Skip to main content

ပြန်ထပ်ပုံစံ (Pattern) များအား နားလည်ခြင်း

စာရေးသူတို့ လူသားတွေမှာ မွေးကတည်းက ပါလာတဲ့ ထူးခြားတဲ့ စွမ်းရည်တခု ရှိတယ်။ အဲ့ဒါကတော့ "ပုံစံ" (Patterns) တွေကို အလိုလို ရှာဖွေတတ်တာပါပဲ။


ကလေးဘဝတုန်းက အမေပြုံးပြရင် ကိုယ်က လိုက်ပြုံးလိုက်တယ်၊ အဲ့ဒီအခါ အမေက ပိုချစ်မှန်း သိလာတယ်။ ဒီလိုနဲ့ "အပြုံး = မေတ္တာ" ဆိုတဲ့ ပုံစံကို မှတ်သားခဲ့ကြတယ်။ ကြီးလာတော့လည်း တိမ်မည်းတွေ တက်လာရင် မိုးရွာတော့မယ်ဆိုတာ ဘယ်သူမှ သင်ပေးစရာမလိုဘဲ သိကြတယ်။ လူတယောက် ဒေါသထွက်ခါနီးရင် လေသံမာလာတာ၊ မျက်နှာပျက်လာတာတွေကို ကြည့်ပြီး ကျွန်တော်တို့ ရှောင်ဖယ်တတ်ကြတယ်။


ဒီလို "အကဲခတ်တတ်တဲ့ စွမ်းရည်" သာ မရှိရင် ကျွန်တော်တို့ဘဝတွေ တော်တော်လေး ရှုပ်ထွေးနေမှာပါ။


ဦးနှောက်က ဖြတ်လမ်းလိုက်တဲ့အခါ

ဒါပေမဲ့ ပြဿနာက ဒီစွမ်းရည်က အမြဲတမ်း မမှန်ကန်တာပါပဲ။ ကျွန်တော်တို့ ဦးနှောက်က ဆက်စပ်မှုတွေကို ရှာရတာ အရမ်းဝါသနာကြီးလွန်းတော့ တခါတလေ မဆိုင်တာတွေကိုပါ အတင်းလိုက်ဆက်စပ်ပြီး ဇာတ်လမ်းဆင်တတ်တယ်။

ဆိုပါစို့။ လောင်းကစားဝိုင်းမှာ သုံးခါဆက်တိုက် ရှုံးနေပြီဆိုရင် "ဟာ... ဒီလောက်ရှုံးထားတာ ဒီတစ်ခါတော့ နိုင်တော့မှာပါ" လို့ ထင်တတ်ကြတယ်။ တကယ်တော့ ဖဲချပ်တွေ၊ အန်စာတုံးတွေမှာ မှတ်ဉာဏ်မရှိပါဘူး။ အရင်ပွဲ ရှုံးတာနဲ့ ဒီပွဲ နိုင်မလားဆိုတာ ဘာမှ မဆိုင်ပါဘူး။ ဒါပေမဲ့ ကိုယ့်စိတ်နဲ့ကိုယ် "နိုင်ရမယ့် အလှည့်ရောက်ပြီ" ဆိုတဲ့ ပုံစံတခု ဖန်တီးပြီး ကိုယ့်ကိုယ်ကိုယ် လှည့်စားတတ်ကြတယ်။ ကျီးကန်းသာတာနဲ့ ဧည့်သည်လာတာ မဆိုင်ပေမယ့် တိုက်ဆိုင်တာကိုပဲ အမှန်လို့ စွဲမှတ်နေသလိုပေါ့။


နိုင်ငံရေးနဲ့ လူမှုဘဝထဲက ပုံစံများ

ဒီအချက်က နိုင်ငံရေးနဲ့ လူမှုရေးမှာ ပိုကြောက်စရာကောင်းပါတယ်။ နိုင်ငံရေးသမားတယောက်က စိတ်လှုပ်ရှားစရာ ကတိတွေပေး၊ လူထုက ယုံကြည်၊ နောက်ဆုံးတော့ ဘာမှဖြစ်မလာ... ဒီလို ဇာတ်လမ်းတွေ ခဏခဏ ဖြစ်နေတာကို မြင်ဖူးကြမှာပါ။

ဒါပေမဲ့ ကျွန်တော်တို့က အဲ့ဒီ "ပုံစံခွက်" (Pattern) ထဲမှာပဲ ပိတ်မိနေတတ်ကြတယ်။ ဒီလူက အသံကျယ်ကျယ်နဲ့ ပြောလိုက်ရင် မှန်မယ်ထင်တာမျိုး၊ ကိုယ်နဲ့ အမြင်မတူတဲ့လူကို ရန်သူလို့ သတ်မှတ်လိုက်တာမျိုးတွေဟာ မိမိတို့ ဦးနှောက်က အလွယ်လိုက်ပြီး ကောက်ချက်ချလိုက်တဲ့ အမှားတွေပါပဲ။


ဘယ်လို ပြင်ဆင်ကြမလဲ

ဒါကြောင့် "ငါမြင်တာ အမှန်ပဲ" လို့ ချက်ချင်း မဆုံးဖြတ်ဘဲ မေးခွန်းထုတ်တတ်ဖို့ လိုလာပါပြီ။

၁။ ဒီကိစ္စက တကယ်ရော ဆက်စပ်မှု ရှိရဲ့လား။ (ဒါမှမဟုတ် တိုက်ဆိုင်တာလား)

၂။ အမြဲတမ်း ဒီလိုပဲ ဖြစ်နေတာ ဘာကြောင့်လဲ။

၃။ ဒီပုံစံဝိုင်းကြီးထဲက ရုန်းထွက်ဖို့ တခြားနည်းလမ်း ရှိမလား။


နယူတန်ဟာ ပန်းသီးကြွေတာကို မြင်နေကျအတိုင်း မကြည့်ဘဲ "ဘာလို့ အောက်ကိုပဲ ကျတာလဲ" လို့ မေးခွန်းထုတ်ခဲ့လို့ ကမ္ဘာ့သမိုင်း ပြောင်းလဲခဲ့တာပါ။ ကျွန်တော်တို့လည်း ကိုယ့်ပတ်ဝန်းကျင်က ဖြစ်ရိုးဖြစ်စဉ်တွေကို ဒီအတိုင်း လက်မခံဘဲ "ဘာကြောင့်လဲ" လို့ မေးခွန်းထုတ်နိုင်မှသာ အမှားကင်းပြီး ပိုကောင်းတဲ့ အဖြေတွေကို ရှာတွေ့နိုင်မှာ ဖြစ်ပါတယ်။

Comments

Popular posts from this blog

မဲပုံးထဲက ကိုလိုနီမှန်ကူကွက်

မျက်မှောက်ခေတ် နိုင်ငံရေးစကားဝိုင်းများတွင် ရွေးကောက်ပွဲများကို တရားဝင်အစိုးရတရပ် ဖြစ်တည်လာရေးအတွက် မရှိမဖြစ်လိုအပ်ချက်တခုအဖြစ်၊ ပြည်သူ့အချုပ်အခြာအာဏာကို ဖော်ထုတ်ပြသသည့် "သဘာဝကျသော" “အမြင့်ဆုံးယန္တရားတခုအဖြစ် မကြာခဏ ပုံဖော်လေ့ရှိကြသည်။ သို့သော် ကိုလိုနီခေတ်လွန် လွတ်မြောက်ရေးရှုထောင့်မှ ဝေဖန်ဆန်းစစ်ကြည့်လျှင် မြန်မာနိုင်ငံက အမွေဆက်ခံခဲ့သော ရွေးကောက်ပွဲပုံစံသည် အရောင်မပါသည့်အုပ်ချုပ်ရေး လုပ်ထုံးလုပ်နည်းတခုနှင့် များစွာ ကွာခြားနေသည်ကို တွေ့ရမည်ဖြစ်သည်။ အမှန်စင်စစ် ထိုရွေးကောက်ပွဲပုံစံသည် ကိုလိုနီခေတ် တရားဝင်ကုန်ဆုံးသွားပြီးနောက်တွင်ပင် ဆက်လက်ရှင်သန်နေသော "ကိုလိုနီအာဏာတည်ဆောက်ပုံ" ၏ ထင်ရှားသည့် သက်သေသာဓကတခုပင် ဖြစ်သည်။ ရွေးကောက်ပွဲယန္တရား၏ သမိုင်းအမြစ်များကို မေးခွန်းမထုတ်ဘဲ "ရွေးကောက်ပွဲများက ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ပေးသည်" ဟု အခိုင်အမာဆိုခြင်းသည် အာဏာကို မည်သို့ဖွဲ့စည်းပုံဖော်ထားပုံ၊ လူဦးရေကို မည်သို့အမျိုးအစားခွဲခြားပုံ၊ မည်သူတို့ကို တရားဝင်နိုင်ငံရေးသမားအဖြစ် သတ်မှတ်ပုံတို့နှင့် ပတ်သက်သည့် ကိုလိုနီခေတ်က စိတ်ကူးပုံဖော်မှုကို မရည်ရွယ်ဘဲ ပြန်လည်ထုတ်လုပ်...

ကိုလိုနီလက်အတွင်းမှ ဆွဲထုတ်ခြင်းမိတ်ဆက်

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရရှိသည်မှာ နှစ်ပေါင်း ခုနစ်ဆယ်ကျော် ရှိပြီဖြစ်သော်လည်း၊ ပြည်သူလူထုက မျှော်မှန်းခဲ့သော တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ကို အပြည့်အဝ မရရှိသေးသည်မှာ အားလုံးအသိပင်ဖြစ်သည်။ စာရေးသူတို့၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုဘဝများတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသော စနစ်ကျသည့် ပြဿနာများ ရှိနေသည်။ ဤပြဿနာများ၏ အရင်းခံကို နားလည်ရန်နှင့် လက်ရှိတော်လှန်ရေး၏ ပန်းတိုင်များကို ပိုမိုတိကျစွာ ပုံဖော်နိုင်ရန် "ကိုလိုနီစနစ်၏ အမွေအနှစ်များကို ချေဖျက်ခြင်း" (Decolonization) ဟူသော သဘောတရားကို စနစ်တကျ လေ့လာသုံးသပ်ရန် လိုအပ်ပေသည်။ ဤစာတွင် Decolonization ဆိုသည်မှာ မည်သည့်အရာများကို ဆိုလိုပုံ၊ မြန်မာနိုင်ငံ၏ သမိုင်းနှင့် လက်ရှိအခြေအနေများအတွက် ယင်း သဘောတရားကို မည်သို့ လက်တွေ့ကျကျ အသုံးချနိုင်ပုံ၊ ထို သဘောတရားသည် မည်မျှ နက်ရှိုင်းသော ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ အပြောင်းအလဲများကို တောင်းဆိုနေပုံတို့ကို ဆွေးနွေးရန်ဖြစ်ပါသည်။   Decolonization ၏ အခြေခံသဘောတရားကို ပြန်လည်နားလည်ခြင်း Decolonization ကို "ကိုလိုနီအုပ်ချုပ်သူများ ထွက်ခွာသွားခြင်း" ဟု ရိုးရှင်းစွာ နာ...

"၁၃၅ မျိုး" ဆိုတာ မနုဿဗေဒ သဘောတရားလား၊ နိုင်ငံရေးထောင်ချောက်လား

မြန်မာ့နိုင်ငံရေး ရေစီးကြောင်းထဲမှာ စာရေးသူတို့ နားယဉ်နေခဲ့တဲ့ ကိန်းဂဏန်းတခု ရှိပါတယ်။ ဒါကတော့ တိုင်းရင်းသား ၁၃၅ မျိုးဆိုတဲ့ အမှတ်အသားပါပဲ။ ဒီကိန်းဂဏန်းကို မတူကွဲပြားကြွယ်ဝခြင်းရဲ့ ပြယုဂ်အဖြစ် ယေဘုယျ လက်ခံထားကြပေမဲ့ ဒီစာရင်းဟာ ရိုးရှင်းတဲ့ လူမျိုးစုစာရင်းအင်းတခု သက်သက် မဟုတ်ဘူး ဆိုတာကို တံပိုးသံစာစဉ်ရဲ့ "ဗဟုအမျိုးသားဖြစ်တည်မှုနှင့် မြန်မာ့ဇာတ်ကြောင်း ပြန်ပြောင်းသုံးသပ်ရာဝယ်" စာတမ်းမှာ ဆွေးနွေးထားပါတယ်။ နိုင်ငံရေးသိပ္ပံရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ဒီစာရင်းဟာ လူ့အဖွဲ့အစည်းတရပ်ကို နိုင်ငံရေးအင်အားစုအဖြစ် မစုစည်းနိုင်အောင် အက်တမ်မြူမှုန်တွေသဖွယ် တစစီချေမွဖြိုခွဲလိုက်တဲ့ (Social Atomization) ဖြစ်စဉ်တခုအဖြစ် ရှုမြင်နိုင်စရာ အကြောင်းရင်းတွေ ရှိနေပါတယ်။ "၁၃၅" ဆိုတဲ့ ဂဏန်းရဲ့ ဇာစ်မြစ်ကို ပြန်ကောက်ကြည့်ဖို့ လိုပါလိမ့်မယ်။ ဒီစာရင်းဟာ အစောပိုင်း အချက်အလက်အမှားတွေကို ပုံပျက်ပန်းပျက် ကိုးကားပြီး ၁၉၉၀ ဝန်းကျင် စစ်အစိုးရလက်ထက်ကျမှ တရားဝင် ခိုင်ခိုင်မာမာ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ မနုဿဗေဒပညာရှင်တွေရဲ့ စနစ်ကျတဲ့ သုတေသနပြုချက်တွေပေါ် အခြေခံထားတာထက် နိုင်ငံရေးရည်ရွယ်ချက်နဲ့ စုစည်းထားတာဖြစ်...