Skip to main content

"၁၃၅ မျိုး" ဆိုတာ မနုဿဗေဒ သဘောတရားလား၊ နိုင်ငံရေးထောင်ချောက်လား


မြန်မာ့နိုင်ငံရေး ရေစီးကြောင်းထဲမှာ စာရေးသူတို့ နားယဉ်နေခဲ့တဲ့ ကိန်းဂဏန်းတခု ရှိပါတယ်။ ဒါကတော့ တိုင်းရင်းသား ၁၃၅ မျိုးဆိုတဲ့ အမှတ်အသားပါပဲ။ ဒီကိန်းဂဏန်းကို မတူကွဲပြားကြွယ်ဝခြင်းရဲ့ ပြယုဂ်အဖြစ် ယေဘုယျ လက်ခံထားကြပေမဲ့ ဒီစာရင်းဟာ ရိုးရှင်းတဲ့ လူမျိုးစုစာရင်းအင်းတခု သက်သက် မဟုတ်ဘူး ဆိုတာကို တံပိုးသံစာစဉ်ရဲ့ "ဗဟုအမျိုးသားဖြစ်တည်မှုနှင့် မြန်မာ့ဇာတ်ကြောင်း ပြန်ပြောင်းသုံးသပ်ရာဝယ်" စာတမ်းမှာ ဆွေးနွေးထားပါတယ်။ နိုင်ငံရေးသိပ္ပံရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ဒီစာရင်းဟာ လူ့အဖွဲ့အစည်းတရပ်ကို နိုင်ငံရေးအင်အားစုအဖြစ် မစုစည်းနိုင်အောင် အက်တမ်မြူမှုန်တွေသဖွယ် တစစီချေမွဖြိုခွဲလိုက်တဲ့ (Social Atomization) ဖြစ်စဉ်တခုအဖြစ် ရှုမြင်နိုင်စရာ အကြောင်းရင်းတွေ ရှိနေပါတယ်။

"၁၃၅" ဆိုတဲ့ ဂဏန်းရဲ့ ဇာစ်မြစ်ကို ပြန်ကောက်ကြည့်ဖို့ လိုပါလိမ့်မယ်။ ဒီစာရင်းဟာ အစောပိုင်း အချက်အလက်အမှားတွေကို ပုံပျက်ပန်းပျက် ကိုးကားပြီး ၁၉၉၀ ဝန်းကျင် စစ်အစိုးရလက်ထက်ကျမှ တရားဝင် ခိုင်ခိုင်မာမာ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ မနုဿဗေဒပညာရှင်တွေရဲ့ စနစ်ကျတဲ့ သုတေသနပြုချက်တွေပေါ် အခြေခံထားတာထက် နိုင်ငံရေးရည်ရွယ်ချက်နဲ့ စုစည်းထားတာဖြစ်ကြောင်း ပညာရှင်အများအပြားက ထောက်ပြကြတယ်။ ကိုးနဝင်းကျေ ယတြာချေတဲ့အနေနဲ့ လုပ်ဆောင်ချက်လို့ ဆိုသူများတောင် ရှိကြရဲ့။ စာရင်းကို သေချာလေ့လာကြည့်ရင် လူထုကြီးတရပ်တည်းအောက်မှာ ရှိနေတဲ့ မျိုးနွယ်စုခွဲငယ်တွေကို သီးခြားလူမျိုးစုတွေအဖြစ် ထပ်ခါတလဲလဲ ရေတွက်ထားတာ တွေ့ရပါမယ်။ ဥပမာ - ချင်း သို့မဟုတ် သျှမ်းလို လူထုကြီးတွေအောက်က မျိုးနွယ်စုငယ်တွေကို သီးခြားနံပါတ်စဉ်တွေ တပ်လိုက်ပြီး အရေအတွက် ဖောင်းပွလာအောင် လုပ်ဆောင်ထားတာမျိုးပါ။

ဒီနေရာမှာ မေးစရာရှိတာက အခုလို အရေအတွက်များပြားလာခြင်းက ဘာကို ဖြစ်စေသလဲဆိုတဲ့ အချက်ပါပဲ။ Gagnon က လူမျိုးစုံဒီမိုကရေစီများအကြောင်း ဆွေးနွေးခဲ့သလိုပါပဲ၊ နိုင်ငံတော်က ဒီလိုဖြိုခွဲလိုက်တာဟာ ပြည်တွင်းမှာပင်ရှိတဲ့ တခုမကသော "အမျိုးသားလူထုများ" (Nations) ဆိုတဲ့ နိုင်ငံရေးအရ အားကောင်းမောင်းသန် ဖြစ်တည်မှုကို မှေးမှိန်သွားစေဖို့ ရည်ရွယ်ချက် ရှိနေနိုင်တယ်။ အကယ်၍ လူအုပ်စုတစုဟာ မိမိတို့ကိုယ်ကို ကရင်အမျိုးသားလူထု၊ ရခိုင်အမျိုးသားလူထု စသဖြင့် နိုင်ငံရေးအင်အားစုတရပ် (Nation) အနေနဲ့ ခံယူထားရင် ဗဟိုအစိုးရနဲ့ အာဏာခွဲဝေမှု ညှိနှိုင်းရာမှာ ကြီးမားတဲ့ တန်ခိုးအာဏာ (Bargaining Power) ကို ရရှိနိုင်ပါလိမ့်မယ်။ သို့ပေမဲ့ ထိုအုပ်စုကြီးကို ၁၃၅ မျိုးထဲက အစိတ်အပိုင်းငယ်လေးတွေအဖြစ် လျှော့ချလိုက်တဲ့အခါ သူတို့ဟာ နိုင်ငံရေးအရ တန်းတူညီမျှမှုကို တောင်းဆိုနိုင်တဲ့ "Nation" အဆင့်ကနေ ယဉ်ကျေးမှုအရ ထိန်းသိမ်းစောင့်ရှောက်ခံရမယ့် "Ethnic Minority" (လူနည်းစု) အဆင့်ကို လျှောကျသွားပါတော့တယ်လို့ "ဗဟုအမျိုးသားဖြစ်တည်မှုနှင့် မြန်မာ့ဇာတ်ကြောင်း ပြန်ပြောင်းသုံးသပ်ရာဝယ်" စာတမ်းမှာ ဆွေးနွေးထားပါတယ်။

တချို့က မေးခွန်းထုတ်စရာ ရှိနိုင်တယ်။ လူနည်းစုလေးတွေရဲ့ ဖြစ်တည်မှုကို အသိအမှတ်ပြုခြင်းဟာ ဒီမိုကရေစီနည်းကျတယ် မဟုတ်လားပေါ့။ မှန်ပါတယ်။ လူမျိုးစုငယ်လေးတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ယဉ်ကျေးမှုကို လေးစားရမှာ အမှန်ပါပဲ။ သို့သော် ဒီ ၁၃၅ မျိုး စာရင်းရဲ့ အကျိုးသက်ရောက်မှုက လူမျိုးစုငယ်တွေကို အကာအကွယ်ပေးခြင်းထက် တိုင်းရင်းသားတွေကြား စုစည်းညီညွတ်မှုကို ပြိုကွဲစေပြီး ဗဟိုက ချုပ်ကိုင်ရလွယ်ကူစေဖို့ ဖန်တီးလိုက်တဲ့ သွေးခွဲအုပ်ချုပ်ခြင်း (Divide and Rule) ဗျူဟာမြောက်နေတာကိုတော့ စာရေးသူတို့ ကြပ်ကြပ်သတိမူသင့်တယ်။ စာတမ်းမှာ ပါရှိသလိုပဲ ဒီစာရင်းဟာ တိုင်းရင်းသားဒေသတွေမှာရှိတဲ့ Internal Nations (ပြည်နယ်အတွင်းရှိ အမျိုးသားလူထုများ) ရဲ့ နိုင်ငံရေးအိပ်မက်တွေကို မှေးမှိန်ပျောက်ကွယ်သွားစေဖို့ ဖြစ်နေလို့ပါပဲ။

ဒါကြောင့် စာရေးသူတို့ဟာ ၁၃၅ မျိုး၊ ဒါမှမဟုတ် ဒီထက်ပိုတယ်ဆိုတဲ့ ထောင်ချောက်ကို ကျော်လွန်ပြီး မဟာဗျူဟာမြောက်တဲ့ စုစည်းမှုဆီမှာပဲ ဦးတည်ရပါလိမ့်မယ်။ မိမိတို့ရဲ့ သမိုင်းကြောင်း၊ ယဉ်ကျေးမှုနဲ့ နိုင်ငံရေးအမွေအနှစ် တူညီသူတွေအနေနဲ့ "လူမျိုးစု" ဆိုတဲ့ တာဝန်စည်းနှောင်မှုထက် မြင့်မားတဲ့ "အမျိုးသားလူထု" (Nation) များအဖြစ် ရပ်တည်မှသာ လာမယ့် ဖက်ဒရယ်ပြည်ထောင်စုမှာ တန်းတူညီမျှသော နိုင်ငံရေးယူနစ်တွေအဖြစ် ပါဝင်နိုင်ပါလိမ့်မယ်။ အဓိက စကားလုံးက စုစည်းလာဖို့ ဖြစ်ပါတယ်။ ကိုယ့်ဘာသာ ခွဲရပ်တည်ဖို့ မဟုတ်ပါဘူး။ ၁၃၅ မျိုးဟူသော ကိန်းဂဏန်းအောက်မှာ ပိတ်မိနေခြင်းဟာ မိမိတို့ရဲ့ နိုင်ငံရေးအနာဂတ်ကို စိတ်ဓာတ်ရေးရာအရရော၊ ဖွဲ့စည်းပုံအရပါ အားနည်းသွားစေနိုင်တယ်ဆိုတာ သတိပြုဖို့ လိုအပ်ပါတယ်။

(တံပိုးသံစာစဉ်ရဲ့ "ဗဟုအမျိုးသားဖြစ်တည်မှုနှင့် မြန်မာ့ဇာတ်ကြောင်း ပြန်ပြောင်းသုံးသပ်ရာဝယ်" စာတမ်းကို အောက်ပါလင့်ခ်တွင် အပြည့်အစုံ ဖတ်ရှုနိုင်ပါတယ် -
https://drive.google.com/file/d/1KGbBpGqNsm1YhDrQuA0No3_fsOO9Zq8B/view)

Comments

Popular posts from this blog

ဖက်ဒရယ်သည် စကားဝိုင်းတခု၊ အိမ်တခု

အိမ်တအိမ်ကို စိတ်ကူးပုံဖော်ကြည့်ပါ။ ဒီအိမ်ကြီးထဲက အခန်းတွေဟာ တခုနဲ့တခု မတူညီကြဘူး။ အခန်းတခန်းမှာ ကလေးပုံပြင်တွေ ကပ်ထားပြီး၊ နောက်တခန်းမှာတော့ သီချင်းသံတွေ ကြားနေရတယ်။ တချို့အခန်းတွေက နံ့သာပေါင်းမီးထွန်းပြီး ဘုရားဝတ်ပြုချိန်မှာ၊ တခြားအခန်းတွေကတော့ ထမင်းလက်ဆုံစားနေကြတယ်။ ဒီအခန်းတွေထဲ နေထိုင်ကြသူတွေဟာ မိသားစုဝင်တွေ ဖြစ်ကြပေမဲ့၊ တပုံစံတည်း တူညီနေသူတွေ မဟုတ်ကြဘူး။ သူတို့ အမြဲတမ်း သဘောထားချင်း တိုက်ဆိုင်နေတာလည်း မဟုတ်ဘူး။ တခါတရံ ရန်ဖြစ်ကြတယ်။ ဒါပေမဲ့ သူတို့အားလုံး သဘောတူထားတဲ့ အချက်တချက်တော့ ရှိတယ်။ အဲဒါကတော့ "ဒီအိမ်ဟာ သူတို့ထဲက တဦးတယောက်တည်း ပိုင်ဆိုင်တာမဟုတ်ဘဲ၊ အားလုံးနဲ့ သက်ဆိုင်တဲ့အိမ် ဖြစ်ရမယ်" ဆိုတဲ့ အချက်ပါပဲ။   ဒါဟာ ဖက်ဒရယ်စနစ်ရဲ့ အနှစ်သာရ၊ ဒါမှမဟုတ် ဖက်ဒရယ်ရဲ့ ဝိညာဉ်ပဲ ဖြစ်တယ်။ အနည်းဆုံးတော့ ဒီလိုပဲ ဖြစ်သင့်တယ်။   ဒါပေမဲ့ ဖြည်းဖြည်းချင်း ပြန်စဉ်းစားကြည့်ရအောင်။ ဖက်ဒရယ်စနစ်ဆိုတာ ဘာလဲ။ (ကျောင်းသုံးစာအုပ်ထဲက အဓိပ္ပာယ်ဖွင့်ဆိုချက်မျိုးမဟုတ်ဘဲ၊ အသက်ဝင်လှုပ်ရှားနေတဲ့ နိုင်ငံရေးအယူအဆတခုအနေနဲ့ မေးချင်တာပါ)။   ဖက်ဒရယ်စနစ်ဆိုတာ မြေပုံမဟုတ်ဘူး၊ စကားဝိုင်းတခုသာ ဖြစ်တယ်။   မြန...

မဲပုံးထဲက ကိုလိုနီမှန်ကူကွက်

မျက်မှောက်ခေတ် နိုင်ငံရေးစကားဝိုင်းများတွင် ရွေးကောက်ပွဲများကို တရားဝင်အစိုးရတရပ် ဖြစ်တည်လာရေးအတွက် မရှိမဖြစ်လိုအပ်ချက်တခုအဖြစ်၊ ပြည်သူ့အချုပ်အခြာအာဏာကို ဖော်ထုတ်ပြသသည့် "သဘာဝကျသော" “အမြင့်ဆုံးယန္တရားတခုအဖြစ် မကြာခဏ ပုံဖော်လေ့ရှိကြသည်။ သို့သော် ကိုလိုနီခေတ်လွန် လွတ်မြောက်ရေးရှုထောင့်မှ ဝေဖန်ဆန်းစစ်ကြည့်လျှင် မြန်မာနိုင်ငံက အမွေဆက်ခံခဲ့သော ရွေးကောက်ပွဲပုံစံသည် အရောင်မပါသည့်အုပ်ချုပ်ရေး လုပ်ထုံးလုပ်နည်းတခုနှင့် များစွာ ကွာခြားနေသည်ကို တွေ့ရမည်ဖြစ်သည်။ အမှန်စင်စစ် ထိုရွေးကောက်ပွဲပုံစံသည် ကိုလိုနီခေတ် တရားဝင်ကုန်ဆုံးသွားပြီးနောက်တွင်ပင် ဆက်လက်ရှင်သန်နေသော "ကိုလိုနီအာဏာတည်ဆောက်ပုံ" ၏ ထင်ရှားသည့် သက်သေသာဓကတခုပင် ဖြစ်သည်။ ရွေးကောက်ပွဲယန္တရား၏ သမိုင်းအမြစ်များကို မေးခွန်းမထုတ်ဘဲ "ရွေးကောက်ပွဲများက ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ပေးသည်" ဟု အခိုင်အမာဆိုခြင်းသည် အာဏာကို မည်သို့ဖွဲ့စည်းပုံဖော်ထားပုံ၊ လူဦးရေကို မည်သို့အမျိုးအစားခွဲခြားပုံ၊ မည်သူတို့ကို တရားဝင်နိုင်ငံရေးသမားအဖြစ် သတ်မှတ်ပုံတို့နှင့် ပတ်သက်သည့် ကိုလိုနီခေတ်က စိတ်ကူးပုံဖော်မှုကို မရည်ရွယ်ဘဲ ပြန်လည်ထုတ်လုပ်...

မြန်မာနိုင်ငံတွင်း ဖီမစ်နစ်ဇင်ကို ကိုလိုနီခေတ်လွန်မှန်ပြောင်းဖြင့် ပြန်လည်ရှုမြင်ခြင်း

မြန်မာနိုင်ငံ၏ နွေဦးတော်လှန်ရေးသည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် နိုင်ငံရေးတိုက်ပွဲ တခုမျှသာ မဟုတ်တော့ပေ။ ယင်းသည် ရာစုနှစ်နှင့်ချီ၍ အမြစ်တွယ်နေသော ဖိနှိပ်မှုစနစ်တခုလုံး၏ အုတ်မြစ်ကို လှုပ်ခါလိုက်သည့် လူမှုတော်လှန်ရေးတရပ် ဖြစ်လာသည်။ ဤမီးလျှံများကြားတွင် အားအကောင်းဆုံးနှင့် အတောက်ပဆုံးသော မီးတောက်တခုမှာ အမျိုးသမီးများနှင့် လိင်စိတ်ကွဲပြားသူ (LGBTQ+) အသိုင်းအဝိုင်းက ဦးဆောင်နေသည့် တော်လှန်ထကြွမှုပင် ဖြစ်သည်။ သို့သော် ဤလှုပ်ရှားမှုကို "ဖီမစ်နစ်ဇင်" (Feminism) ဟူသော အနောက်တိုင်းမှ တင်သွင်းလာသည့် ဘောင်တခုတည်းဖြင့် ကြည့်ရှုခြင်းသည် ယင်း၏ နက်ရှိုင်းမှုနှင့် အစွန်းရောက်သဘောကို လျှော့ချရာရောက်ပေမည်။ စစ်မှန်သော နားလည်မှုရရှိရန်၊ စာရေးသူတို့သည် ဤလှုပ်ရှားမှုကို ကိုလိုနီခေတ်လွန်မှန်ပြောင်း (a decolonial lens) ဖြင့် ပြန်လည်ရှုမြင်ရန် လိုအပ်သည်။ ဤသို့ရှုမြင်မှသာ ယခုဖြစ်ပွားနေသည်မှာ နိုင်ငံခြားမှ တင်သွင်းလာသော "Feminism" ကို ပြန်လည်တည်ဆောက်ဖို့ အသည်းအသန်ကြိုးစားရန် လိုနေခြင်းမဟုတ်ဘဲ၊ မြန်မာ့မြေပေါ်တွင် အသစ်စက်စက်၊ ပိုမိုပြည့်စုံပြီး အားကောင်းသော လွတ်မြောက်ရေးဒဿနတခုကို "မွေးဖွာ...