အိမ်တအိမ်ကို စိတ်ကူးပုံဖော်ကြည့်ပါ။ ဒီအိမ်ကြီးထဲက အခန်းတွေဟာ တခုနဲ့တခု မတူညီကြဘူး။ အခန်းတခန်းမှာ ကလေးပုံပြင်တွေ ကပ်ထားပြီး၊ နောက်တခန်းမှာတော့ သီချင်းသံတွေ ကြားနေရတယ်။ တချို့အခန်းတွေက နံ့သာပေါင်းမီးထွန်းပြီး ဘုရားဝတ်ပြုချိန်မှာ၊ တခြားအခန်းတွေကတော့ ထမင်းလက်ဆုံစားနေကြတယ်။ ဒီအခန်းတွေထဲ နေထိုင်ကြသူတွေဟာ မိသားစုဝင်တွေ ဖြစ်ကြပေမဲ့၊ တပုံစံတည်း တူညီနေသူတွေ မဟုတ်ကြဘူး။ သူတို့ အမြဲတမ်း သဘောထားချင်း တိုက်ဆိုင်နေတာလည်း မဟုတ်ဘူး။ တခါတရံ ရန်ဖြစ်ကြတယ်။ ဒါပေမဲ့ သူတို့အားလုံး သဘောတူထားတဲ့ အချက်တချက်တော့ ရှိတယ်။ အဲဒါကတော့ "ဒီအိမ်ဟာ သူတို့ထဲက တဦးတယောက်တည်း ပိုင်ဆိုင်တာမဟုတ်ဘဲ၊ အားလုံးနဲ့ သက်ဆိုင်တဲ့အိမ် ဖြစ်ရမယ်" ဆိုတဲ့ အချက်ပါပဲ။
ဒါဟာ ဖက်ဒရယ်စနစ်ရဲ့ အနှစ်သာရ၊ ဒါမှမဟုတ် ဖက်ဒရယ်ရဲ့ ဝိညာဉ်ပဲ ဖြစ်တယ်။ အနည်းဆုံးတော့ ဒီလိုပဲ ဖြစ်သင့်တယ်။
ဒါပေမဲ့ ဖြည်းဖြည်းချင်း ပြန်စဉ်းစားကြည့်ရအောင်။ ဖက်ဒရယ်စနစ်ဆိုတာ ဘာလဲ။ (ကျောင်းသုံးစာအုပ်ထဲက အဓိပ္ပာယ်ဖွင့်ဆိုချက်မျိုးမဟုတ်ဘဲ၊ အသက်ဝင်လှုပ်ရှားနေတဲ့ နိုင်ငံရေးအယူအဆတခုအနေနဲ့ မေးချင်တာပါ)။
ဖက်ဒရယ်စနစ်ဆိုတာ မြေပုံမဟုတ်ဘူး၊ စကားဝိုင်းတခုသာ ဖြစ်တယ်။
မြန်မာနိုင်ငံလို နိုင်ငံတွေမှာ လူအများစုက ဖက်ဒရယ်စနစ်အကြောင်း ပြောတဲ့အခါ ဂျစ်ဆောပဟေဠိဆက်သလို ပြောလေ့ရှိကြတယ်။ "ပြည်နယ် ဘယ်နှခု ထားမလဲ"၊ "နယ်မြေမျဉ်း ဘယ်လိုဆွဲမလဲ"၊ "ဘယ်သူက ဘယ်သယံဇာတကို ယူမလဲ" စသည်ဖြင့်ပေါ့။ ဒါတွေက အရေးကြီးတဲ့ မေးခွန်းတွေ မှန်ပေမဲ့ အခြေခံအကျဆုံးတော့ မဟုတ်ပါဘူး။ ဒါတွေက "ဖက်ဒရယ်စနစ် ဘယ်လိုအလုပ်လုပ်သလဲ" ဆိုတာကိုပဲ မေးနေပြီး၊ "ဘာကြောင့် ဖက်ဒရယ်စနစ် ရှိနေရတာလဲ" ဆိုတာကို မေးတာ မဟုတ်ဘူး။
စာရေးသူအမြင်အရတော့ ဖက်ဒရယ်စနစ်ဆိုတာ ပုံသေကားကျ သတ်မှတ်ထားတဲ့ ပန်းတိုင်တခု မဟုတ်ပါဘူး။ "စစ်စစ်မှန်မှန်" တိုင်းရင်းသားလူမျိုးစုတွေဆိုပြီး ခေါင်းစဉ်တပ်ကာ နယ်နိမိတ်မျဉ်းတွေ ဝိုင်းခတ်သတ်မှတ်တာမျိုး မဟုတ်ပါဘူး။ ဘယ်သူက ဘယ်နေရာနဲ့ ဆိုင်တယ်ဆိုပြီး ထာဝရအမှန်တရားတွေအဖြစ် အတင်းအကျပ် ပြဋ္ဌာန်းတာလည်း မဟုတ်ပါဘူး။ အဲဒီလို တွေးခေါ်တာဟာ အချိန်ကာလ ပြောင်းလဲပေမဲ့ မပြောင်းလဲတဲ့ လူအုပ်စုတွေ ရှိတယ်လို့ စိတ်ကူးယဉ်တဲ့ "အနှစ်သာရဝါဒ" ပဲ ဖြစ်တယ်။ တကယ်တော့ လူသားအုပ်စုတွေဟာ ငြိမ်သက်မနေပါဘူး။ ယဉ်ကျေးမှုတွေဟာ ရောနှောကြတယ်၊ ဘာသာစကားတွေဟာ ပြောင်းလဲတိုးတက်ကြတယ်။ ဒါကြောင့် ဖက်ဒရယ်စနစ်ဆိုတာ "ကိရိယာ" တခုသာ ဖြစ်သင့်ပြီး၊ "အကြွင်းမဲ့အမှန်တရား" မဖြစ်သင့်ဘူး။ "အပြန်အလှန်ဆွေးနွေးမှု" သာ ဖြစ်သင့်ပြီး၊ "အမိန့်ပေးစေခိုင်းမှု" မဖြစ်သင့်ဘူး။
အိမ်ဥပမာကို ပြန်ကောက်ရအောင်။ အခန်းတခန်းက သူ့အခန်းမှာရှိတဲ့ ပရိဘောဂ၊ ဂီတနဲ့ ဓလေ့ထုံးတမ်းတွေက အကောင်းဆုံးဖြစ်တယ်၊ ဒါကြောင့် ကျန်တဲ့အခန်းတွေကလည်း သူ့လိုပဲ လိုက်လုပ်ရမယ်လို့ တောင်းဆိုတယ် ဆိုပါစို့။ ဒါဟာ သဟဇာတဖြစ်တာမဟုတ်ဘဲ၊ ဗိုလ်ကျစိုးမိုးတာပဲ ဖြစ်တယ်။ လူမျိုးတမျိုးအတွက် ပြောရရင်တော့ ဒါဟာ ကိုလိုနီနယ်ချဲ့ခြင်းပါပဲ။
ဘယ်သူ့ရဲ့တန်ဖိုးတွေကို အားလုံးအတွက် စံအဖြစ် သတ်မှတ်နေသလဲ။
လူများစုက "ငါတို့ကတော့ ကြားနေပါ" လို့ ပြောတဲ့အခါ၊ သူတို့ဟာ မကြာခဏဆိုသလို သူတို့ရဲ့အာဏာကို ဖုံးကွယ်ထားတတ်ကြတယ်။ ယဉ်ကျေးမှုအုပ်စုတခုကို "နိုင်ငံ" ဒါမှမဟုတ် "အမျိုးသား" လို့ ခေါ်ပြီး၊ အလားတူ လက္ခဏာရပ်တွေရှိတဲ့ တခြားအုပ်စုတွေကိုကျတော့ "လူမျိုးစု" လို့ ခေါ်လိုက်တာနဲ့ကို ဘာသာစကားသုံးနှုန်းမှုကိုယ်တိုင်က အထက်အောက် အဆင့်ခွဲခြားမှုကို ဖန်တီးလိုက်တာပဲ။
ဖက်ဒရယ်စနစ်က အရေးပါရတာဟာ လူတွေက အခြေခံအားဖြင့် မတူညီကြလို့ မဟုတ်ဘဲ၊ သမိုင်းတလျှောက်လုံး လူတွေကို ခွဲခြားဆက်ဆံခဲ့ကြလို့ ဖြစ်တယ်။ အဓိကအချက်က လူ့အသိုင်းအဝိုင်းတွေအနေနဲ့ သီးခြားခွဲထွက်အုပ်ချုပ်ဖို့ မဟုတ်ဘဲ၊ သူတို့မှာ အဲဒီလို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိကိုရှိရမယ်ဆိုတဲ့ အချက်ပါပဲ။ (အထူးသဖြင့် အဲဒီအခွင့်အရေး မရှိဘူးလို့ မျိုးဆက်ပေါင်းများစွာ အပြောခံခဲ့ရပြီးတဲ့နောက်မှာ ဒီအချက်က ပိုအရေးကြီးလာတယ်)။
ဒါကြောင့် ဖက်ဒရယ်စနစ်ဆိုတာ အုပ်ချုပ်ရေးသက်သက်မဟုတ်ဘဲ၊ သမိုင်းဆိုင်ရာကုစားမှုတခုလည်း ဖြစ်တယ်။ အတင်းအကျပ် ဇာတ်သွင်းခံရမှုတွေ၊ ယဉ်ကျေးမှုပျောက်ပျက်အောင် လုပ်ဆောင်မှုတွေကို ကုစားဖို့ ဖိတ်ခေါ်ချက်တခု ဖြစ်တယ်။ "ငါတို့ မတူညီကြဘူး၊ အဲဒီလိုမတူတာက အဆင်ပြေတယ်။ ဒါပေမဲ့ ငါတို့က အနာဂတ်တခုကို အတူမျှဝေဖို့ ရွေးချယ်ထားကြတယ်" လို့ ပြောခွင့်ရမယ့် အခွင့်အရေးတခု ဖြစ်တယ်။
ရှေ့ဆက်ရမယ့် အမျှတဆုံးလမ်းကြောင်းဟာ အားလုံးအတွက် "ပုံစံခွက်တခုတည်း" သုံးတာ မဟုတ်ပါဘူး။ လူတွေကို နိုင်ငံတခုတည်းရဲ့ အစိတ်အပိုင်းအဖြစ် ရှိနေစေလျက်နဲ့ သူတို့ရဲ့ နိုင်ငံရေးအနာဂတ်ကို သူတို့ကိုယ်တိုင် ပုံဖော်ခွင့်ပြုတဲ့ "ကွဲပြားစုံလင်တဲ့ပုံစံခွက်" သာ ဖြစ်တယ်။ ဒါဟာ "ဘက်စုံသုံး ဖက်ဒရယ်စနစ်" (Multinational Federalism) က ပေးဆောင်တဲ့အရာပါပဲ။ ဝိသေသလက္ခဏာတခုတည်းမဟုတ်ဘဲ များစွာရှိနေခြင်း၊ ဗဟိုချက်တခုတည်းမဟုတ်ဘဲ ညှိနှိုင်းဆောင်ရွက်နေတဲ့ ဗဟိုချက်များစွာ ရှိနေခြင်း ဖြစ်တယ်။
အချို့က "ဒါဆိုရင် ငါတို့တိုင်းပြည် ပြိုကွဲမသွားဘူးလား" လို့ မေးကြလိမ့်မယ်။
တိုင်းရင်းသားတွေကတော့ "တူညီချင်ယောင်ဆောင်နေတာကပဲ သင့်ကို ဖြိုခွဲနှင့်ပြီး ဖြစ်တယ်" လို့ ပြန်ဖြေပါလိမ့်မယ်။ တိုင်းပြည်တခုရဲ့ စစ်မှန်တဲ့အင်အားဟာ လူတွေ ဘယ်လောက်တူညီသလဲဆိုတာပေါ်မှာ မမူတည်ဘဲ၊ သူတို့ရဲ့ ကွဲပြားခြားနားမှုတွေကို တရားမျှတမှု၊ ဂုဏ်သိက္ခာတို့နဲ့ ဘယ်လောက်ကောင်းအောင် စီမံခန့်ခွဲနိုင်သလဲဆိုတာပေါ်မှာသာ မူတည်ပါတယ်။3
ဘာတွေက ဖက်ဒရယ်စနစ် မဟုတ်ဘူးလဲ။
ဖက်ဒရယ်စနစ်ဟာ ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းသက်သက် မဟုတ်ဘူး။ အာဏာကို အထက်ကဖြစ်စေ၊ အောက်ကဖြစ်စေ ခွဲဝေပေးတာမျိုး မဟုတ်ဘူး။ သူပုန်တွေကို ချော့သိပ်ဖို့ နည်းပညာပိုင်းဆိုင်ရာ ပြုပြင်မှုတခု မဟုတ်ဘူး။ အမှတ်သညာတွေကို ကျပ်တည်းတဲ့ သေတ္တာတွေထဲမှာ ထည့်ပြီး အသေပိတ်ထားတာမျိုး မဟုတ်ဘူး။
ဖက်ဒရယ်စနစ်ဆိုတာ ဗဟိုအာဏာပိုင်က "ပေးသနားတဲ့" အရာမဟုတ်ဘဲ၊ သဘောတူညီချက်မပါဘဲ အုပ်ချုပ်ခံရတာကို ငြင်းဆန်တဲ့လူတွေက ညှိနှိုင်းယူထားတဲ့ အရာဖြစ်တယ်။ လက်ဆောင်မဟုတ်ဘဲ ပဋိညာဉ်စာချုပ်တခု ဖြစ်တယ်။
မှန်ပါတယ်။ ဖက်ဒရယ်စနစ်က ခက်ခဲတယ်။ အန္တရာယ်တွေလည်း ရှိတယ်။ နယ်နိမိတ်မျဉ်းတွေ ပြန်ဆွဲလိုက်ရုံနဲ့ အာဏာလွန်ဆွဲပွဲတွေ ပျောက်ကွယ်သွားမှာ မဟုတ်ဘူး။ ဒါကြောင့် ကျွန်ုပ်တို့ဟာ "ဒီဖက်ဒရယ်စနစ်ကို လူထုကို လုပ်ပိုင်ခွင့်အာဏာပေးဖို့ သုံးနေတာလား၊ ဒါမှမဟုတ် ဗိုလ်ကျစိုးမိုးမှု ပုံစံသစ်တွေကို တည်ဆောက်ဖို့ သုံးနေတာလား" လို့ အမြဲမေးခွန်းထုတ်နေရမယ်။
ကျွန်ုပ်တို့ သတိရရမယ့်အချက်က အမှတ်သညာဆိုတာ တည်ဆောက်ယူထားတဲ့ အရာတွေ ဖြစ်တယ်။ ဒါပေမဲ့ ဒီလိုပြောလိုက်တာက အဲဒီအရာတွေကို အတုအယောင်ဖြစ်မသွားစေပါဘူး။ ဒီအမှတ်သညာတွေဟာ နိုင်ငံရေးအရ အရေးကြီးတယ်။ ဒါကြောင့် ငြိမ်းချမ်းတဲ့လူ့အဖွဲ့အစည်းကို တည်ဆောက်ဖို့အတွက် အဲဒီအရာတွေကို လျစ်လျူမရှုဘဲ ဂရုတစိုက်ကိုင်တွယ်တဲ့ စနစ်တွေကို တည်ဆောက်ရမယ်။
အတွေးအခေါ်လွတ်လပ်တဲ့ ကမ္ဘာတခုမှာ ဖက်ဒရယ်စနစ်ဟာ ပုံသေကားကျ အမှန်တရားတွေနဲ့ သိပ်မသက်ဆိုင်ဘဲ၊ မျှဝေထားတဲ့ သဘောတူညီချက်တွေနဲ့ ပိုသက်ဆိုင်တယ်။ "သင် ဘယ်သူလဲ" ဆိုတာထက် "တို့ ဘယ်လိုအတူတကွ နေထိုင်ချင်ကြသလဲ" ဆိုတာနဲ့ ပိုသက်ဆိုင်တယ်။ ဖက်ဒရယ်စနစ် ရှိနေရတာက အဲဒါကိုမရွေးချယ်ဘဲ တူညီသွားအောင် အတင်းအကျပ် ဝါးမျိုဇာတ်သွင်းခြင်းကို ရွေးချယ်လိုက်ရင် အကြမ်းဖက်မှုတခု ဖြစ်နေလို့ပါပဲ။
ဒါကြောင့် နောက်မျိုးဆက်သစ်တွေကို "ဘယ်သူက ဒီမြေရဲ့ ပိုင်ရှင်စစ်လဲ" လို့ မေးခိုင်းမယ့်အစား၊ "ငါတို့အားလုံး ဒီအနာဂတ်ကို ထိန်းသိမ်းစောင့်ရှောက်သူတွေ ဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ" လို့ မေးခွန်းထုတ်တတ်အောင် သင်ကြားပေးရပါလိမ့်မယ်။
မြန်မာနိုင်ငံ လိုအပ်နေတဲ့ ဖက်ဒရယ်စနစ်ပုံစံဟာ အချို့သောရှုထောင့်များအရ ကြည့်ရင်- ကျိုးပဲ့လွယ်တဲ့၊ အတူပိုင်ဆိုင်တဲ့ ဒီကမ္ဘာလောကကြီးထဲမှာ "ညှိနှိုင်းရယူထားတဲ့ အမှန်တရားများစွာ" နဲ့အတူ နေထိုင်ရဲတဲ့ အသံမထွက်တဲ့သတ္တိပါ။


Comments
Post a Comment