Skip to main content

သမိုင်းကို တည်ဆောက်ခြင်း

လူအများစုက "သမိုင်း" ဆိုတာ မြေကြီးအောက်မှာ မြှုပ်ထားတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို တူးဖော်သလို၊ အတိတ်က အဖြစ်အပျက်တွေကို ရှိရင်းစွဲအတိုင်း ပြန်ဖော်ထုတ်တာပဲလို့ ထင်တတ်ကြတယ်။ ဒါပေမဲ့ ခေတ်သစ်သမိုင်းပညာရှင်တွေနဲ့ လူမှုဗေဒပညာရှင်တွေကတော့ ဒီအယူအဆကို ငြင်းပယ်ကြတယ်။ သူတို့အများအပြား ပြောတာက "သမိုင်းဆိုတာ အတိတ်က ဖြစ်ပျက်ခဲ့သမျှ မဟုတ်ဘဲ၊ ပစ္စုပ္ပန်က လက်ခံထားတဲ့ အတိတ်ရဲ့ ပုံရိပ်သာ ဖြစ်တယ်" တဲ့။ တနည်းအားဖြင့် သမိုင်းဟာ လူ့အဖွဲ့အစည်းက "တည်ဆောက်ယူရတဲ့" (Socially Constructed) အရာတခု ဖြစ်တယ်။ စဉ်းစားကြည့်ပါ။ တခါတလေ ကျောက်စာလေး တပိုင်းကနေ လူတွေအများကြီးပါတဲ့ ဇာတ်အိမ်တွေ တည်ကြတာ။ အိမ်တအိမ်ကို အုတ်၊ သဲ၊ ကျောက်တို့နဲ့ တည်ဆောက်သလိုပဲ၊ သမိုင်းကိုလည်း မှတ်ဉာဏ်၊ ဘာသာစကား၊ အာဏာနဲ့ ရည်ရွယ်ချက်တွေနဲ့ စနစ်တကျ တည်ဆောက်ကြတာ ဖြစ်တယ်။

ဒီဆောင်းပါးမှာ သမိုင်းကို လူ့အဖွဲ့အစည်းက ဘယ်လို တည်ဆောက်ကြသလဲ၊ ဘယ်လို ကိရိယာတွေကို သုံးသလဲ၊ ဘာကြောင့် အဲဒီလို လုပ်ကြသလဲဆိုတာကို လေ့လာသုံးသပ်သွားမယ်။

၁။ သမိုင်းတည်ဆောက်ရာမှာ သုံးတဲ့ ကိရိယာတွေ (The Tools of Construction)

သမိုင်းပညာရှင် ဒါမှမဟုတ် အုပ်စိုးသူတွေဟာ သမိုင်းဆိုတဲ့ အဆောက်အအုံကို တည်ဆောက်ဖို့ အောက်ပါ "ကုန်ကြမ်း" တွေကို အသုံးပြုကြတာ တွေ့တယ်။

က) စုပေါင်းမှတ်ဉာဏ်နဲ့ မေ့လျော့ခြင်း (Collective Memory and Forgetting)

သမိုင်းတည်ဆောက်ခြင်းရဲ့ ပထမဆုံးအဆင့်က "ဘာကို မှတ်ထားမလဲ" နဲ့ "ဘာကို မေ့ပစ်မလဲ" ဆိုတာ ဆုံးဖြတ်ခြင်းပဲ။ လူ့အဖွဲ့အစည်း တခုက အတိတ်က ဖြစ်ရပ်တိုင်းကို မှတ်တမ်းမတင်နိုင်ဘူး။ ဒါကြောင့် "ရွေးချယ်မှတ်သားခြင်း" (Selective Memory) ကို လုပ်ရတယ်။ ဥပမာ နိုင်ငံတနိုင်ငံရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကို ရေးတဲ့အခါ သူရဲကောင်းတွေရဲ့ စွန့်လွှတ်မှုကို အကျယ်တဝင့် ဖော်ပြပေမဲ့၊ အဲဒီကာလအတွင်း ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး အဓိကရုဏ်းတွေ၊ ခေါင်းဆောင်အချင်းချင်း လုပ်ကြံမှုတွေကို ဖျောက်ဖျက်ထားတတ်တယ်။ ဒါကို "မေ့လျော့ခြင်း နိုင်ငံရေး" (Politics of Forgetting) လို့ ခေါ်တယ်။ မေ့သင့်တာကို မေ့ထားမှသာ "အမျိုးသား ညီညွတ်ရေး" ဆိုတဲ့ ပုံရိပ်ကို တည်ဆောက်နိုင်မှာ ဖြစ်လို့ပဲ။

ခ) ဘာသာစကားနဲ့ ဇာတ်ကြောင်း (Language and Narrative)

ဖြစ်ရပ်တခုတည်းကိုပင် သုံးနှုန်းတဲ့ "စကားလုံး" ပေါ် မူတည်ပြီး သမိုင်းပုံရိပ် ပြောင်းလဲသွားနိုင်တယ်မဟုတ်လား။ ဘာသာစကားဟာ သမိုင်းကို ပုံဖော်တဲ့ အစွမ်းထက်ဆုံး လက်နက်ပဲ။

* အစိုးရကို တော်လှန်သူကို "သူပုန်" (Rebel) လို့ ခေါ်မလား၊ "လွတ်မြောက်ရေးသမား" (Freedom Fighter) လို့ ခေါ်မလား။

* နယ်မြေတခုကို သိမ်းယူခြင်းကို "ကျူးကျော်ခြင်း" (Invasion) လို့ ခေါ်မလား၊ "ပြန်လည်ပေါင်းစည်းခြင်း" (Unification) လို့ ခေါ်မလား။

* ၁၉၈၈ အရေးအခင်းကို "အဓိကရုဏ်း" (Disturbance) လို့ ခေါ်မလား၊ "အရေးတော်ပုံ" (Uprising) လို့ ခေါ်မလား။

* သူများနိုင်ငံမှာ ကိုယ် ခိုးဝင်လို့ခေါ်မလား၊ စစ်ရှောင်လို့ ခေါ်မလား။

ဒီစကားလုံး ရွေးချယ်မှုတွေဟာ အတိတ်ကို ပြန်လည်တည်ဆောက်ရာမှာ "အကောင်း/အဆိုး" (Hero/Villain) ဇာတ်ကောင်တွေကို ခွဲခြားသတ်မှတ်ပေးလိုက်တာ ဖြစ်တယ်။ ရိုဟင်ဂျာတွေကို ခိုးဝင်လို့ ခေါ်တဲ့သူတွေ အများကြီးဆိုတာ သိတယ်မဟုတ်လား။ ကိုယ့်အလှည့်ကျတော့ စစ်ရှောင်သူ၊ ခိုလှုံလာသူတွေလို့ ခေါ်ကြတယ်လေ။

ဂ) အာဏာနဲ့ အခွင့်အာဏာ (Power and Authority)

"သမိုင်းကို အောင်နိုင်သူတွေက ရေးတယ်" ဆိုတဲ့ စကားဟာ မှန်တယ်။ သမိုင်းကို ဘယ်သူက တရားဝင် ရေးသားခွင့်၊ သင်ကြားခွင့် ရှိသလဲ ဆိုတဲ့အချက်က အရေးကြီးတယ်။ ဒီထက်မှန်တာကတော့ ဘယ်ဗဟုသုတက တရားဝင်လဲဆိုတာ အာဏာရှိသူက ဆုံးဖြတ်နိုင်တယ်။ (ငယ်ငယ်က အိမ်မှာ ဘာစကား မပြောရဘူးဆို အဆူခံဖူးတယ် မဟုတ်လား)

* မော်ကွန်းတိုက်တွေ (Archives) - အစိုးရက ဘယ်စာရွက်စာတမ်းကို သိမ်းဆည်းပြီး၊ ဘယ်အရာကို ဖျက်ဆီးသလဲ။

* ကျောင်းသင်ရိုးညွှန်းတမ်းတွေ (Textbooks) - ကလေးတွေကို ဘာသင်ပေးသလဲ။ ကျောင်းစာအုပ်မှာ ပါတဲ့ အကြောင်းအရာဟာ "အမှန်တရား" (Official Truth) ဖြစ်လာပြီး၊ မပါတဲ့ အကြောင်းအရာတွေက "ဒဏ္ဍာရီ ဒါမှမဟုတ် ကောလဟာလ" ဖြစ်သွားတယ်။

အာဏာရှိသူတွေဟာ သူတို့ရဲ့ လုပ်ရပ်တွေကို တရားဝင်ဖြစ်စေမယ့် အထောက်အထားတွေကိုသာ "သမိုင်း" အဖြစ် သတ်မှတ်ပြီး၊ ဆန့်ကျင်ဘက် အသံတွေကို "ပုန်ကန်မှု သမိုင်း" အဖြစ် ဘေးဖယ်ထုတ်လေ့ ရှိတယ်။

၂။ သမိုင်းကို ဘာကြောင့် တည်ဆောက်ကြတာလဲ (The Purpose of Construction)

အတိတ်ကို ရိုးရိုးသားသား မှတ်တမ်းတင်ရုံ မဟုတ်ဘဲ၊ ဘာကြောင့် ဒီလို ပုံဖော်တည်ဆောက်ကြရတာလဲ။ အဓိက ရည်ရွယ်ချက် (၃) ခု ရှိတယ်။

က) တရားဝင်မှု ရယူခြင်း (Legitimacy)

ပဒေသရာဇ်ခေတ်မှာ ဘုရင်တွေဟာ သူတို့ နန်းတက်တာ "ဘုန်းကံ ပါလို့"၊ "ဘုရားလောင်းမို့လို့"၊ "ရှေးမင်းတွေရဲ့ အဆက်အနွယ်မို့လို့" ဆိုပြီး သက်သေပြဖို့ ရာဇဝင်ကျမ်းတွေကို ရေးသားစေတယ်။ ခေတ်သစ်နိုင်ငံတွေမှာလည်း အစိုးရတွေက သူတို့ရဲ့ အုပ်ချုပ်မှု တရားဝင်ကြောင်း ပြသဖို့ သမိုင်းကို အသုံးပြုတယ်။ "ငါတို့ဟာ ရှေးကတည်းက တည်ရှိခဲ့တဲ့ နိုင်ငံ ဖြစ်တယ်၊ ဒါကြောင့် အခုလည်း တစုတစည်းတည်း ရှိရမယ်" ဆိုတဲ့ ယုတ္တိကို တည်ဆောက်ဖို့ သမိုင်းကို အသုံးပြုတယ်။ (မဏ္ဍလစနစ်ကို ဖုံးကွယ်ပြီး ခေတ်သစ်မြေပုံတွေနဲ့ ရှေးခေတ်ကို ပုံဖော်တာဟာ ဒီရည်ရွယ်ချက်ကြောင့်ပဲ ဖြစ်တယ်)။

ခ) ကိုယ်ပိုင်လက္ခဏာ ဖန်တီးခြင်း (Identity Formation)

လူအုပ်စု တစုကို "ငါတို့ဟာ တမျိုးတည်း၊ တသားတည်း ဖြစ်တယ်" လို့ ခံစားရစေဖို့ "ဘုံသမိုင်း" (Shared History) တခု လိုတယ်။ Benedict Anderson ဆိုတဲ့ ပညာရှင်က နိုင်ငံတွေကို "စိတ်ကူးနဲ့ ပုံဖော်ထားတဲ့ အသိုက်အဝန်းတွေ" (Imagined Communities) လို့ ခေါ်ခဲ့တယ်။ လူသန်းပေါင်းများစွာဟာ တယောက်ကိုတယောက် မသိကြပေမဲ့၊ "ငါတို့အားလုံးဟာ ပုဂံသားမြေးတွေ ဖြစ်တယ်" ဆိုတဲ့ တည်ဆောက်ထားတဲ့ သမိုင်းဇာတ်ကြောင်းကြောင့် အမျိုးသားရေးစိတ် (Nationalism) ဖြစ်လာကြတယ်။ ဒီသမိုင်းသာ မရှိရင် (သို့မဟုတ်) ကွဲပြားနေရင် တနိုင်ငံအဖြစ် ရပ်တည်ဖို့ ခက်ခဲသွားနိုင်တယ်။

ဂ) ကိုယ်ကျင့်တရားနဲ့ သင်ခန်းစာ (Moral Instruction)

သမိုင်းကို "ပုံပြင်" (Fable) လို အသုံးပြုကြတယ်။ လူဆိုးတွေ ကျဆုံးပြီး လူကောင်းတွေ အောင်မြင်တဲ့ ဇာတ်လမ်းတွေကို ရွေးချယ်ပြသခြင်းဖြင့်၊ လက်ရှိ ပြည်သူတွေကို "နိုင်ငံချစ်စိတ်"၊ "သစ္စာရှိမှု"၊ "စွန့်လွှတ်အနစ်နာခံမှု" စတဲ့ တန်ဖိုးတွေကို သင်ကြားပေးဖို့ ရည်ရွယ်တယ်။ ဒီနေရာမှာ သမိုင်းဆိုင်ရာ တိကျမှန်ကန်မှု (Historical Accuracy) ထက်၊ ပေးချင်တဲ့ သင်ခန်းစာ (Moral Message) က ပိုအရေးကြီးသွားတတ်တယ်။

၃။ သမိုင်းတည်ဆောက်မှုရဲ့ အန္တရာယ်တွေ (The Dangers)

သမိုင်းကို လူမှုရေးအရ တည်ဆောက်ခြင်းဟာ လူ့အဖွဲ့အစည်းကို စည်းလုံးစေနိုင်သလို၊ အန္တရာယ်လည်း ကြီးတယ်။

* ပစ္စုပ္ပန်ဝါဒ (Presentism) - ဒီနေ့ခေတ် စံနှုန်းတွေ၊ နယ်နိမိတ်တွေ၊ အတွေးအခေါ်တွေကို အတိတ်ကာလက လူတွေအပေါ် အတင်းအဓမ္မ ထိုးချပေးတာပဲ။ (ဥပမာ- ရှေးခေတ်ဘုရင်ကို ဒီမိုကရေစီ မရှိလို့ အပြစ်တင်တာ၊ ဒါမှမဟုတ် ရှေးခေတ်စစ်ပွဲကို အမျိုးသားရေးစစ်ပွဲလို့ ပုံဖော်တာ)။

* ဖယ်ထုတ်ခြင်း (Exclusion) - "အမျိုးသားသမိုင်း" တည်ဆောက်တဲ့အခါ လူနည်းစုတွေ၊ အမျိုးသမီးတွေ၊ ရှုံးနိမ့်သူတွေရဲ့ အခန်းကဏ္ဍကို ဖျောက်ဖျက်ပစ်တာ။ ဒါဟာ ရေရှည်မှာ ပဋိပက္ခကို မွေးဖွားပေးတာပဲ။

ချုပ်စို့...

သမိုင်းဆိုတာ ကျောက်ထက်အက္ခရာ တင်ထားသလို ပြောင်းလဲလို့ မရတဲ့ အမှန်တရား မဟုတ်ဘူး။ ဒါဟာ ခေတ်အဆက်ဆက်က လူတွေ၊ အာဏာရှင်တွေ၊ ပညာရှင်တွေနဲ့ တော်လှန်ရေးသမားတွေက သူတို့ရဲ့ လိုအင်ဆန္ဒအတိုင်း "ပြန်လည်ညှိနှိုင်း တည်ဆောက်နေတဲ့ စီမံကိန်း" (Ongoing Negotiation) သာ ဖြစ်တယ်လို့ အဆိုပြုချင်တာပါ။ ဒါကြောင့် သတိကမံ ဉာဏ်မြေကတုတ်နဲ့ ဖတ်ဖို့ ပါပဲ။

စာရေးသူတို့ သမိုင်းကို ဖတ်ရှုလေ့လာတဲ့အခါ "ဘာဖြစ်ခဲ့သလဲ" ဆိုတာကိုသာမက၊ "ဒီသမိုင်းကို ဘယ်သူရေးတာလဲ၊ ဘာရည်ရွယ်ချက်နဲ့ ရေးတာလဲ၊ ဘယ်အချက်တွေကို ချန်လှပ်ထားခဲ့သလဲ" ဆိုတာကိုပါ မေးခွန်းထုတ်ပြီး ဖတ်ရှုမှသာလျှင် အတိတ်ရဲ့ သွေးဆောင်ဖြားယောင်းမှု (Trap of the Past) ကနေ လွတ်မြောက်နိုင်မှာ ဖြစ်တယ်လို့ ဆိုချင်ပါတယ်။ 

 

May be a doodle of text that says "အိမ်တအိမ်ကို အုတ်၊ သဲ၊ ကျောက်တိုနဲ့ တည်ဆောက်သလိုပဲ၊ သမိုင်းကိုလည်း မှတ်ဉာဏ်၊ ဘာသာစကား၊ အာဏာနဲ့ ရည်ရွယ်ချက်တွေနဲ့စ စနစ်တကျ တည်ဆောက်ကြတာ ဖြစ်တယ်။" 

Comments

Popular posts from this blog

မဲပုံးထဲက ကိုလိုနီမှန်ကူကွက်

မျက်မှောက်ခေတ် နိုင်ငံရေးစကားဝိုင်းများတွင် ရွေးကောက်ပွဲများကို တရားဝင်အစိုးရတရပ် ဖြစ်တည်လာရေးအတွက် မရှိမဖြစ်လိုအပ်ချက်တခုအဖြစ်၊ ပြည်သူ့အချုပ်အခြာအာဏာကို ဖော်ထုတ်ပြသသည့် "သဘာဝကျသော" “အမြင့်ဆုံးယန္တရားတခုအဖြစ် မကြာခဏ ပုံဖော်လေ့ရှိကြသည်။ သို့သော် ကိုလိုနီခေတ်လွန် လွတ်မြောက်ရေးရှုထောင့်မှ ဝေဖန်ဆန်းစစ်ကြည့်လျှင် မြန်မာနိုင်ငံက အမွေဆက်ခံခဲ့သော ရွေးကောက်ပွဲပုံစံသည် အရောင်မပါသည့်အုပ်ချုပ်ရေး လုပ်ထုံးလုပ်နည်းတခုနှင့် များစွာ ကွာခြားနေသည်ကို တွေ့ရမည်ဖြစ်သည်။ အမှန်စင်စစ် ထိုရွေးကောက်ပွဲပုံစံသည် ကိုလိုနီခေတ် တရားဝင်ကုန်ဆုံးသွားပြီးနောက်တွင်ပင် ဆက်လက်ရှင်သန်နေသော "ကိုလိုနီအာဏာတည်ဆောက်ပုံ" ၏ ထင်ရှားသည့် သက်သေသာဓကတခုပင် ဖြစ်သည်။ ရွေးကောက်ပွဲယန္တရား၏ သမိုင်းအမြစ်များကို မေးခွန်းမထုတ်ဘဲ "ရွေးကောက်ပွဲများက ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ပေးသည်" ဟု အခိုင်အမာဆိုခြင်းသည် အာဏာကို မည်သို့ဖွဲ့စည်းပုံဖော်ထားပုံ၊ လူဦးရေကို မည်သို့အမျိုးအစားခွဲခြားပုံ၊ မည်သူတို့ကို တရားဝင်နိုင်ငံရေးသမားအဖြစ် သတ်မှတ်ပုံတို့နှင့် ပတ်သက်သည့် ကိုလိုနီခေတ်က စိတ်ကူးပုံဖော်မှုကို မရည်ရွယ်ဘဲ ပြန်လည်ထုတ်လုပ်...

ကိုလိုနီလက်အတွင်းမှ ဆွဲထုတ်ခြင်းမိတ်ဆက်

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရရှိသည်မှာ နှစ်ပေါင်း ခုနစ်ဆယ်ကျော် ရှိပြီဖြစ်သော်လည်း၊ ပြည်သူလူထုက မျှော်မှန်းခဲ့သော တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ကို အပြည့်အဝ မရရှိသေးသည်မှာ အားလုံးအသိပင်ဖြစ်သည်။ စာရေးသူတို့၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုဘဝများတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသော စနစ်ကျသည့် ပြဿနာများ ရှိနေသည်။ ဤပြဿနာများ၏ အရင်းခံကို နားလည်ရန်နှင့် လက်ရှိတော်လှန်ရေး၏ ပန်းတိုင်များကို ပိုမိုတိကျစွာ ပုံဖော်နိုင်ရန် "ကိုလိုနီစနစ်၏ အမွေအနှစ်များကို ချေဖျက်ခြင်း" (Decolonization) ဟူသော သဘောတရားကို စနစ်တကျ လေ့လာသုံးသပ်ရန် လိုအပ်ပေသည်။ ဤစာတွင် Decolonization ဆိုသည်မှာ မည်သည့်အရာများကို ဆိုလိုပုံ၊ မြန်မာနိုင်ငံ၏ သမိုင်းနှင့် လက်ရှိအခြေအနေများအတွက် ယင်း သဘောတရားကို မည်သို့ လက်တွေ့ကျကျ အသုံးချနိုင်ပုံ၊ ထို သဘောတရားသည် မည်မျှ နက်ရှိုင်းသော ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ အပြောင်းအလဲများကို တောင်းဆိုနေပုံတို့ကို ဆွေးနွေးရန်ဖြစ်ပါသည်။   Decolonization ၏ အခြေခံသဘောတရားကို ပြန်လည်နားလည်ခြင်း Decolonization ကို "ကိုလိုနီအုပ်ချုပ်သူများ ထွက်ခွာသွားခြင်း" ဟု ရိုးရှင်းစွာ နာ...

"၁၃၅ မျိုး" ဆိုတာ မနုဿဗေဒ သဘောတရားလား၊ နိုင်ငံရေးထောင်ချောက်လား

မြန်မာ့နိုင်ငံရေး ရေစီးကြောင်းထဲမှာ စာရေးသူတို့ နားယဉ်နေခဲ့တဲ့ ကိန်းဂဏန်းတခု ရှိပါတယ်။ ဒါကတော့ တိုင်းရင်းသား ၁၃၅ မျိုးဆိုတဲ့ အမှတ်အသားပါပဲ။ ဒီကိန်းဂဏန်းကို မတူကွဲပြားကြွယ်ဝခြင်းရဲ့ ပြယုဂ်အဖြစ် ယေဘုယျ လက်ခံထားကြပေမဲ့ ဒီစာရင်းဟာ ရိုးရှင်းတဲ့ လူမျိုးစုစာရင်းအင်းတခု သက်သက် မဟုတ်ဘူး ဆိုတာကို တံပိုးသံစာစဉ်ရဲ့ "ဗဟုအမျိုးသားဖြစ်တည်မှုနှင့် မြန်မာ့ဇာတ်ကြောင်း ပြန်ပြောင်းသုံးသပ်ရာဝယ်" စာတမ်းမှာ ဆွေးနွေးထားပါတယ်။ နိုင်ငံရေးသိပ္ပံရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ဒီစာရင်းဟာ လူ့အဖွဲ့အစည်းတရပ်ကို နိုင်ငံရေးအင်အားစုအဖြစ် မစုစည်းနိုင်အောင် အက်တမ်မြူမှုန်တွေသဖွယ် တစစီချေမွဖြိုခွဲလိုက်တဲ့ (Social Atomization) ဖြစ်စဉ်တခုအဖြစ် ရှုမြင်နိုင်စရာ အကြောင်းရင်းတွေ ရှိနေပါတယ်။ "၁၃၅" ဆိုတဲ့ ဂဏန်းရဲ့ ဇာစ်မြစ်ကို ပြန်ကောက်ကြည့်ဖို့ လိုပါလိမ့်မယ်။ ဒီစာရင်းဟာ အစောပိုင်း အချက်အလက်အမှားတွေကို ပုံပျက်ပန်းပျက် ကိုးကားပြီး ၁၉၉၀ ဝန်းကျင် စစ်အစိုးရလက်ထက်ကျမှ တရားဝင် ခိုင်ခိုင်မာမာ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ မနုဿဗေဒပညာရှင်တွေရဲ့ စနစ်ကျတဲ့ သုတေသနပြုချက်တွေပေါ် အခြေခံထားတာထက် နိုင်ငံရေးရည်ရွယ်ချက်နဲ့ စုစည်းထားတာဖြစ်...