Skip to main content

နိုင်ငံရေးဟူသည် ဘာကိုရည်ညွှန်းကြသနည်း


နိုင်ငံရေးအကြောင်း ပြောကြသည့်အခါ တချို့က ကျဉ်းမြောင်းသော ဖွင့်ဆိုချက်အနေဖြင့် အစိုးရ၏ အုပ်ချုပ်မှုရေးရာများကိုသာ ဆိုလိုကြသလို အချို့ကလည်း အလွန်အမင်း ကျယ်ပြောသော စဉ်းစားချက်ဖြင့် “မီးဖိုချောင်ကိစ္စလဲ နိုင်ငံရေးပဲ” ဟု ဆိုကြပြန်သည်။ မြန်မာဆိုရိုးစကားတွင်တော့ “ကြက်ဥအရောင်၊ တိမ်တောင်သဖွယ် မင်းရေးကျယ်သား”[1] ဟု ဆိုသည့်အတွက် သာမန်လူထုသည် နိုင်ငံရေးရာကို နားလည်ရန် မလွယ်ဟု ဆိုလိုသည်ကို တွေ့ရသည်။ ဂရိခေတ်က မြို့ပြနိုင်ငံ သေးသေးလေးများ ဖြစ်ကြရာ သူတို့အတွက် နိုင်ငံရေးနှင့် လူမှုရေးတို့သည် ကွာဟချက် အလွန်အမင်းကြီးမားမှု မရှိပဲ အပြန်အလှန် ပြောင်းလဲနိုင်သည့်နှယ် ပြောတတ်ကြသည်။[2] အရစ္စတိုတယ်က လူဟူသည်မှာ နိုင်ငံရေး သတ္တဝါဟု ဆိုပေသည်။

၁၉၄၀ ခုနှစ် ဖေဖော်ဝါရီလ ဒဂုန်မဂ္ဂဇင်းမှာတော့ ဗိုလ်ချုပ်အောင်ဆန်းက ယခုလိုရေးပါသည်

"နိုင်ငံရေး ဆိုသော စကားကို ပထမသုံးသပ်ရန်လိုသည်။ "ပြည်ထဲအရေး ပေါက်နှင့်ကျေး၊ ကြက်ဥအရောင် တိမ်တောင် သဖွယ် မင်းရေးကျယ်” စသည်ဖြင့် ရှေးဗမာစကားများတွင် ဖတ်ရ၏။ ဤစကားများကား ကောင်းလည်းကောင်း၏။ ဆိုးလည်းဆိုး၏။ ကောင်းပုံကား နိုင်ငံရေး၏ ခက်ခဲနက်နဲသော အဓိပ္ပါယ်၊ ကျယ်ဝန်းသော အဓိပ္ပါယ် သိမ်မွေ့သော အဓိပ္ပါယ်တို့ကို ဆောင်၏။ ဆိုးပုံကား ကြားရသူများအား လမ်းစရှာ မတွေ့စေဘဲ လူများများ ဆိုင်းတွင် တီးလိုက်တိုင်း မြည်သည့် စည်ကဲ့သို့ ပညာရှိကြီး သဖွယ် လူများအထင်ကြီးအောင် ပြောကောင်းလို့ ပြောသည့် စကားလည်းဖြစ်၏။ ဗမာပြည်၏ နိုင်ငံရေး ရာဇဝင်ကို ပြန်ပြောင်း၍ ကြည့်လျှင် နိုင်ငံရေးဆိုသည်မှာ ဘယ်လိုဟာမျိုးပါဟု တပ်တပ်အပ်အပ် မရှိသည်ကို တွေ့ရ၏။
အမျိုး ဘာသာ သာသနာ ပညာ ဗမာပြည်သည် ဗမာများအဖို့ ဟုမ္မရူး၊ အင်ဒီပင့်ဒင့်၊ ဘုံဝါဒ၊ ဆင်းရဲသား၊ ဝံသာနု စသည်ဖြင့် မီးခိုးမဆုံး မိုးမဆုံးပင်။ တောရွာဒေသရှိ ဗမာအမျိုးမျိုးတို့အတွက်မှာကား တဘောင်၊ စနည်း၊ ဘဝေါများနှင့် မင်းလောင်းတခါပေါ်လိုက် လုပ်လိုက်၊ ရှုံးလိုက်၊ အေးအေးနေလိုက်၊ တခါထပ်ရှုံး၊ ဘုရားလက်သစ်တွေ၊ မှော်ဆရာတွေ၊ ပထမံ ဆရာတွေနှင့် သူတို့နိုင်ငံရေးမှာလည်း လုံးလိုက်ပြားလိုက်နှင့် ဖြစ်နေ၏။ လူငယ်လူရွယ် စိတ်မြန်မြန် ကိုယ်မြန်မြန်တွေကျတော့လည်း ခေတ်ကြီးကို အတင်းပြောင်းချင်သည်။ စိတ်တွေမွှန်ပြီး ဘင်္ဂလားက သူပုန်တွေလို၊ အိုင်ယာလန်က နည်းတွေလို ဒါတွေနဲ့ လွမ်းသူလွမ်း၊ ဆွေးသူဆွေးနေကြ၏။
ဦးဘဘေကြီးကတော့ “နိုင်ငံရေးဆိုတာ အင်မတန်ညစ်ပတ်တဲ့ ခလုတ်ပါ” ဟုဆို၏။ ဦးသိမ်းမောင်ကြီးကတော့ “နိုင်ငံရေးဆိုတာ ကုသိုလ်တစ်ပဲ ငရဲတပိဿာမို့” နိုင်ငံရေးကို မလုပ်တော့ဘူး။ ဦးစောကတော့ ဝါးရင်းတုတ်နှင့် လူမိုက်အားကိုး စခန်းသွား၏။ ဒေါက်တာဘမော်ကလည်း တမျိုး၊ စတာလင်တို့ ဟစ်တလာတို့ကို အားကျ သည်ဆို၏။ အင်္ဂလိပ်လိုအားဖြင့် ပေါ်လစ်တစ် ဆိုသော စကားသည် အင်္ဂလိပ်စကား အစပ်မဟုတ်၊ ပေါ်လစ်တစ်ဆိုသော စကားမှာ ခေါမ တိုင်းခေါ် ဂရိပြည်မှ စတင်ပေါ်ပေါက်လာ၏။ ခေါမစကား (ပေါ်လစ်တီ) ဆိုသော စကားမှဆင်းသက်လာ၏။ အဓိပ္ပါယ်ကား လူများ စုပေါင်းအုပ်ချုပ်မှု ဆို၏။ ထို့ကြောင့် နိုင်ငံရေး ဆိုသည်မှာ လူအများနှင့် ပေါင်းသင်းဆက်ဆံ ကူးလူးအုပ်ချုပ်သောကိစ္စပင် ဖြစ်၏"


ပညာရပ်ရှုထောင့်မှ နိုင်ငံရေးကို ဆွေးနွေးကြလျှင်တော့ Harold Lasswell ၏ “ဘယ်သူက ဘာကို ဘယ်အချိန်မှာ ဘယ်လိုရတာ” ကို ဆုံးဖြတ်ခြင်းက နိုင်ငံရေးဟုလည်းကောင်း၊ အီစတန် (David Easton) ၏ တန်ဖိုးထားမှုများကို ဩဇာသုံး၍ အစီအစဉ်ချခြင်းကပင် နိုင်ငံရေးဟုလည်းကောင်း၊ လက်ဖ်တ်ဝစ်ချ် (Adrian Leftwich) ၏ အသိုင်းအဝိုင်းတခုအတွင်းနှင့် အသိုင်းအဝိုင်းများ အကြားက ပူးပေါင်း-ညှိနှိုင်း-ငြင်းခုန်ခြင်း အားလုံးကိုပင် နိုင်ငံရေးဟုလည်းကောင်း တွေ့ကြရသည်။ လီနင်ကတော့ နိုင်ငံရေးသည် ဘောဂဗေဒကို သိပ်သည်းစွာ သတ္တုချခြင်း (တန်ဖိုးများကို တည်ဆောက်၍ အစီအစဉ်ချခြင်း၏ ဗဟိုချက်) ဟု ဆိုသည်။ အချို့ကလည်း လူထု၏ အရေးအရာများကို လေ့လာခြင်းသည်ပင် နိုင်ငံရေးဟုလည်းကောင်း ဆိုကြသည်။ မော်စီတုန်းကတော့ နိုင်ငံရေးသည် သွေးမထွက်သော စစ်ပွဲဖြစ်ပြီး စစ်ပွဲကတော့ သွေးထွက်သော နိုင်ငံရေးပါပဲဟု ဆိုသည်။ လီဗာ (Michael Leaver) က သန့်စင်သောမေတ္တာနှင့် ကြမ်းကြုတ်သည့် စစ်ပွဲအကြားတွင် နိုင်ငံရေး ရှိသည်ဟု ဆိုသည်။

တကယ်အလုပ်လုပ်ကြမည်၊ ဆွေးနွေးကြမည်ဆိုလျှင် မကျဉ်းလွန်း၊ မကျယ်လွန်းသော ဖွင့်ဆိုမှု လိုအပ်သည်။ လက်တွေ့တွင် နိုင်ငံရေးသည် လူအားလုံးနှင့် ဆိုင်သည်။ သို့ရာတွင် သူ့နေရာ သူ့ကဏ္ဍနှင့်သူ ပါဝင်ရသည်ဖြစ်ပြီး ကျောက်ကျောအလွှာလေးများသဖွယ် အဆင့်ဆင့် ဖွင့်ဆိုနားလည်ရန် လိုအပ်သည်။ နိုင်ငံတကာအဆင့်၊ အစိုးရအဆင့်၊ တက်ကြွလှုပ်ရှားသူအဆင့်၊ ရပ်ရွာအဆင့် နိုင်ငံရေး ရှင်းပြမှုများတွင် ဗဟိုချက် မတူနိုင်ပေ။ စာရေးသူကတော့ ဝါရန် (Mark Warren) ၏ ပဋိပက္ခနှင့် အာဏာ၏ ဆုံမှတ်တွင် နိုင်ငံရေးဖြစ်သည် ဟူသောအဆိုကို အလွန်နှစ်ခြိုက်သည်။[3] ယင်းအဆိုတွင် ပူးပေါင်းမှုကို ရှေ့ရှုခြင်းအား ထည့်သွင်းချင်သည်။ ပူးပေါင်းလာလေလေ နိုင်ငံရေး ဆန်လာလေလေဖြစ်သည်၊ အမြစ်ဖြတ်ရန် စဉ်းစားလာလေလေ စစ်ပွဲဆန်လာလေလေ ဖြစ်သည်ဟု နားလည်နိုင်သည်။

ဘာကြောင့် ပူးပေါင်းခြင်းကို ပဓာန ထားလိုသနည်း။ အဘယ်ကြောင့် ခွဲထုတ်ခြင်း၊ ပူးပေါင်းမရအောင် ကွဲပြားစေခြင်းကို နိုင်ငံရေးဟု မြင်ရန်လိုသနည်း။

လူသည် လူ့အသိုင်းအဝိုင်းအတွင်း မွေးလာရသည်။ တဦးချင်းဟူသည် မရှိမီကပင် လူ့အသိုင်းအဝိုင်းက ရှိနှင့်ပြီးသား ဖြစ်၏။ လူသည် မိမိအသိုင်းအဝိုင်းကို မမွေးခင်က ရွေးချယ်ခွင့် ရခဲ့သည်လည်းမဟုတ်။ မိမိ၏ မွေးဖွားလာမှုနှင့် ငယ်ဘဝတခုလုံး သူတပါး၏ ဆုံးဖြတ်ချက်တွင်သာ ရှင်သန်ရသည်၊ အသိအမြင်များ ရယူရသည်၊ တန်ဖိုးများကို နားလည်ရသည်၊ လောကအမြင် ဖြစ်ပေါ်လာရသည်။[4] ယင်းအချက်များကို အပြစ်တင်စရာလည်း မရှိ။ ကောင်းမွန်သည့် ဘဝနှင့် စိတ်ချမ်းသာမှုကို ရရှိရန် အသက်တာကို အကောင်းဆုံး ဖန်တီးရန်နှင့် ကျေးဇူးတင်ဖို့မှလွဲလျှင် ရွေးချယ်စရာမရှိပေ။ လူဟူသည် အရွယ်ရောက်လာပါလျှင် မိမိဘာသာ ဆုံးဖြတ်ရမည်ဟု ဆိုရမည်။ မိမိတို့သည် အခြားသောလူများနှင့် အတူတူနေထိုင်ကြမည်ဟု ဆုံးဖြတ်ကြလျှင်၊ လူ့အသိုင်းအဝိုင်းအတွင်း မိတ်ဆွေစိတ်နှင့် အချင်းချင်း “သဟဇာတ” ဖြစ်အောင် နေရန်၊ ပူးပေါင်း လုပ်ဆောင်ကြရန် လိုအပ်လေတော့သည်။ ထို့ကြောင့် စာရေးသူအဖို့ ပူးပေါင်းမရအောင် ကွဲပြားစေခြင်း၊ ခွဲခြားထုတ်ခြင်းသည် နိုင်ငံရေး၏ ဆန့်ကျင်ဘက် (ပဋိ) ဖြစ်သည်ဟု မှတ်ယူသည်။

ထို့ကြောင့် စာရေးသူ၏အမြင်အရ ဖွင့်ဆိုရလျှင် “ပဋိပက္ခနှင့် အာဏာ၏ ဆုံရပ်တွင် မည်သို့ မည်ပုံ ပူးပေါင်းနိုင်မည်ကို ရှာဖွေရခြင်းကို နိုင်ငံရေး” ဟု ဆိုချင်သည်။

----------
[1] ကြက်ဥအတွင်းမှ ပေါက်လာမည့် ကြက်အမွေးအရောင် မည်သို့ဖြစ်မည်ကို ခန့်မှန်းရန် မလွယ်ကူ။ ကောင်းကင်ရှိ တိမ်တောင်တိမ်တိုက်များသည်လည်း မည်သည့်အသွင်သဏ္ဌာန် ဖြစ်လာမည်ကို ခန့်မှန်းရန် မလွယ်ကူပေ။ ထို့အတူ တိုင်းရေးပြည်ရေးကိစ္စများသည်လည်း မည်သို့မည်ပုံ ဖြစ်ပေါ်ပြောင်းလဲလာမည်ကို ခန့်မှန်းရန် အလွန်ခက်ခဲသည်ဟု ဆိုလိုသည်။

[2] ဂရိဘာသာစကားဖြင့် "Polis" (ပေါလစ်) သည် ယနေ့ခေတ် "မြို့" ကို ဆိုလိုသည်ထက် ပိုမိုနက်ရှိုင်းသည်။ ၎င်းသည် နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးနှင့် စစ်ရေးဆိုင်ရာ ဘဝတခုလုံးကို စုစည်းထားသည့် လူ့ဘောင်အဖွဲ့အစည်း တခု ဖြစ်သည်။ မြို့နယ်နိမိတ်သာမက၊ ထိုနယ်မြေအတွင်း နေထိုင်သော နိုင်ငံသားများ၏ ဘဝပုံစံ ကိုပါ ကိုယ်စားပြုသည်။ ထို့ကြောင့်၊ အေသင်သားများအတွက် နိုင်ငံရေးဘဝသည် လူမှုဘဝမှ သီးခြားခွဲထုတ်၍ မရသည့်အရာ ဖြစ်သည်။

[3] နိုင်ငံရေးသည် နိုင်ငံ့အရေးမက၊ နိုင်ငံများ မပေါ်ခင်ထဲက ရှိခဲ့သည်။ နိုင်ငံများမပိုင်သည့် လူထုများတွင်လည်း နိုင်ငံရေး ရှိသည်။ နိုင်ငံရေးသည် အစိုးရများနှင့် ဆိုင်သောအရာဟူသည်မှာ ကျဉ်းမြောင်းလွန်းသည်။ နိုင်ငံရေးသည် မီးဖိုချောင်မှစ၍ အကုန်လုံးတွင် ရှိသည်ဟုဆိုလျှင် မဲရရန် ပြော၍ကောင်းသော်လည်း စနစ်တကျ လေ့လာရန် မလွယ်တော့ပဲ ထွေပြားကာ ဟုံသွားမည်။ နိုင်ငံရေးကို လေ့လာလျှင် မည်သည့်ပဋိပက္ခဖြစ်၍ မည်သည့် အာဏာများရှိကာ မည်သူတို့က ပူးပေါင်း လုပ်ဆောင်ကြသနည်းဟု လေ့လာခြင်းက အတော်ထက်မြက်သည့် မူဘောင်တခု၊ တကယ်အလုပ်ဖြစ်သည့် မူဘောင်တခု ပေးနိုင်လေသည်။ (Mark E. Warren. (1999). What is political?)

[4] ငယ်စဉ်ဘဝ လူမှုဘဝပုံဖော်မှု (Primary Socialization) ကာလတွင်၊ လူတဦး၏ ကိုယ်ရည်ကိုယ်သွေး (Personality)၊ အခြေခံ လောကအမြင် (Worldview) နှင့် ကိုယ့်ကိုယ်ကို တန်ဖိုးဖြတ်မှု (Self-concept) တို့သည် မိသားစုနှင့် အနီးဆုံးပတ်ဝန်းကျင် (Significant Others) တို့၏ လွှမ်းမိုးမှုအောက်တွင်သာ လုံးဝနီးပါး မူဟန်ပုံပေါ်လာပြီး၊ မွေးဖွားလာသည့် အသိုင်းအဝိုင်းက ချမှတ်ပေးသည့် လူမှုဖွဲ့စည်းပုံ (ဥပမာ- ဘာသာရေး၊ လူမျိုး၊ စီးပွားရေးအဆင့်အတန်း) မှ အခြေခံသည်ဟု ဆိုလိုသည်။ ကလေးတဦးကို ဘော်ဒါဆောင်မှ ပုံဖော်ပေးသလိုပင် လူတဦးကို လူ့အသိုင်းအဝိုင်းကြီး တခုလုံးက ဘာတွေး၊ ဘာကို ဘယ်လိုခံစား၊ ဘာက အကောင်းအဆိုးဟူ၍ ဝိုင်းသင်ပေးလိုက်သလိုပင် ဖြစ်ပေသည်။

Comments

Popular posts from this blog

ဖက်ဒရယ်သည် စကားဝိုင်းတခု၊ အိမ်တခု

အိမ်တအိမ်ကို စိတ်ကူးပုံဖော်ကြည့်ပါ။ ဒီအိမ်ကြီးထဲက အခန်းတွေဟာ တခုနဲ့တခု မတူညီကြဘူး။ အခန်းတခန်းမှာ ကလေးပုံပြင်တွေ ကပ်ထားပြီး၊ နောက်တခန်းမှာတော့ သီချင်းသံတွေ ကြားနေရတယ်။ တချို့အခန်းတွေက နံ့သာပေါင်းမီးထွန်းပြီး ဘုရားဝတ်ပြုချိန်မှာ၊ တခြားအခန်းတွေကတော့ ထမင်းလက်ဆုံစားနေကြတယ်။ ဒီအခန်းတွေထဲ နေထိုင်ကြသူတွေဟာ မိသားစုဝင်တွေ ဖြစ်ကြပေမဲ့၊ တပုံစံတည်း တူညီနေသူတွေ မဟုတ်ကြဘူး။ သူတို့ အမြဲတမ်း သဘောထားချင်း တိုက်ဆိုင်နေတာလည်း မဟုတ်ဘူး။ တခါတရံ ရန်ဖြစ်ကြတယ်။ ဒါပေမဲ့ သူတို့အားလုံး သဘောတူထားတဲ့ အချက်တချက်တော့ ရှိတယ်။ အဲဒါကတော့ "ဒီအိမ်ဟာ သူတို့ထဲက တဦးတယောက်တည်း ပိုင်ဆိုင်တာမဟုတ်ဘဲ၊ အားလုံးနဲ့ သက်ဆိုင်တဲ့အိမ် ဖြစ်ရမယ်" ဆိုတဲ့ အချက်ပါပဲ။   ဒါဟာ ဖက်ဒရယ်စနစ်ရဲ့ အနှစ်သာရ၊ ဒါမှမဟုတ် ဖက်ဒရယ်ရဲ့ ဝိညာဉ်ပဲ ဖြစ်တယ်။ အနည်းဆုံးတော့ ဒီလိုပဲ ဖြစ်သင့်တယ်။   ဒါပေမဲ့ ဖြည်းဖြည်းချင်း ပြန်စဉ်းစားကြည့်ရအောင်။ ဖက်ဒရယ်စနစ်ဆိုတာ ဘာလဲ။ (ကျောင်းသုံးစာအုပ်ထဲက အဓိပ္ပာယ်ဖွင့်ဆိုချက်မျိုးမဟုတ်ဘဲ၊ အသက်ဝင်လှုပ်ရှားနေတဲ့ နိုင်ငံရေးအယူအဆတခုအနေနဲ့ မေးချင်တာပါ)။   ဖက်ဒရယ်စနစ်ဆိုတာ မြေပုံမဟုတ်ဘူး၊ စကားဝိုင်းတခုသာ ဖြစ်တယ်။   မြန...

မဲပုံးထဲက ကိုလိုနီမှန်ကူကွက်

မျက်မှောက်ခေတ် နိုင်ငံရေးစကားဝိုင်းများတွင် ရွေးကောက်ပွဲများကို တရားဝင်အစိုးရတရပ် ဖြစ်တည်လာရေးအတွက် မရှိမဖြစ်လိုအပ်ချက်တခုအဖြစ်၊ ပြည်သူ့အချုပ်အခြာအာဏာကို ဖော်ထုတ်ပြသသည့် "သဘာဝကျသော" “အမြင့်ဆုံးယန္တရားတခုအဖြစ် မကြာခဏ ပုံဖော်လေ့ရှိကြသည်။ သို့သော် ကိုလိုနီခေတ်လွန် လွတ်မြောက်ရေးရှုထောင့်မှ ဝေဖန်ဆန်းစစ်ကြည့်လျှင် မြန်မာနိုင်ငံက အမွေဆက်ခံခဲ့သော ရွေးကောက်ပွဲပုံစံသည် အရောင်မပါသည့်အုပ်ချုပ်ရေး လုပ်ထုံးလုပ်နည်းတခုနှင့် များစွာ ကွာခြားနေသည်ကို တွေ့ရမည်ဖြစ်သည်။ အမှန်စင်စစ် ထိုရွေးကောက်ပွဲပုံစံသည် ကိုလိုနီခေတ် တရားဝင်ကုန်ဆုံးသွားပြီးနောက်တွင်ပင် ဆက်လက်ရှင်သန်နေသော "ကိုလိုနီအာဏာတည်ဆောက်ပုံ" ၏ ထင်ရှားသည့် သက်သေသာဓကတခုပင် ဖြစ်သည်။ ရွေးကောက်ပွဲယန္တရား၏ သမိုင်းအမြစ်များကို မေးခွန်းမထုတ်ဘဲ "ရွေးကောက်ပွဲများက ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ပေးသည်" ဟု အခိုင်အမာဆိုခြင်းသည် အာဏာကို မည်သို့ဖွဲ့စည်းပုံဖော်ထားပုံ၊ လူဦးရေကို မည်သို့အမျိုးအစားခွဲခြားပုံ၊ မည်သူတို့ကို တရားဝင်နိုင်ငံရေးသမားအဖြစ် သတ်မှတ်ပုံတို့နှင့် ပတ်သက်သည့် ကိုလိုနီခေတ်က စိတ်ကူးပုံဖော်မှုကို မရည်ရွယ်ဘဲ ပြန်လည်ထုတ်လုပ်...

နိုင်ငံရေးသည် ဘာကို အခြေခံမည်နည်း

“နိုင်ငံရေးသည် ဘုံကောင်းကျိုးကို ရှာရန်ဖြစ်သည်” [1] ဟု Hans Sluga မှ ဆိုသည်။ ပူးပေါင်းမှုက နိုင်ငံရေး၏ ဗဟိုချက်ဖြစ်သည်ဟု ယုံကြည်သူတို့အဖို့ ထိုအဆိုသည် အလွန်တန်ဖိုးရှိသော အဆိုဟု ပြောရမည်။ ဘုံကောင်းကျိုးဟူသည့်စကားလုံးမှာ အဓိကသော့ချက် ဖြစ်သည်။ ဘုံကောင်းကျိုးသည် အရေးကြီးသလို အန္တရာယ်လည်း ရှိနိုင်သည်။ ဘုံကောင်းကျိုး၊ သို့မဟုတ် အားလုံးကောင်းစားရေး သို့မဟုတ် အများကောင်းစားရေးဟူသည့် အကြောင်းပြချက်အောက်တွင် စဉ်းစား၍ပင် မရဲလောက်အောင် ဆိုးယုတ်သည့် အပြုအမူများ ဖန်တီးကြသည်။ နာဇီဂျာမနီက ဂျူးတို့ကို သတ်ဖြတ်ရာတွင် ဂျာမန်တို့၏ ကောင်းကျိုးအတွက် သတ်သည်ဟု အကြောင်းပြချက်ပေးခဲ့၏။ လူနည်းစု အခွင့်အရေးအတွက် လုပ်ဆောင်သူတိုင်းက အများကောင်းကျိုးဟူသော စကားလုံးကို သတိကြီးကြီး ထားရမည်ဖြစ်သည်။ ဘုံကောင်းကျိုးကို ပြောရာတွင် သုံးခုကို အဓိက ထောက်ပြစဉ်းစားရန် ရှိသည်။ ပထမချက်က ဘုံကောင်းကျိုးကို ပယ်၍မရဟူသည့်အချက် ဖြစ်သည်။ ဘုံကောင်းကျိုးကို ဦးမတည်လျှင် မည်သည့်အရာကို ဦးတည်မည်နည်း။ ဆိုးကျိုးကို မည်သူမျှ မလိုချင်ပေ။ ဘုံကောင်းကျိုးမရှိလျှင် နိုင်ငံရေးသည် အဓိပ္ပာယ် မရှိ၊ တဦးတစု ကောင်းစားရေးသည် နိုင်ငံရေးမဟုတ်ပေ။ ဒုတိယအချက်မှာ ဘု...