"နယ်မြေ" ဆိုတဲ့ကိစ္စကို စဉ်းစားမိတိုင်း ဖက်ဒရယ်စနစ်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တိုင်းရင်းသားအခွင့်အရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ စတဲ့ စကားလုံးတွေနဲ့ပဲ အမြဲလိုလို တွဲမြင်မိတတ်ပါတယ်။ အရင်တုန်းကတော့ "နယ်မြေ" ဆိုတာ လူမျိုးတမျိုးက သူတို့ရဲ့ ဘာသာစကား၊ ယဉ်ကျေးမှုနဲ့ သယံဇာတတွေကို ကာကွယ်ဖို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုရမယ့် နေရာတစ်ခုလို့ပဲ အဓိကမြင်ခဲ့ဖူးပါတယ်။
ဒါပေမယ့် သေချာတွေးကြည့်လေလေ၊ ဒီအမြင်က မှန်ပေမယ့် မပြည့်စုံဘူးလို့ ခံစားလာရလေလေပါပဲ။ နယ်မြေဆိုတာ လူမျိုးစုတခုဖြစ်တည်လာလို့ ရလာတဲ့ အခွင့်အရေးသက်သက် မဟုတ်ပါဘူး။ တကယ်တော့ နယ်မြေဆိုတာ "နိုင်ငံရေးအမွေအနှစ်တွေ မြေပြင်ပေါ်မှာ ထင်ရှားသက်ဝင်လာတဲ့ နေရာ" တခုမဟုတ်လား။
နိုင်ငံရေးအမွေအနှစ်ဆိုတာ အတိတ်က ဘုရင်ခေတ် ဇာတ်လမ်းတွေ၊ ရိုးရာယဉ်ကျေးမှုတွေချည်းပဲဖြင့် မဟုတ်ပါ။ အဲဒါဟာ လူတွေ နေရာတခုမှာ အတူတူ နေထိုင်ခဲ့ကြ၊ ကိုယ့်ဖာသာ အုပ်ချုပ်ခဲ့ကြ၊ ပြဿနာတွေ ဖြေရှင်းခဲ့ကြ၊ အသက်မွေးဝမ်းကျောင်းတွေ ဖန်တီးခဲ့ကြ၊ ရန်သူကို ခုခံခဲ့ကြတဲ့ စုပေါင်းလှုပ်ရှားမှုတွေလို့ ပြန်မြင်ပါစို့။ အဲဒီလို အချိန်နဲ့အမျှ သယ်ဆောင်လာတဲ့ နိုင်ငံရေးအမှတ်တရတွေကို မြေပြင်ပေါ်မှာ လက်တွေ့အကောင်အထည်ဖော်လိုက်တဲ့အခါ "နယ်မြေ" ဆိုတာ ဖြစ်လာပါတော့တယ်။
ဒါကြောင့် "ဒီမြေကို ဘယ်သူပိုင်လဲ" လို့ မေးလိုက်ရင် မေးခွန်းက ကျီးမကျ၊ ကြက်မမြောက် ဖြစ်ပါလေရော။ "ဒီနေရာမှာ ဘယ်လို နိုင်ငံရေးဆက်ဆံရေးတွေ ရှိခဲ့လဲ၊ အခုထိ ဘာတွေကျန်သေးလဲ၊ ဒါတွေကို ဆက်ထိန်းထားတာ ဘယ်သူလဲ၊ အနာဂတ်အတွက် ဘယ်သူ့မှာ ဆုံးဖြတ်ခွင့်ရှိလဲ" ဆိုတာကို ပြောင်းမေးဖို့ လိုလာပါပြီ။ "ပိုင်ဆိုင်ခြင်း" ထက် "ပတ်သက်နွှယ်စပ်ခွင့်ရှိခြင်း" ဆိုတဲ့ စကားလုံးက ပိုမှန်ပါလိမ့်မယ်။ ပိုင်ဆိုင်မှုက အကြွင်းမဲ့ဖြစ်လွယ်ပေမယ့်၊ ပတ်သက်ခွင့်ကတော့ အပြန်အလှန် ဆက်ဆံရေးတွေနဲ့ သက်ဆိုင်နေလို့ပါ။ လူ့အဖွဲ့အစည်းအများအပြားဟာ နယ်မြေတခုတည်းအပေါ်မှာ သမိုင်းကြောင်းအရ အရေးပါတဲ့ ပတ်သက်မှုတွေ ကိုယ်စီရှိနေနိုင်ပါတယ်။
နိုင်ငံတကာစံနှုန်းတွေက အကူအညီပေးပေမယ့် ပြဿနာကို အကုန်မဖြေရှင်းနိုင်ဘူး
နိုင်ငံတကာ အခွင့်အရေးစံနှုန်းတွေ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေက တော်တော်လေး အသုံးဝင်ပါတယ်။ ဒါမရှိရင် အစိုးရတွေက ဌာနေတိုင်းရင်းသားတွေကို ယဉ်ကျေးမှုအရ "လက်ခံ" ပေးရုံသက်သက်နဲ့ နိုင်ငံရေးအခွင့်အရေးမရှိတဲ့ "အုပ်ချုပ်ခံလူတန်းစား" အဖြစ် အလွယ်တကူ သတ်မှတ်ပစ်သလို မျက်လှည့်ပြလိုက်နိုင်တယ်။
ဒါပေမယ့် အားနည်းချက်တခုလည်း ရှိတယ်။ လူ့အဖွဲ့အစည်းတခုကို "လူနည်းစု (Minority)" လို့ သတ်မှတ်လိုက်တဲ့အခါ သူတို့ကို အကာအကွယ်ပေးရမယ်လို့ ဆိုလိုပေမယ့်၊ နိုင်ငံရေးအရတော့ အဆင့်လျှော့ချလိုက်သလို ဖြစ်သွားတတ်တယ်။ သမိုင်းကြောင်းအရ ကိုယ်ပိုင်နိုင်ငံရေးအစဉ်အလာရှိခဲ့တဲ့ လူမျိုးတစ်မျိုးကို "မင်းတို့က နိုင်ငံတော်ကြီးထဲက လူနည်းစုလေးပါ၊ မင်းတို့ရဲ့ နိုင်ငံရေးသမိုင်းက ပြီးသွားပြီ" လို့ ပြောလိုက်တာဟာ သူတို့ရဲ့ နိုင်ငံရေးအမွေအနှစ်ကို ဖျောက်ဖျက်လိုက်တာနဲ့ တူပါတယ်။
ဒီတော့ အခွင့်အရေးဆိုတဲ့ စကားလုံးတစ်ခုတည်းနဲ့ "ဒီနယ်မြေမှာ ဘယ်သူက အဓိက နိုင်ငံရေးဇာတ်ကောင် (Political Subject) လဲ" ဆိုတာကို အဖြေမပေးနိုင်ပါဘူး။ တစ်ဦးချင်း နိုင်ငံသားလား၊ လူနည်းစုလား၊ လူမျိုးတစ်မျိုးလား၊ နိုင်ငံတော်လား ဆိုတာ ကွဲလွဲနေတုန်းပါပဲ။ ဒါကြောင့် ဖက်ဒရယ်စနစ်ဆိုတာ အပေါ်က ဗဟိုအစိုးရကနေ အောက်ကို အခွင့်အာဏာတွေ ခွဲပေးလိုက်ရုံနဲ့ မရဘဲ၊ အောက်က တိုင်းရင်းသားလူ့အဖွဲ့အစည်းတွေ ကိုယ်တိုင်က အာဏာကို စုစည်းပြီး အပေါ်ကို ပြန်မျှဝေတဲ့စနစ်မျိုး ဖြစ်ဖို့ လိုပါတယ်။
အမြင်မတူတဲ့ နိုင်ငံရေးကမ္ဘာများ
လူတွေဟာ မြေကြီးတနေရာတည်းမှာ အတူတူရပ်နေပေမယ့် ခံယူထားတဲ့ နိုင်ငံရေးကမ္ဘာတွေကတော့ မတူကြဘူး။
ဗဟိုအစိုးရရှုထောင့်ကနေကြည့်ရင် နိုင်ငံအတွင်း ဘယ်နေရာမဆို နိုင်ငံသားအားလုံး တန်းတူသွားလာနေထိုင်ခွင့်ရှိရမယ်။ ဒေသတခုကို လူမျိုးတမျိုးတည်းက သီးသန့်ပိုင်ဆိုင်တာမျိုးက ခွဲထွက်ရေးကို ဦးတည်တယ်လို့ မြင်တယ်။ (ခွဲထွက်သွားမှာကို ကြောက်တယ်)
တိုင်းရင်းသားတွေဘက်က ကြည့်ပြန်တော့: သူတို့ရဲ့ ဘာသာစကား၊ ယဉ်ကျေးမှု၊ မြေယာတွေကို ထိန်းသိမ်းထားတဲ့ ဒီနယ်မြေထဲကို အခြားသူတွေ အကန့်အသတ်မရှိ ဝင်လာတာ၊ ဗဟိုရဲ့ ယဉ်ကျေးမှုတွေ လွှမ်းမိုးလာတာဟာ သူတို့ကို တဖြည်းဖြည်း ဝါးမျိုသွားမယ့် အန္တရာယ်လို့ မြင်ကြတယ်။ (ပျောက်ကွယ်သွားမှာကို ကြောက်တယ်)
ဒီအကြောက်တရား နှစ်ခုစလုံးမှာ ကိုယ်ပိုင်အကြောင်းပြချက်တွေ ရှိကြတယ်။ တဖက်နဲ့တဖက် "မင်းတို့အမြင်က မှားတယ်" လို့ ငြင်းခုံနေမယ့်အစား၊ တဖက်က လိုချင်တာရသွားရင် ကိုယ့်ဘက်က ဘာတွေများ ဆုံးရှုံးသွားမလဲ (ဥပမာပြောရရင် တိုင်းပြည်ကွဲသွားမလား၊ လူမျိုးပျောက်သွားမလား) ဆိုတဲ့ အကြောက်တရားတွေကို နားလည်အောင် လုပ်ဖို့က ပိုအရေးကြီးပါတယ်။
နိုင်ငံတော်၊ အရင်းအနှီးနဲ့ စစ်တပ်တို့ရဲ့ လက်ဝါးကြီးအုပ်မှု
ခေတ်သစ်နိုင်ငံတော်တွေက အရာရာကို သူတို့ပဲ လက်ဝါးကြီးအုပ်ချင်ကြတယ်။ ဘယ်ဥပဒေက အတည်လဲ၊ ဘယ်သမိုင်းက အစစ်လဲ၊ ဘယ်ဟာက တရားဝင်လဲ ဆိုတာတွေကို သူတို့ပဲ သတ်မှတ်ချင်တယ်။ မြန်မာနိုင်ငံက "ဗမာပြုအုပ်ချုပ်ခြင်း/ဗမာဇာတ်သွင်းခြင်း" (Burmanization) ဆိုတာလည်း ဒီသဘောတရားပါပဲ။ ဌာနေတိုင်းရင်းသားတွေရဲ့ သမိုင်းဝင် နိုင်ငံရေးဖြစ်တည်မှုကို "အုပ်ချုပ်ရေးနယ်မြေ" အဖြစ် လျှော့ချပစ်လိုက်တယ်။ သူတို့ရဲ့ ဥပဒေကို "ဓလေ့ထုံးတမ်း" အဆင့်၊ သူတို့ရဲ့ တော်လှန်ရေးကို "သောင်းကျန်းမှု" အဆင့် လျှော့ချပစ်လိုက်တယ်။ ရုပ်ပိုင်းဆိုင်ရာအရ ဘာမှမပျောက်သွားပေမယ့် နိုင်ငံရေးအဆင့်အတန်းတွေကို အောက်ခြေအထိ ဆွဲချပစ်လိုက်တာလို့ ပြောရမှာပါ။
အရင်းရှင်/အရင်းဝါဒ (Capitalism) ဝင်လာတဲ့အခါ ပိုဆိုးသွားတယ်။ တိုင်းရင်းသားတွေက တောအုပ်တခုကို သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းရာ၊ ဘိုးဘွားအမွေအနှစ်၊ သဘာဝဂေဟစနစ်လို့ မြင်ပေမယ့်...
စီးပွားရေးသမားက "သစ်ထုတ်စရာ နေရာ" လို့ပဲ မြင်တယ်။
ဖွံ့ဖြိုးရေးသမားက "အသုံးမပြုရသေးတဲ့ မြေလွတ်မြေရိုင်း" လို့ မြင်တယ်။
စစ်ဗျူဟာမှူးက "လုံခြုံရေးစင်္ကြံလမ်းကြောင်း" လို့ပဲ မြင်တယ်။
ဒီမှာ စစ်တပ်၊ နိုင်ငံတော်နဲ့ အရင်းအနှီး တို့ ပေါင်းစပ်သွားပါပြီလို့ မြင်ပါတော့။ နိုင်ငံတော်က ဥပဒေနဲ့ ခွင့်ပြုချက်ထုတ်ပေးတယ်၊ အရင်းအနှီးက ငွေထုတ်ပေးတယ်၊ စစ်တပ်က အင်အားသုံးပြီး ရှင်းလင်းပေးတယ်။ အဆိုးဆုံးကတော့ နိုင်ငံရေးအရ အသိအမှတ်ပြုမခံရတဲ့ နယ်မြေတွေဟာ သယံဇာတထုတ်ယူဖို့ သိပ်လွယ်ကူသွားတာပါပဲ။ "ဘိုးဘွားပိုင်နယ်မြေ" ကနေ "ဖွံ့ဖြိုးရေးဇုန်" ဖြစ်သွားတဲ့အခါ တိုင်းရင်းသားတွေဟာ နိုင်ငံရေးအရ ညှိနှိုင်းရမယ့်သူတွေ မဟုတ်တော့ဘဲ "စီမံကိန်းကြောင့် ထိခိုက်နစ်နာသူများ" အဆင့်ပဲ ကျန်ပါတော့တယ်။ ဒါကြောင့် နိုင်ငံရေးအခွင့်အရေး ဆုံးရှုံးသွားရင် ရုပ်ပိုင်းဆိုင်ရာ မြေယာဆုံးရှုံးဖို့က သိပ်လွယ်သွားပါပြီ။
တိုင်းရင်းသားတွေဘက်ကလည်း လက်ဝါးကြီးအုပ်မှု အသစ်မဖြစ်ဖို့ လိုတယ်
ဒါပေမယ့် ဒီနေရာမှာ အန္တရာယ်တခုကို သတိထားရမယ်။ "မူလပိုင်ရှင်တွေဆီ မြေပြန်ပေးရမယ်" ဆိုပြီး ဌာနေတိုင်းရင်းသားတွေဘက်က နောက်ထပ် လက်ဝါးကြီးအုပ်မှုတခု ထပ်လုပ်တာမျိုးတော့ မဖြစ်သင့်တော့ဘူး။
တိုင်းရင်းသားလူမျိုးစုကြီးက လူမျိုးစုငယ်လေးတွေကို ပြန်ဖိနှိပ်တာ၊ ရိုးရာအာဏာပိုင်တွေက အမျိုးသမီးတွေကို ဖယ်ကြဉ်တာ၊ ဒေသခံတွေက ရွှေ့ပြောင်းနေထိုင်သူတွေကို နှင်ထုတ်တာ၊ တိုင်းရင်းသားခေါင်းဆောင်တွေ ကိုယ်တိုင်က အရင်းအနှီးတွေနဲ့ပေါင်းပြီး သယံဇာတထုတ်ယူတာမျိုးတွေ ဖြစ်လာနိုင်တယ်။ အတိတ်သမိုင်းတိုင်း၊ ရိုးရာတိုင်းဟာ ဒီမိုကရေစီဆန်တာ မဟုတ်ပါဘူး။ ဒါကြောင့် နိုင်ငံရေးအမွေအနှစ်ဆိုတာ အတိတ်ကို အတိအကျ ပြန်သွားဖို့ မဟုတ်ဘဲ၊ အတိတ်က အမှားတွေကို မမေ့ဘဲ ရှေ့ဆက်ဖို့ ခွန်အားတခုသာ ဖြစ်သင့်ပါတယ်လို့ ဆိုပါရစေ။
အမှတ်တရသက်သက် မဟုတ်ဘဲ လက်တွေ့ "နိုင်ငံရေးလုပ်အား" လိုအပ်တယ်
နိုင်ငံရေးအမွေအနှစ်ဆိုတာ သီချင်းတွေ၊ အလံတွေ၊ နေ့ထူးနေ့မြတ်တွေလောက်နဲ့တင် ပြီးသွားတာ မဟုတ်ဘူး။ လက်တွေ့ နိုင်ငံရေးလုပ်အား (Political Labor) ပါတယ်၊ ပါဖို့လည်း လိုတယ်။ ပါတာကိုလည်း အသိအမှတ် ပြုရမယ်။
ကလေးတွေကို မိခင်ဘာသာစကား သင်ပေးတာ၊ ရွာတွေကို ကိုယ်တိုင်အုပ်ချုပ်တာ၊ ပြဿနာတွေကို ဖြေရှင်းတာ၊ တောတောင်တွေကို စောင့်ရှောက်တာ၊ အခွန်ကောက်ခံတာ၊ ပြင်ပလူတွေနဲ့ ညှိနှိုင်းတာ စတဲ့ နေ့စဉ်လုပ်ဆောင်မှုတွေကမှ အမွေအနှစ်ကို အသက်ဝင်စေတာပါ။ အမှတ်တရသက်သက်ဆိုရင် လွမ်းဆွတ်စရာတစ်ခုပဲ ဖြစ်နေလိမ့်မယ်။ အမှတ်တရနဲ့ လက်တွေ့လုပ်အား ပေါင်းစပ်မှသာ နိုင်ငံရေးအရ ဆက်လက်ရှင်သန်ပြီး အင်အားရှိလာမှာပါ။
ဘယ်သူမှ တဦးတည်းမပိုင်တဲ့ ပြည်ထောင်စုဆီသို့
ဒါဆိုရင် ဘယ်လို ပြည်ထောင်စုမျိုးဆီ သွားကြမလဲ။
"ဘယ်သူမှ တဦးတည်း မပိုင်တဲ့၊ အားလုံးနဲ့သက်ဆိုင်တဲ့ ပြည်ထောင်စုမျိုး" ပါ။ ဘယ်လူမျိုးကမှ "အိမ်ရှင်" အဖြစ် ဗိုလ်ကျမနေဘဲ အားလုံး ညှိနှိုင်းနေထိုင်ရမယ့် နိုင်ငံရေးနေရာမျိုး ဖြစ်ရမယ်။ ဗဟိုအစိုးရကပဲ အရာရာကို ချုပ်ကိုင်ထားလို့ မရသလို၊ ဒေသခံအစိုးရတိုင်းကလည်း အမြဲတမ်း မှန်ကန်နေမှာ မဟုတ်ဘူး။ ဒါကြောင့် အာဏာတိုင်းမှာ ထိန်းကျောင်းနိုင်တဲ့၊ တာဝန်ခံရတဲ့၊ အမြဲတမ်း ပြန်လည်ညှိနှိုင်းနိုင်တဲ့ စနစ်တွေ ရှိနေဖို့ လိုတယ်။
နိုင်ငံကို အုပ်ချုပ်နေရုံနဲ့ နိုင်ငံရေးတခုလုံးကို ပိုင်တယ်လို့ မဆိုနိုင်ဘူး။
ငွေ (အရင်းအနှီး) ရှိရုံနဲ့ နယ်မြေကို မပိုင်နိုင်ဘူး။
ဘိုးဘွားတွေကို အကြောင်းပြရုံနဲ့ အမွေအနှစ်အားလုံးကို ပိုင်တယ်လို့ ပြောလို့မရဘူး။
နယ်မြေဆိုတာ မြင့်မြတ်တဲ့ လူမျိုးစုပိုင်ဆိုင်မှုလည်း မဟုတ်သလို၊ အစိုးရရဲ့ အုပ်ချုပ်ရေးမြေကွက်သက်သက်လည်း မဟုတ်ပါဘူး။ အဲဒါဟာ အားလုံးက ကိုယ့်သမိုင်း၊ ကိုယ့်အမှတ်တရ၊ ကိုယ့်အဖွဲ့အစည်းတွေနဲ့ အပြန်အလှန် ညှိနှိုင်းနေထိုင်ကြရမယ့် "နိုင်ငံရေးဆက်ဆံမှုနယ်ပယ်" တခုသာ ဖြစ်ပါတယ်။
ဒီလိုချဉ်းကပ်တာဟာ နယ်မြေတခုကို အုပ်ချုပ်ရတာ ပိုပြီး ခက်ခဲရှုပ်ထွေးစေကောင်း ရှုပ်ထွေးစေပါလိမ့်မယ်။ ဒါပေမယ့် သမိုင်းတလျှောက်လုံး နယ်မြေတွေကို "လွယ်လွယ်ကူကူ အုပ်ချုပ်နိုင်ဖို့" ကြိုးစားခဲ့တာတွေကပဲ မိမိတို့ နိုင်ငံရေးပြဿနာတွေရဲ့ အဓိကတရားခံ ဖြစ်နေခဲ့တာ ကြာပြီမဟုတ်ပါလား။
Comments
Post a Comment