Skip to main content

စနစ်များအား နားလည်ခြင်း

မိတ်ဆွေတို့၊ စာရေးသူတို့ရဲ့ နေ့စဉ်ဘဝမှာ ပြဿနာတခုခု ကြုံလာရင် ဘယ်လို တုံ့ပြန်လေ့ရှိပါသလဲ။ ခေါင်းကိုက်ရင် ပါရာစီတမော သောက်လိုက်တယ်။ ဗိုက်ဆာရင် ထမင်းစားလိုက်တယ်။ ကားတာယာပေါက်ရင် ဘီးလဲလိုက်တယ်။ ဒါဟာ ပုံမှန်ပါပဲ။


ချက်ချင်းလက်ငင်း အဆင်ပြေသွားတာကိုး။


ဒါပေမဲ့ တခါတလေမှာ ပြဿနာတွေက ထပ်ခါထပ်ခါ ဖြစ်နေတတ်တယ်။ ဆေးသောက်လဲ ခေါင်းက ပြန်ကိုက်တာပဲ၊ ဘီးလဲပြီးလဲ နောက်တပတ်နေတော့ ကားက ထပ်ပျက်ပြန်ရော။ ဒီလိုအခြေအနေမျိုးမှာ စာရေးသူတို့ဟာ "အဖြစ်အပျက်" တခုချင်းစီကိုပဲ လိုက်ရှင်းနေပြီး၊ အဲဒီအဖြစ်အပျက်တွေ ဖြစ်လာအောင် ဖန်တီးနေတဲ့ နောက်ကွယ်က "စနစ်" (System) ကြီးတခုလုံးကို မမြင်မိတာ ဖြစ်နိုင်တယ်။


ဒီနေ့တော့ မိမိတို့ရဲ့ တွေးခေါ်ပုံကို နည်းနည်းလေး မြှင့်ကြည့်ကြရအောင်။ ဒါကို "System Recognition" သို့မဟုတ် စနစ်များကို နားလည်သဘောပေါက်ခြင်းလို့ ခေါ်ပါတယ်။


စနစ်တခုကို လေ့လာရင် စိတ်အပိုင်းတွေ၊ ဆက်နွှယ်မှုတွေ၊ ဖြစ်စဉ်တွေ၊ လုပ်ဆောင်ချက်တွေ၊ ရလဒ်တွေရယ်လို့ ရှိတယ်။ မရည်ရွယ်ပဲ ထွက်လာတဲ့ လုပ်ဆောင်ချက်တွေလည်းရှိတယ်။ သူတို့က အမြဲလှုပ်ရှားနေတယ်။ အုတ်ပုံတပုံလိုမဟုတ်ဘူး။ သတ္တဝါတကောင်ရဲ့ အစိတ်အပိုင်းတွေလိုပါပဲ။


အပိုင်းလိုက်လား၊ အစုအဖွဲ့လိုက်လား

စက်ဘီးတစီးကို မြင်ယောင်ကြည့်ပါ။ စက်ဘီးတစီးမှာ ဘီးတွေ၊ ခြေနင်းတွေ၊ ချိန်းကြိုးတွေ၊ လက်ကိုင်တွေ ပါပါတယ်။ အဲဒီ အစိတ်အပိုင်းတွေကို ဖြုတ်ပြီး ကြမ်းပြင်ပေါ်မှာ ပုံထားလိုက်ရင် "စက်ဘီး" လို့ ခေါ်လို့ရပါဦးမလား။ မရတော့ဘူးနော်။ သံတိုသံစ ပုံကြီးပဲ ဖြစ်သွားပြီ။ အဲဒီ အစိတ်အပိုင်းတွေအားလုံး "ဆက်စပ်" ပြီး တခုနဲ့တခု အပြန်အလှန် အကျိုးပြုနေမှသာ မောင်းနှင်လို့ရတဲ့ စက်ဘီးဆိုတဲ့ "စနစ်" တခု ဖြစ်လာတာပါ။


စာရေးသူတို့ လူ့ဘောင်လောကကြီးလည်း ဒီလိုပါပဲ။ မိသားစုတခု၊ ရုံးဌာနတခု၊ နိုင်ငံတခု ဆိုတာတွေဟာ လူတယောက်ချင်းစီ စုထားရုံသက်သက် မဟုတ်ပါဘူး။ လူတွေကြားက ဆက်ဆံရေးတွေ၊ စည်းမျဉ်းတွေ၊ ယုံကြည်မှုတွေနဲ့ ချိတ်ဆက်ထားတဲ့ စနစ်ကြီးတွေပါ။


ဆိုပါစို့။ ဘောလုံးအသင်းတသင်း ရှုံးသွားတယ် ဆိုပါစို့။ ပရိသတ်တွေက ဂိုးသမား ညံ့လို့၊ တိုက်စစ်မှူး ဂိုးမသွင်းနိုင်လို့ ဆိုပြီး တယောက်ချင်းစီကို အပြစ်တင်တတ်ကြတယ်။ ဒါက "အဖြစ်အပျက်" ကိုပဲ ကြည့်တာပါ။ စနစ်ကို နားလည်တဲ့သူကတော့ ဒီထက်ပိုတွေးတယ်။ နည်းပြရဲ့ ကစားကွက် မှားနေသလား၊ ကစားသမားတွေအချင်းချင်း နားလည်မှု လွဲနေသလား၊ ဒါမှမဟုတ် အသင်းရဲ့ ငွေကြေးစီမံခန့်ခွဲမှုက မကောင်းလို့ ကစားသမားတွေ စိတ်ဓာတ်ကျနေတာလား ဆိုပြီး အလုံးစုံကို ချိတ်ဆက်ကြည့်ပါတယ်။


မျက်စိလှည့်စားတတ်တဲ့ အကွက်တွေကို သတိရှိပါ။

သတိထားစရာ ထောင်ချောက်တခု ရှိတယ်။ လူ့ဦးနှောက်က ပြဿနာတစ်ခုတွေ့ရင် ချက်ချင်း လက်ညှိုးထိုးစရာ "တရားခံ" တယောက်ကို ရှာချင်ကြတယ်။ "ဒါ သူ့ကြောင့်ဖြစ်တာ" လို့ ပြောလိုက်ရင် စိတ်သက်သာရာ ရသွားသလိုပဲ။ ဒါပေမဲ့ စနစ်တခုလုံး ယိုယွင်းနေရင် လူတယောက်ကို လဲလိုက်ရုံနဲ့ ပြဿနာက မပြီးပါဘူး။


နမူနာအားဖြင့် ရန်ကုန်လမ်းမတွေပေါ်မှာ ကားတွေပိတ်တယ်။ လူတွေက ကားမောင်းရမ်းတဲ့သူတွေကို ဆဲကြတယ်။ မှန်ပါတယ်။ ဒါပေမဲ့ တကယ်တမ်း စနစ်ကို ကြည့်ရင် လမ်းတွေကျဉ်းတာ၊ ဘတ်စ်ကားလိုင်းတွေ မလုံလောက်တာ၊ စည်းကမ်းထိန်းသိမ်းမှု အားနည်းတာ၊ မြို့ပြစီမံကိန်း လိုအပ်ချက်တွေ စတဲ့ အကြောင်းရင်းပေါင်းစုံက ရှုပ်ထွေးပွေလီပြီး ဆက်စပ်နေတာ တွေ့ရလိမ့်မယ်။ ယာဉ်ထိန်းရဲ အင်အားတိုးရုံနဲ့ ကားပိတ်တာ မပျောက်နိုင်သလိုပေါ့။


ပရော်ဖက်ရှင်နယ် ဥယျာဉ်မှူးလို တွေးပါ။

စနစ်တွေကို နားလည်လာတဲ့အခါ မိမိတို့ဟာ စက်ပြင်ဆရာလို မဟုတ်ဘဲ ဥယျာဉ်မှူးလို တွေးတတ်လာပါလိမ့်မယ်။ စက်ပြင်ဆရာက ပျက်နေတဲ့ အစိတ်အပိုင်းကို ဖြုတ်လဲလိုက်ရင် ပြီးပြီ။ ဒါပေမဲ့ ဥယျာဉ်မှူးကတော့ အပင်တပင် မကြီးထွားရင် အရွက်တွေကို ဆွဲဆန့်မနေပါဘူး။ မြေကြီးကောင်းလား၊ ရေလုံလောက်လား၊ နေရောင်ရလား၊ ပိုးမွှားကျနေလား ဆိုတဲ့ "ပတ်ဝန်းကျင် အခြေအနေ" တခုလုံးကို ပြုပြင်ပေးပါတယ်။


ဒါကြောင့် ဘဝမှာ၊ လုပ်ငန်းခွင်မှာ အခက်အခဲတခုခု ကြုံလာရင် "ဘယ်သူ့ကြောင့်လဲ" လို့ ချက်ချင်း မေးမိတာထက် "ဘယ်အရာတွေ ဆက်စပ်ပြီး ဒီလိုရလဒ် ထွက်လာတာလဲ" လို့ မေးခွန်းထုတ်ကြည့်ပါ။ အပေါ်ယံ အကိုက်အခဲပျောက်ဆေး သောက်နေမယ့်အစား ရောဂါရဲ့ အမြစ်ရင်းကို ရှာဖွေကုသနိုင်တဲ့ အမြင်မျိုး ရရှိလာပါလိမ့်မယ်။


သစ်ပင်တပင်ချင်းစီကိုပဲ လိုက်ကြည့်မနေဘဲ၊ တောအုပ်တခုလုံးရဲ့ ဂေဟစနစ်ကို နားလည်အောင် ကြိုးစားကြဖို့လိုကြောင်း။

Comments

Popular posts from this blog

မဲပုံးထဲက ကိုလိုနီမှန်ကူကွက်

မျက်မှောက်ခေတ် နိုင်ငံရေးစကားဝိုင်းများတွင် ရွေးကောက်ပွဲများကို တရားဝင်အစိုးရတရပ် ဖြစ်တည်လာရေးအတွက် မရှိမဖြစ်လိုအပ်ချက်တခုအဖြစ်၊ ပြည်သူ့အချုပ်အခြာအာဏာကို ဖော်ထုတ်ပြသသည့် "သဘာဝကျသော" “အမြင့်ဆုံးယန္တရားတခုအဖြစ် မကြာခဏ ပုံဖော်လေ့ရှိကြသည်။ သို့သော် ကိုလိုနီခေတ်လွန် လွတ်မြောက်ရေးရှုထောင့်မှ ဝေဖန်ဆန်းစစ်ကြည့်လျှင် မြန်မာနိုင်ငံက အမွေဆက်ခံခဲ့သော ရွေးကောက်ပွဲပုံစံသည် အရောင်မပါသည့်အုပ်ချုပ်ရေး လုပ်ထုံးလုပ်နည်းတခုနှင့် များစွာ ကွာခြားနေသည်ကို တွေ့ရမည်ဖြစ်သည်။ အမှန်စင်စစ် ထိုရွေးကောက်ပွဲပုံစံသည် ကိုလိုနီခေတ် တရားဝင်ကုန်ဆုံးသွားပြီးနောက်တွင်ပင် ဆက်လက်ရှင်သန်နေသော "ကိုလိုနီအာဏာတည်ဆောက်ပုံ" ၏ ထင်ရှားသည့် သက်သေသာဓကတခုပင် ဖြစ်သည်။ ရွေးကောက်ပွဲယန္တရား၏ သမိုင်းအမြစ်များကို မေးခွန်းမထုတ်ဘဲ "ရွေးကောက်ပွဲများက ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ပေးသည်" ဟု အခိုင်အမာဆိုခြင်းသည် အာဏာကို မည်သို့ဖွဲ့စည်းပုံဖော်ထားပုံ၊ လူဦးရေကို မည်သို့အမျိုးအစားခွဲခြားပုံ၊ မည်သူတို့ကို တရားဝင်နိုင်ငံရေးသမားအဖြစ် သတ်မှတ်ပုံတို့နှင့် ပတ်သက်သည့် ကိုလိုနီခေတ်က စိတ်ကူးပုံဖော်မှုကို မရည်ရွယ်ဘဲ ပြန်လည်ထုတ်လုပ်...

ကိုလိုနီလက်အတွင်းမှ ဆွဲထုတ်ခြင်းမိတ်ဆက်

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရရှိသည်မှာ နှစ်ပေါင်း ခုနစ်ဆယ်ကျော် ရှိပြီဖြစ်သော်လည်း၊ ပြည်သူလူထုက မျှော်မှန်းခဲ့သော တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ကို အပြည့်အဝ မရရှိသေးသည်မှာ အားလုံးအသိပင်ဖြစ်သည်။ စာရေးသူတို့၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုဘဝများတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသော စနစ်ကျသည့် ပြဿနာများ ရှိနေသည်။ ဤပြဿနာများ၏ အရင်းခံကို နားလည်ရန်နှင့် လက်ရှိတော်လှန်ရေး၏ ပန်းတိုင်များကို ပိုမိုတိကျစွာ ပုံဖော်နိုင်ရန် "ကိုလိုနီစနစ်၏ အမွေအနှစ်များကို ချေဖျက်ခြင်း" (Decolonization) ဟူသော သဘောတရားကို စနစ်တကျ လေ့လာသုံးသပ်ရန် လိုအပ်ပေသည်။ ဤစာတွင် Decolonization ဆိုသည်မှာ မည်သည့်အရာများကို ဆိုလိုပုံ၊ မြန်မာနိုင်ငံ၏ သမိုင်းနှင့် လက်ရှိအခြေအနေများအတွက် ယင်း သဘောတရားကို မည်သို့ လက်တွေ့ကျကျ အသုံးချနိုင်ပုံ၊ ထို သဘောတရားသည် မည်မျှ နက်ရှိုင်းသော ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ အပြောင်းအလဲများကို တောင်းဆိုနေပုံတို့ကို ဆွေးနွေးရန်ဖြစ်ပါသည်။   Decolonization ၏ အခြေခံသဘောတရားကို ပြန်လည်နားလည်ခြင်း Decolonization ကို "ကိုလိုနီအုပ်ချုပ်သူများ ထွက်ခွာသွားခြင်း" ဟု ရိုးရှင်းစွာ နာ...

"၁၃၅ မျိုး" ဆိုတာ မနုဿဗေဒ သဘောတရားလား၊ နိုင်ငံရေးထောင်ချောက်လား

မြန်မာ့နိုင်ငံရေး ရေစီးကြောင်းထဲမှာ စာရေးသူတို့ နားယဉ်နေခဲ့တဲ့ ကိန်းဂဏန်းတခု ရှိပါတယ်။ ဒါကတော့ တိုင်းရင်းသား ၁၃၅ မျိုးဆိုတဲ့ အမှတ်အသားပါပဲ။ ဒီကိန်းဂဏန်းကို မတူကွဲပြားကြွယ်ဝခြင်းရဲ့ ပြယုဂ်အဖြစ် ယေဘုယျ လက်ခံထားကြပေမဲ့ ဒီစာရင်းဟာ ရိုးရှင်းတဲ့ လူမျိုးစုစာရင်းအင်းတခု သက်သက် မဟုတ်ဘူး ဆိုတာကို တံပိုးသံစာစဉ်ရဲ့ "ဗဟုအမျိုးသားဖြစ်တည်မှုနှင့် မြန်မာ့ဇာတ်ကြောင်း ပြန်ပြောင်းသုံးသပ်ရာဝယ်" စာတမ်းမှာ ဆွေးနွေးထားပါတယ်။ နိုင်ငံရေးသိပ္ပံရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ဒီစာရင်းဟာ လူ့အဖွဲ့အစည်းတရပ်ကို နိုင်ငံရေးအင်အားစုအဖြစ် မစုစည်းနိုင်အောင် အက်တမ်မြူမှုန်တွေသဖွယ် တစစီချေမွဖြိုခွဲလိုက်တဲ့ (Social Atomization) ဖြစ်စဉ်တခုအဖြစ် ရှုမြင်နိုင်စရာ အကြောင်းရင်းတွေ ရှိနေပါတယ်။ "၁၃၅" ဆိုတဲ့ ဂဏန်းရဲ့ ဇာစ်မြစ်ကို ပြန်ကောက်ကြည့်ဖို့ လိုပါလိမ့်မယ်။ ဒီစာရင်းဟာ အစောပိုင်း အချက်အလက်အမှားတွေကို ပုံပျက်ပန်းပျက် ကိုးကားပြီး ၁၉၉၀ ဝန်းကျင် စစ်အစိုးရလက်ထက်ကျမှ တရားဝင် ခိုင်ခိုင်မာမာ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ မနုဿဗေဒပညာရှင်တွေရဲ့ စနစ်ကျတဲ့ သုတေသနပြုချက်တွေပေါ် အခြေခံထားတာထက် နိုင်ငံရေးရည်ရွယ်ချက်နဲ့ စုစည်းထားတာဖြစ်...