများသည် ဖွဲ့စည်းပုံဆိုင်ရာ မညီမျှမှုများကို ပြောင်းလဲရန်ထက် အလှဆင်ပေးသည့် အဖွဲ့အစည်းဆိုင်ရာ ရိုးရာဓလေ့တခုမျှသာ ဖြစ်သွားမည့် အန္တရာယ်ရှိသည်။

နိုင်ငံရေးဆုံးဖြတ်ချက်ချမှတ်ခြင်းအပေါ် စစ်မှန်သော ကိုလိုနီခေတ်လွန် ချဉ်းကပ်မှုတခုသည် အသိပညာပိုင်းဆိုင်ရာ ပြောင်းလဲမှုကို လိုအပ်သည်။ ကိုလိုနီခေတ်မတိုင်မီက သဘောတူညီမှုတည်ဆောက်သည့် နည်းလမ်းများကို စူးစမ်းလေ့လာရန်နှင့် နိုင်ငံတော်၏အကြမ်းဖက်မှုကို ခုခံတော်လှန်နေကြသည့် မျက်မှောက်ခေတ် လူ့အဖွဲ့အစည်းများက အနောက်တိုင်းမှလာသည့် ဝက်စ်ဖာလိယပုံစံမူဘောင် (Westphalian framework) အပြင်ဘက်မှ ပဋိပက္ခများကို မည်သို့စီမံခန့်ခွဲပြီး သဘောတူညီမှု တည်ဆောက်နေကြသည်ကို ဆန်းစစ်ရန် လိုအပ်သည်။ တာဝန်ခံမှုကို ငါးနှစ်တကြိမ် မဲရုံတခုမှတဆင့် ဘုရင်ငယ်လေးများရွေးသလို မင်းသားကပြရန် ရွေးသလို၊ ဒေါင်လိုက်ချိတ်ဆက်သည့် ဆက်ဆံရေးမျှနှင့် ရပ်ရန်မဟုတ်။ မိမိတို့၏ နာကျင်မှုကို နားလည်မည့်သူများ နေရာရရန် လိုသည်။ အလျားလိုက်၊ စဉ်ဆက်မပြတ်ဖြစ်သော ရပ်ရွာလူထု ပါဝင်ထိတွေ့ဆက်ဆံမှု လုပ်ငန်းစဉ်တခုအဖြစ် သဘောတရားပုံဖော်ရန် လိုအပ်သည်။

ဆိုလိုသည်က မြန်မာနိုင်ငံသည် နောက်ထပ် "အသင့်သုံး ဒီမိုကရေစီ" ဖြေရှင်းချက်တခုကို တင်သွင်းရန်က အဖြေဟု မမှတ်အပ်ပေ။ ထိုအစား အမွေဆက်ခံခဲ့ရသော ရွေးကောက်ပွဲအယူအဆကိုယ်တိုင်ကို ပြင်းပြင်းထန်ထန် မေးခွန်းထုတ်ရန် လိုအပ်သည်။ မဲပေးခြင်းလုပ်ငန်းစဉ်အတွင်း မြှုပ်နှံထားသော ကိုလိုနီမှန်ကူကွက်ကို ဖြိုဖျက်မှသာလျှင်၊ မဲပြားတပြားသည် သမိုင်းဝင်၊ မတရား အဆင့်အတန်းခွဲခြားမှုများကို ပြန်လည်ထုတ်လုပ်သည့် ကိရိယာတခုအဖြစ်မှ၊ စစ်မှန်သော ဖိနှိပ်ရန်မရည်ရွယ်သည့် ကွဲပြားစုံလင်မှုရှိပြီး ညှိနှိုင်းနိုင်ရန် (နိုင်ငံရေးကို တန်းတူဈေးဆစ်နိုင်ရန်) ဖော်ဆောင်ထားသော နိုင်ငံရေးအနာဂတ်၏ အခြေခံအုတ်မြစ်တခု ဖြစ်လာနိုင်ပေမည်။

Comments

Popular posts from this blog

ဖက်ဒရယ်သည် စကားဝိုင်းတခု၊ အိမ်တခု

အိမ်တအိမ်ကို စိတ်ကူးပုံဖော်ကြည့်ပါ။ ဒီအိမ်ကြီးထဲက အခန်းတွေဟာ တခုနဲ့တခု မတူညီကြဘူး။ အခန်းတခန်းမှာ ကလေးပုံပြင်တွေ ကပ်ထားပြီး၊ နောက်တခန်းမှာတော့ သီချင်းသံတွေ ကြားနေရတယ်။ တချို့အခန်းတွေက နံ့သာပေါင်းမီးထွန်းပြီး ဘုရားဝတ်ပြုချိန်မှာ၊ တခြားအခန်းတွေကတော့ ထမင်းလက်ဆုံစားနေကြတယ်။ ဒီအခန်းတွေထဲ နေထိုင်ကြသူတွေဟာ မိသားစုဝင်တွေ ဖြစ်ကြပေမဲ့၊ တပုံစံတည်း တူညီနေသူတွေ မဟုတ်ကြဘူး။ သူတို့ အမြဲတမ်း သဘောထားချင်း တိုက်ဆိုင်နေတာလည်း မဟုတ်ဘူး။ တခါတရံ ရန်ဖြစ်ကြတယ်။ ဒါပေမဲ့ သူတို့အားလုံး သဘောတူထားတဲ့ အချက်တချက်တော့ ရှိတယ်။ အဲဒါကတော့ "ဒီအိမ်ဟာ သူတို့ထဲက တဦးတယောက်တည်း ပိုင်ဆိုင်တာမဟုတ်ဘဲ၊ အားလုံးနဲ့ သက်ဆိုင်တဲ့အိမ် ဖြစ်ရမယ်" ဆိုတဲ့ အချက်ပါပဲ။   ဒါဟာ ဖက်ဒရယ်စနစ်ရဲ့ အနှစ်သာရ၊ ဒါမှမဟုတ် ဖက်ဒရယ်ရဲ့ ဝိညာဉ်ပဲ ဖြစ်တယ်။ အနည်းဆုံးတော့ ဒီလိုပဲ ဖြစ်သင့်တယ်။   ဒါပေမဲ့ ဖြည်းဖြည်းချင်း ပြန်စဉ်းစားကြည့်ရအောင်။ ဖက်ဒရယ်စနစ်ဆိုတာ ဘာလဲ။ (ကျောင်းသုံးစာအုပ်ထဲက အဓိပ္ပာယ်ဖွင့်ဆိုချက်မျိုးမဟုတ်ဘဲ၊ အသက်ဝင်လှုပ်ရှားနေတဲ့ နိုင်ငံရေးအယူအဆတခုအနေနဲ့ မေးချင်တာပါ)။   ဖက်ဒရယ်စနစ်ဆိုတာ မြေပုံမဟုတ်ဘူး၊ စကားဝိုင်းတခုသာ ဖြစ်တယ်။   မြန...

နိုင်ငံရေးသည် ဘာကို အခြေခံမည်နည်း

“နိုင်ငံရေးသည် ဘုံကောင်းကျိုးကို ရှာရန်ဖြစ်သည်” [1] ဟု Hans Sluga မှ ဆိုသည်။ ပူးပေါင်းမှုက နိုင်ငံရေး၏ ဗဟိုချက်ဖြစ်သည်ဟု ယုံကြည်သူတို့အဖို့ ထိုအဆိုသည် အလွန်တန်ဖိုးရှိသော အဆိုဟု ပြောရမည်။ ဘုံကောင်းကျိုးဟူသည့်စကားလုံးမှာ အဓိကသော့ချက် ဖြစ်သည်။ ဘုံကောင်းကျိုးသည် အရေးကြီးသလို အန္တရာယ်လည်း ရှိနိုင်သည်။ ဘုံကောင်းကျိုး၊ သို့မဟုတ် အားလုံးကောင်းစားရေး သို့မဟုတ် အများကောင်းစားရေးဟူသည့် အကြောင်းပြချက်အောက်တွင် စဉ်းစား၍ပင် မရဲလောက်အောင် ဆိုးယုတ်သည့် အပြုအမူများ ဖန်တီးကြသည်။ နာဇီဂျာမနီက ဂျူးတို့ကို သတ်ဖြတ်ရာတွင် ဂျာမန်တို့၏ ကောင်းကျိုးအတွက် သတ်သည်ဟု အကြောင်းပြချက်ပေးခဲ့၏။ လူနည်းစု အခွင့်အရေးအတွက် လုပ်ဆောင်သူတိုင်းက အများကောင်းကျိုးဟူသော စကားလုံးကို သတိကြီးကြီး ထားရမည်ဖြစ်သည်။ ဘုံကောင်းကျိုးကို ပြောရာတွင် သုံးခုကို အဓိက ထောက်ပြစဉ်းစားရန် ရှိသည်။ ပထမချက်က ဘုံကောင်းကျိုးကို ပယ်၍မရဟူသည့်အချက် ဖြစ်သည်။ ဘုံကောင်းကျိုးကို ဦးမတည်လျှင် မည်သည့်အရာကို ဦးတည်မည်နည်း။ ဆိုးကျိုးကို မည်သူမျှ မလိုချင်ပေ။ ဘုံကောင်းကျိုးမရှိလျှင် နိုင်ငံရေးသည် အဓိပ္ပာယ် မရှိ၊ တဦးတစု ကောင်းစားရေးသည် နိုင်ငံရေးမဟုတ်ပေ။ ဒုတိယအချက်မှာ ဘု...