Skip to main content

ဘုံကောင်းကျိုး ဆိုတာ ဘာလဲ?

လူ့အဖွဲ့အစည်းဆိုတာ တဦးချင်းစီရဲ့ ဘဝပေါင်းစုံနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ အရာပါ။ ဒါတင်မက လူတဦးချင်းကိုလည်း ဒီအဖွဲ့အစည်းကနေ ပုံဖော်ပါတယ်။ လူတွေမမွေးခင်ထဲက လူ့အဖွဲ့အစည်းရှိနေပြီး၊ လူတွေမွေးလာတဲ့အခါ လူ့အဖွဲ့အစည်းထဲမှာ ပေါင်းစပ်လို့ နေကြတယ်။ အဲဒီလို ပေါင်းစည်းနေထိုင်ကြတဲ့အခါ တဦးချင်းစီရဲ့ အကျိုးစီးပွားတွေတင်မကဘဲ လူ့အဖွဲ့အစည်း တရပ်လုံးအတွက် ကောင်းကျိုးတွေကိုလည်း စဉ်းစားကြရပါတယ်။ ဒီလို လူအများစု ဒါမှမဟုတ် လူ့အဖွဲ့အစည်း တခုလုံးအတွက် ဖြစ်ထွန်းစေမယ့် ကောင်းကျိုးတွေကို "ဘုံကောင်းကျိုး" (Common Good) လို့ ခေါ်ဆိုနိုင်ပါတယ်။


တချို့က ဘုံကောင်းကျိုးဆိုတဲ့ စကားလုံးကို ကြားလိုက်တာနဲ့ ခရစ်ယာန် ဘာသာရေးနဲ့ ဆက်စပ်ပြီး တွေးမိတတ်ကြပါတယ်။ Common Good ဆိုတဲ့ စကားလုံးက ခရစ်ယာန်တွေ သုံးတာများခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တော့ ဘုံကောင်းကျိုးဆိုတဲ့ အယူအဆဟာ ဘာသာရေးဘောင်တွေကို ကျော်လွန်ပြီး လူသားတွေ စုပေါင်းနေထိုင်တဲ့ ရှေးအကျဆုံး အချိန်တွေကတည်းက တည်ရှိခဲ့တာ ဖြစ်ပါတယ်။ သမိုင်းမတင်မီ လူသားတွေ စတင် စုပေါင်းနေထိုင်ခဲ့ကြတဲ့ အချိန်တွေကတည်းက အမဲလိုက်တာ၊ အစားအသောက် ရှာဖွေတာ၊ ကိုယ့်အုပ်စုကို ကာကွယ်တာ စတဲ့ လုပ်ငန်းဆောင်တာတွေမှာ တဦးချင်းစီရဲ့ ကြိုးပမ်းမှုအပြင် အဖွဲ့အစည်းတခုလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုကနေ ရရှိလာမယ့် အကျိုးကျေးဇူးတွေကို စဉ်းစားခဲ့ကြရပါတယ်။ အဲဒါတွေဟာ ဘုံကောင်းကျိုးရဲ့ အခြေခံ အစစ်အမှန်တွေပါပဲ။


ဂရိတွေးခေါ်ရှင် အရစ္စတိုတယ် (Aristotle) လို ပုဂ္ဂိုလ်မျိုးဆိုရင် နိုင်ငံတော် (Polis) ရဲ့ ရည်မှန်းချက်ဟာ နိုင်ငံသားတိုင်းရဲ့ ဘဝကောင်းစားရေး (Eudaimonia) ကို ဖော်ဆောင်ဖို့ ဖြစ်တယ်လို့ မြင်ခဲ့ပါတယ်။ ဒါဟာ အတ္တဆန်တဲ့ ပုဂ္ဂိုလ်ရေး အကျိုးစီးပွား တခုတည်း မဟုတ်ဘဲ လူ့အဖွဲ့အစည်း တခုလုံးရဲ့ ဘဝ အရည်အသွေးကို မြှင့်တင်ပေးမယ့် ဘုံကောင်းကျိုးဆန်တဲ့ စဉ်းစားပုံ ဖြစ်ပါတယ်။


နောက်ပိုင်းမှာ ရူးဆိုး (Jean-Jacques Rousseau) ကလည်း "ဘုံအကျိုးဆန္ဒ" (General Will) ဆိုတဲ့ အယူအဆကို တင်ပြခဲ့ပါတယ်။ သူက လူ့အဖွဲ့အစည်းမှာ နိုင်ငံသားတွေဟာ ကိုယ်ပိုင် အကျိုးစီးပွားတွေကို ကျော်လွန်ပြီး လူ့အဖွဲ့အစည်း တခုလုံးအတွက် ဘုံအကျိုးစီးပွားကို ရှာဖွေရမယ်လို့ ဆိုခဲ့ပါတယ်။ ဒီလို ဘုံအကျိုးစီးပွားကို လိုက်နာခြင်းအားဖြင့်သာ လူတိုင်းရဲ့ လွတ်လပ်ခွင့်ကို အာမခံနိုင်မယ်လို့ ရူးဆိုးက ယုံကြည်ခဲ့ပါတယ်။


ခေတ်သစ် တွေးခေါ်ဆရာ မိုက်ကယ် ဆန်ဒယ်လ် (Michael Sandel) လို ပုဂ္ဂိုလ်တွေကလည်း ဘုံကောင်းကျိုးအပေါ် အလေးထား ဆွေးနွေးခဲ့ကြပါတယ်။ အသိုက်အမြုံဝါဒီတွေအတွက် ဘုံကောင်းကျိုးဆိုတာ လူ့အဖွဲ့အစည်း တခုလုံးက တန်ဖိုးထားတဲ့ ပန်းတိုင်တွေ၊ စံနှုန်းတွေနဲ့ အခြေအနေတွေကို ဆိုလိုတာ ဖြစ်ပါတယ်တဲ့။ ဒါတွေဟာ လူတိုင်းရဲ့ ဘဝကို ပိုမို ကောင်းမွန်စေဖို့ အထောက်အကူပြုတဲ့ အရာတွေ ဖြစ်ပါတယ်။ တခြားတွေးခေါ်ရှင်တွေကလည်း ဘုံကောင်းကျိုးကို အများပြည်သူဆိုင်ရာ ကျန်းမာရေး၊ ပညာရေး၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး၊ တရားမျှတတဲ့ စီးပွားရေးစနစ် စတာတွေနဲ့ ဆက်စပ်ပြီး ဆွေးနွေးခဲ့ကြတာကို တွေ့ရပါတယ်။


ဒီနေ့ခေတ်မှာတော့ ဘုံကောင်းကျိုးဆိုတာ ပိုပြီး လက်တွေ့ဆန်ဆန် စဉ်းစားဖို့ လိုလာပါပြီ။ အဲဒါက ဘယ်သူ့ကိုမှ မချန်ခဲ့ဘဲ၊ ဘယ်သူ့ကိုမှ မပယ်ထုတ်ဘဲ လူတိုင်းအတွက် တကယ်တမ်း အကျိုးရှိစေမယ့် ကောင်းကျိုးတွေ ဖြစ်ရပါမယ်။ လူ့အဖွဲ့အစည်းထဲက အားနည်းသူတွေ၊ ဘေးဖယ်ခံထားရသူတွေ၊ လူနည်းစုတွေရဲ့ အကျိုးစီးပွားတွေကိုပါ ထည့်သွင်းစဉ်းစားပြီး ဖော်ဆောင်ရတာ ဖြစ်ပါတယ်။


ဥပမာအားဖြင့် ကျောင်းတွေ ဆောက်တယ်ဆိုပါစို့။ ကျောင်းဆောက်တယ်ဆိုတာ ပညာရေး ဘုံကောင်းကျိုးအတွက် ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကျောင်းက မြို့ပေါ်က ချမ်းသာတဲ့ ကလေးတွေအတွက်ပဲလား။ ဝေးလံခေါင်သီတဲ့ ဒေသက၊ ဆင်းရဲတဲ့ ကလေးတွေအတွက်ပါလား။ အမြင်မတူတဲ့ လူနည်းစု တိုင်းရင်းသား ကလေးတွေအတွက်ပါလား စတာတွေကိုပါ ထည့်သွင်းစဉ်းစားမှသာ တကယ့်ကို ဘုံကောင်းကျိုးအစစ် ဖြစ်လာပါမယ်။


ဘုံကောင်းကျိုးဆိုတာ လူတိုင်း လွတ်လပ်စွာ ပါဝင်နိုင်မယ့် အခြေအနေတွေကို ဖန်တီးပေးဖို့၊ လူတိုင်းရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ပေးဖို့၊ လူတိုင်းရဲ့ ဘဝကို ပိုပြီး ဘေးကင်းလုံခြုံ အဓိပ္ပာယ်ရှိအောင် လုပ်ဆောင်ပေးဖို့ ဖြစ်ပါတယ်။ ဒါဟာ အပေါ်ကနေ ချမှတ်ပေးတဲ့ စနစ်တခု မဟုတ်ဘဲ လူ့အဖွဲ့အစည်း တခုလုံးကနေ တူညီတဲ့တန်ဖိုးတွေ၊ အပြန်အလှန် လေးစားမှုတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး တည်ဆောက်သွားရမယ့် လုပ်ငန်းစဉ်တခုပဲ ဖြစ်ပါတယ်။ ဘုံကောင်းကျိုးကို ဖော်ဆောင်ခြင်းအားဖြင့်သာ စာရေးသူတို့ရဲ့ လူ့အဖွဲ့အစည်းတွေဟာ တကယ်တမ်း ခိုင်မာပြီး တရားမျှတတဲ့ အနာဂတ်တခုကို တည်ဆောက်နိုင်မှာပါပဲ။

Comments