Skip to main content

အမျိုးသားစုစည်းညီညွတ်မှု စိန်ခေါ်ချက်များ

 

ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ဟူသည့် စိတ်ဓာတ်ရေးရာ တောင်းဆိုချက်မှသည် လက်တွေ့ကျသော အုပ်ချုပ်ရေး ယန္တရားဆီသို့ ကူးပြောင်းသည့်အခါ "ခေတ်သစ် နိုင်ငံတော် တည်ဆောက်ရေး" (Modern State Building) ဟူသည့် ပဟေဠိနှင့် ရင်ဆိုင်ကြရသည်။ နိုင်ငံတော်ဟူသည် အဘယ်နည်း။ ယင်းသည် သတ်မှတ် နယ်နိမိတ်အတွင်း အင်အားသုံးစွဲမှုကို လက်ဝါးကြီးအုပ်ထားသည့် အဖွဲ့အစည်း (Max Weber ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ) သက်သက်သာလော၊ သို့မဟုတ် လူထု၏ ယုံကြည်ကိုးစားမှုကို အခြေခံသည့် ဝိညာဉ်ရေးရာ အဆောက်အအုံ တခုလောဟူသည်ကို ဆန်းစစ်ရန် လိုအပ်သည်။ ခေတ်သစ်နိုင်ငံ တခု တည်ဆောက်ရာတွင် အဆောက်အအုံများ၊ စစ်တပ်နှင့် ဥပဒေများ ရှိရုံဖြင့် ပြည့်စုံပြီလော၊ သို့မဟုတ် ယင်းနိုင်ငံအတွင်း နေထိုင်သူများက "ဒါဟာ ငါတို့နိုင်ငံ" ဟု ခံစားရမည့် တရားဝင်မှု (Legitimacy) ကို မည်သို့ တည်ဆောက်မည်နည်းဟူသည့် မေးခွန်းမှာ အခြေခံအကျဆုံး ဖြစ်နေပေလိမ့်မည်။

၁၉၃၃ ခုနှစ် မွန်တီဗီဒီယို ညီလာခံက ခေတ်သစ်နိုင်ငံ တခုတွင် တသမတ်တည်းသော လူထု၊ သတ်မှတ် နယ်နိမိတ်၊ အစိုးရနှင့် အခြားနိုင်ငံများနှင့် ဆက်ဆံနိုင်သည့် စွမ်းရည်ဟူသည့် အချက်လေးချက် ရှိရမည်ဟု သတ်မှတ်ခဲ့သည်။ သို့ရာတွင် ဤနေရာတွင် မေးခွန်းထုတ်စရာ ရှိသည်မှာ ဤအချက်များနှင့် ပြည့်စုံရုံမျှဖြင့် နိုင်ငံတော်သည် အမှန်တကယ် တည်ငြိမ်မှု ရှိပါမည်လောဟူသည့် အချက်ပင် ဖြစ်သည်။ နိုင်ငံတကာ ဆက်ဆံရေးတွင် အခြားနိုင်ငံများက အသိအမှတ်ပြုခြင်းသည် အရေးကြီးသော်လည်း၊ နိုင်ငံအတွင်းရှိ လူထုက အသိအမှတ်မပြုသော နိုင်ငံတော်သည် အနှစ်သာရအားဖြင့် "ကျရှုံးသော နိုင်ငံတော်" (Failed State) သာ ဖြစ်နေပေလိမ့်မည်။ ဝက်စ်ဖားလိယ အချုပ်အခြာအာဏာ စနစ် (Westphalian Sovereignty) အရ နိုင်ငံတခု၏ အတွင်းရေးကို အခြားနိုင်ငံများက ဝင်မပါရဟု ဆိုသော်လည်း၊ ယနေ့ခေတ် ကမ္ဘာလုံးဆိုင်ရာ အပြောင်းအလဲများတွင် အချုပ်အခြာအာဏာဟူသည် တံခါးပိတ်ထား၍ မရသည့် အရာဖြစ်နေသည်ကို သတိပြုရန် လိုအပ်သည်။

ခေတ်သစ် နိုင်ငံတော် တည်ဆောက်ရေးတွင် မော်ဒန်ဝါဒီ သီအိုရီများ (Modernization Theory) က နည်းပညာနှင့် စီးပွားရေး ဖွံ့ဖြိုးလာလျှင် ဒီမိုကရေစီနှင့် နိုင်ငံရေး တည်ငြိမ်မှု လိုက်လာလိမ့်မည်ဟု ယူဆကြသည်။ သို့ရာတွင် Andreas Wimmer ကဲ့သို့သော ပညာရှင်များကမူ ယင်းအယူအဆကို စိန်ခေါ်ခဲ့ကြသည်။ ဒီမိုကရေစီ နည်းလမ်းအရ ရွေးကောက်ပွဲများ ပြုလုပ်လိုက်ရုံမျှဖြင့် မတူကွဲပြားသော လူမျိုးစုများ တသားတည်း ဖြစ်မလာနိုင်ကြောင်း၊ ရံဖန်ရံခါတွင် ဒီမိုကရေစီသည်ပင်လျှင် လူများစုက လူနည်းစုကို ဖိနှိပ်သည့် ကိရိယာ ဖြစ်သွားတတ်ကြောင်း ၎င်းတို့က ထောက်ပြကြသည်။ ဤနေရာတွင် ပုံမှန်အားဖြင့် မိမိတို့ သတိမထားမိသည့် အချက်မှာ နိုင်ငံတော် တည်ဆောက်ရေး (State-building) နှင့် အမျိုးသားလူထု တည်ဆောက်ရေး (Nation-building) တို့သည် တခုနှင့်တခု မည်သို့ ကွဲပြားပြီး မည်သို့ ဆက်စပ်နေသနည်းဟူသည့် အချက်ပင် ဖြစ်သည်။ နိုင်ငံတော် တည်ဆောက်ရေးက အုပ်ချုပ်ရေး ယန္တရားကို အားကောင်းစေရန် ကြိုးပမ်းချိန်တွင်၊ အမျိုးသားလူထု တည်ဆောက်ရေးက လူထုကြားရှိ စိတ်ဓာတ်ရေးရာ စည်းလုံးမှုကို တည်ဆောက်ရန် ကြိုးပမ်းခြင်း ဖြစ်သည်။ ယင်းနှစ်ခု ဟန်ချက်မညီပါက နိုင်ငံတော်သည် လူထုကို ဖိနှိပ်သည့် ယန္တရားသက်သက်သာ ဖြစ်သွားပေလိမ့်မည်။

မြန်မာ့နိုင်ငံရေး ဖြစ်စဉ်ကို ပြန်လည် ကြည့်ရှုလျှင်လည်း နိုင်ငံတော် တည်ဆောက်ရေး လမ်းလွဲခဲ့ပုံကို ထင်ရှားစွာ မြင်တွေ့နိုင်သည်။ ရှိရင်းစွဲ အမျိုးသားလူထု (Nations) အသီးသီး၏ ဝိသေသများကို အသိအမှတ်ပြုမည့် "ဗဟုအမျိုးသား ဖက်ဒရယ်နိုင်ငံ" (Multinational Federal State) အဖြစ် တည်ဆောက်မည့်အစား၊ တသမတ်တည်းသော "အမျိုးသားနိုင်ငံ" (Nation-state) အဖြစ် ပြောင်းလဲရန် ကြိုးပမ်းခဲ့ခြင်းက ပဋိပက္ခ၏ အရင်းခံ ဖြစ်ခဲ့သည်။ Harris Mylonas ၏ အမြင်အရ နိုင်ငံတော် တည်ဆောက်သူများသည် လူနည်းစုများကို ပေါင်းစည်းရန် (Assimilate)၊ ဖယ်ကျဉ်ရန် (Exclude) သို့မဟုတ် နေရာပေးရန် (Accommodate) ဟူသည့် နည်းလမ်းများကို ရွေးချယ်ကြရသည်။ မြန်မာနိုင်ငံတွင်မူ ပေါင်းစည်းရေးထက် ဖယ်ကျဉ်ရေးနှင့် လူမျိုးကြီးဝါဒက လွှမ်းမိုးခဲ့သဖြင့် အမျိုးသားလူထုစိတ် (National Spirit) သည် တကယ်တမ်း မတည်ဆောက်နိုင်ဘဲ ရှိရင်းစွဲ အစေးကပ်မှုများပါ ပြိုကွဲခဲ့ရသည်။

ဤနေရာတွင် ပညာရပ်ဆိုင်ရာ အမြင်နှစ်ရပ်ကို ပေါင်းစပ် (Synthesis) ကြည့်လျှင် နိုင်ငံတော် တည်ဆောက်ရေးသည် အင်စတီကျူးရှင်းများ၏ စွမ်းရည် (Institutional Capacity) အပေါ်၌သာမက၊ ယင်းအင်စတီကျူးရှင်းများက လူထုကို မည်မျှ ဝန်ဆောင်မှု ပေးနိုင်သနည်းဟူသည့်အပေါ်၌ မူတည်နေသည်။ ခုံရုံးနှင့် တရားစီရင်ရေး၊ လုံခြုံရေးအဖွဲ့အစည်းများ၊ ကျန်းမာရေးနှင့် ပညာရေး ဝန်ဆောင်မှုများသည် လူမျိုးစု ဝိသေသများအပေါ်၌ မမူတည်ဘဲ လူသားဂုဏ်သိက္ခာအပေါ်၌သာ အခြေခံကာ မျှတစွာ လည်ပတ်နိုင်မှသာ နိုင်ငံတော်သည် တရားဝင်မှု ရှိလာပေလိမ့်မည်။ နိုင်ငံတော် တည်ဆောက်ရေးဟူသည် လူမျိုးစုများကို လူမျိုးစု အုပ်စုကွဲများအဖြစ် လျှော့ချပစ်ရန် မဟုတ်ဘဲ၊ မတူကွဲပြားသော အသိုက်အမြုံများက မိမိတို့၏ ဘဝလုံုံခြုံမှုအတွက် ယုံကြည်စွာ အပ်နှံထားသည့် "ဘုံအိမ်" တခုအဖြစ် တည်ဆောက်ခြင်းသာ ဖြစ်သင့်ပေသည်။

အဆုံးသတ်တွင် ခေတ်သစ် နိုင်ငံတော် တည်ဆောက်ရေး၏ အောင်မြင်မှုသည် အာဏာကို ဗဟို၌ မည်မျှ ချုပ်ကိုင်ထားနိုင်သနည်းဟူသည့်အပေါ်၌ မဟုတ်ဘဲ၊ အာဏာကို လူထုထံ မည်မျှ ခွဲဝေပေးထားနိုင်သနည်းဟူသည့်အပေါ်၌သာ တိုင်းတာရမည် ဖြစ်သည်။ နိုင်ငံတော်သည် လူထု၏ စိတ်တိမ်းညွှတ်မှုများကို သဟဇာတဖြစ်အောင် ပြုလုပ်ပေးသည့် ဘောင်တခု ဖြစ်ရမည်။ စံနှုန်းလွန်ကဲပြီး ပြည်သူတို့ ဘာမှမရသော နိုင်ငံကြီး တည်ဆောက်ခြင်းထက်၊ လူထု၏ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်စွမ်းကို အာမခံပေးသည့် နိုင်ငံရေး စနစ်တခုဆီသို့ ဦးတည်ရန် လိုအပ်သည်။ ဤသို့ မဟုတ်ဘဲ အမျိုးသားရေး ဝါဒကို အစွန်းဘက်သို့ တွန်းပို့ကာ နိုင်ငံတော်ကို တည်ဆောက်မိပါက ယင်း၏ အမှောင်ခြမ်းက မိမိတို့အားလုံးကို မည်သို့ ဝါးမြိုသွားနိုင်သနည်းဟူသည်မှာ နောက်ထပ် သတိထားရမည့် အချက်တခု ဖြစ်ပေတော့သည်။

Comments

Popular posts from this blog

ဖက်ဒရယ်သည် စကားဝိုင်းတခု၊ အိမ်တခု

အိမ်တအိမ်ကို စိတ်ကူးပုံဖော်ကြည့်ပါ။ ဒီအိမ်ကြီးထဲက အခန်းတွေဟာ တခုနဲ့တခု မတူညီကြဘူး။ အခန်းတခန်းမှာ ကလေးပုံပြင်တွေ ကပ်ထားပြီး၊ နောက်တခန်းမှာတော့ သီချင်းသံတွေ ကြားနေရတယ်။ တချို့အခန်းတွေက နံ့သာပေါင်းမီးထွန်းပြီး ဘုရားဝတ်ပြုချိန်မှာ၊ တခြားအခန်းတွေကတော့ ထမင်းလက်ဆုံစားနေကြတယ်။ ဒီအခန်းတွေထဲ နေထိုင်ကြသူတွေဟာ မိသားစုဝင်တွေ ဖြစ်ကြပေမဲ့၊ တပုံစံတည်း တူညီနေသူတွေ မဟုတ်ကြဘူး။ သူတို့ အမြဲတမ်း သဘောထားချင်း တိုက်ဆိုင်နေတာလည်း မဟုတ်ဘူး။ တခါတရံ ရန်ဖြစ်ကြတယ်။ ဒါပေမဲ့ သူတို့အားလုံး သဘောတူထားတဲ့ အချက်တချက်တော့ ရှိတယ်။ အဲဒါကတော့ "ဒီအိမ်ဟာ သူတို့ထဲက တဦးတယောက်တည်း ပိုင်ဆိုင်တာမဟုတ်ဘဲ၊ အားလုံးနဲ့ သက်ဆိုင်တဲ့အိမ် ဖြစ်ရမယ်" ဆိုတဲ့ အချက်ပါပဲ။   ဒါဟာ ဖက်ဒရယ်စနစ်ရဲ့ အနှစ်သာရ၊ ဒါမှမဟုတ် ဖက်ဒရယ်ရဲ့ ဝိညာဉ်ပဲ ဖြစ်တယ်။ အနည်းဆုံးတော့ ဒီလိုပဲ ဖြစ်သင့်တယ်။   ဒါပေမဲ့ ဖြည်းဖြည်းချင်း ပြန်စဉ်းစားကြည့်ရအောင်။ ဖက်ဒရယ်စနစ်ဆိုတာ ဘာလဲ။ (ကျောင်းသုံးစာအုပ်ထဲက အဓိပ္ပာယ်ဖွင့်ဆိုချက်မျိုးမဟုတ်ဘဲ၊ အသက်ဝင်လှုပ်ရှားနေတဲ့ နိုင်ငံရေးအယူအဆတခုအနေနဲ့ မေးချင်တာပါ)။   ဖက်ဒရယ်စနစ်ဆိုတာ မြေပုံမဟုတ်ဘူး၊ စကားဝိုင်းတခုသာ ဖြစ်တယ်။   မြန...

မဲပုံးထဲက ကိုလိုနီမှန်ကူကွက်

မျက်မှောက်ခေတ် နိုင်ငံရေးစကားဝိုင်းများတွင် ရွေးကောက်ပွဲများကို တရားဝင်အစိုးရတရပ် ဖြစ်တည်လာရေးအတွက် မရှိမဖြစ်လိုအပ်ချက်တခုအဖြစ်၊ ပြည်သူ့အချုပ်အခြာအာဏာကို ဖော်ထုတ်ပြသသည့် "သဘာဝကျသော" “အမြင့်ဆုံးယန္တရားတခုအဖြစ် မကြာခဏ ပုံဖော်လေ့ရှိကြသည်။ သို့သော် ကိုလိုနီခေတ်လွန် လွတ်မြောက်ရေးရှုထောင့်မှ ဝေဖန်ဆန်းစစ်ကြည့်လျှင် မြန်မာနိုင်ငံက အမွေဆက်ခံခဲ့သော ရွေးကောက်ပွဲပုံစံသည် အရောင်မပါသည့်အုပ်ချုပ်ရေး လုပ်ထုံးလုပ်နည်းတခုနှင့် များစွာ ကွာခြားနေသည်ကို တွေ့ရမည်ဖြစ်သည်။ အမှန်စင်စစ် ထိုရွေးကောက်ပွဲပုံစံသည် ကိုလိုနီခေတ် တရားဝင်ကုန်ဆုံးသွားပြီးနောက်တွင်ပင် ဆက်လက်ရှင်သန်နေသော "ကိုလိုနီအာဏာတည်ဆောက်ပုံ" ၏ ထင်ရှားသည့် သက်သေသာဓကတခုပင် ဖြစ်သည်။ ရွေးကောက်ပွဲယန္တရား၏ သမိုင်းအမြစ်များကို မေးခွန်းမထုတ်ဘဲ "ရွေးကောက်ပွဲများက ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ပေးသည်" ဟု အခိုင်အမာဆိုခြင်းသည် အာဏာကို မည်သို့ဖွဲ့စည်းပုံဖော်ထားပုံ၊ လူဦးရေကို မည်သို့အမျိုးအစားခွဲခြားပုံ၊ မည်သူတို့ကို တရားဝင်နိုင်ငံရေးသမားအဖြစ် သတ်မှတ်ပုံတို့နှင့် ပတ်သက်သည့် ကိုလိုနီခေတ်က စိတ်ကူးပုံဖော်မှုကို မရည်ရွယ်ဘဲ ပြန်လည်ထုတ်လုပ်...

နိုင်ငံရေးသည် ဘာကို အခြေခံမည်နည်း

“နိုင်ငံရေးသည် ဘုံကောင်းကျိုးကို ရှာရန်ဖြစ်သည်” [1] ဟု Hans Sluga မှ ဆိုသည်။ ပူးပေါင်းမှုက နိုင်ငံရေး၏ ဗဟိုချက်ဖြစ်သည်ဟု ယုံကြည်သူတို့အဖို့ ထိုအဆိုသည် အလွန်တန်ဖိုးရှိသော အဆိုဟု ပြောရမည်။ ဘုံကောင်းကျိုးဟူသည့်စကားလုံးမှာ အဓိကသော့ချက် ဖြစ်သည်။ ဘုံကောင်းကျိုးသည် အရေးကြီးသလို အန္တရာယ်လည်း ရှိနိုင်သည်။ ဘုံကောင်းကျိုး၊ သို့မဟုတ် အားလုံးကောင်းစားရေး သို့မဟုတ် အများကောင်းစားရေးဟူသည့် အကြောင်းပြချက်အောက်တွင် စဉ်းစား၍ပင် မရဲလောက်အောင် ဆိုးယုတ်သည့် အပြုအမူများ ဖန်တီးကြသည်။ နာဇီဂျာမနီက ဂျူးတို့ကို သတ်ဖြတ်ရာတွင် ဂျာမန်တို့၏ ကောင်းကျိုးအတွက် သတ်သည်ဟု အကြောင်းပြချက်ပေးခဲ့၏။ လူနည်းစု အခွင့်အရေးအတွက် လုပ်ဆောင်သူတိုင်းက အများကောင်းကျိုးဟူသော စကားလုံးကို သတိကြီးကြီး ထားရမည်ဖြစ်သည်။ ဘုံကောင်းကျိုးကို ပြောရာတွင် သုံးခုကို အဓိက ထောက်ပြစဉ်းစားရန် ရှိသည်။ ပထမချက်က ဘုံကောင်းကျိုးကို ပယ်၍မရဟူသည့်အချက် ဖြစ်သည်။ ဘုံကောင်းကျိုးကို ဦးမတည်လျှင် မည်သည့်အရာကို ဦးတည်မည်နည်း။ ဆိုးကျိုးကို မည်သူမျှ မလိုချင်ပေ။ ဘုံကောင်းကျိုးမရှိလျှင် နိုင်ငံရေးသည် အဓိပ္ပာယ် မရှိ၊ တဦးတစု ကောင်းစားရေးသည် နိုင်ငံရေးမဟုတ်ပေ။ ဒုတိယအချက်မှာ ဘု...