Skip to main content

နိုင်ငံရေးသည် ဘာကို အခြေခံမည်နည်း

“နိုင်ငံရေးသည် ဘုံကောင်းကျိုးကို ရှာရန်ဖြစ်သည်”[1] ဟု Hans Sluga မှ ဆိုသည်။ ပူးပေါင်းမှုက နိုင်ငံရေး၏ ဗဟိုချက်ဖြစ်သည်ဟု ယုံကြည်သူတို့အဖို့ ထိုအဆိုသည် အလွန်တန်ဖိုးရှိသော အဆိုဟု ပြောရမည်။ ဘုံကောင်းကျိုးဟူသည့်စကားလုံးမှာ အဓိကသော့ချက် ဖြစ်သည်။

ဘုံကောင်းကျိုးသည် အရေးကြီးသလို အန္တရာယ်လည်း ရှိနိုင်သည်။ ဘုံကောင်းကျိုး၊ သို့မဟုတ် အားလုံးကောင်းစားရေး သို့မဟုတ် အများကောင်းစားရေးဟူသည့် အကြောင်းပြချက်အောက်တွင် စဉ်းစား၍ပင် မရဲလောက်အောင် ဆိုးယုတ်သည့် အပြုအမူများ ဖန်တီးကြသည်။ နာဇီဂျာမနီက ဂျူးတို့ကို သတ်ဖြတ်ရာတွင် ဂျာမန်တို့၏ ကောင်းကျိုးအတွက် သတ်သည်ဟု အကြောင်းပြချက်ပေးခဲ့၏။ လူနည်းစု အခွင့်အရေးအတွက် လုပ်ဆောင်သူတိုင်းက အများကောင်းကျိုးဟူသော စကားလုံးကို သတိကြီးကြီး ထားရမည်ဖြစ်သည်။

ဘုံကောင်းကျိုးကို ပြောရာတွင် သုံးခုကို အဓိက ထောက်ပြစဉ်းစားရန် ရှိသည်။ ပထမချက်က ဘုံကောင်းကျိုးကို ပယ်၍မရဟူသည့်အချက် ဖြစ်သည်။ ဘုံကောင်းကျိုးကို ဦးမတည်လျှင် မည်သည့်အရာကို ဦးတည်မည်နည်း။ ဆိုးကျိုးကို မည်သူမျှ မလိုချင်ပေ။ ဘုံကောင်းကျိုးမရှိလျှင် နိုင်ငံရေးသည် အဓိပ္ပာယ် မရှိ၊ တဦးတစု ကောင်းစားရေးသည် နိုင်ငံရေးမဟုတ်ပေ။ ဒုတိယအချက်မှာ ဘုံကောင်းကျိုး သဘောတရားသည် ဗဟုကိန်း-အများကိန်း သဘာဝ ဖြစ်ရမည်။ “ဘုံကောင်းကျိုးများ” ဆိုသည်က ပိုမှန်မည်။ နားလည်ပုံနှင့် လိုလားချက်ခြင်း အနည်းနှင့်အများ ကွာခြားကြသည်။ ထို့ကြောင့် တတိယအချက်မှာ “ဘုံ” ဖြစ်ရန်လိုသည်။ အားလုံးနှင့် ဆိုင်ရန်လိုသည်။ လူတစုကို ဖယ်ထားခဲ့ခြင်း၊ ထည့်သွင်းမှု မပြုခြင်း၊ အမြတ်ထုတ်ခြင်းမှ “ဘုံ” ကောင်းကျိုးကို တည်ဆောက်ရန် လုံးဝ လုံးဝ မဖြစ်နိုင်ပေ။

ဘုံကောင်းကျိုးများကို မည်သို့တွက်ဆကြမည်နည်း။ အသိုင်းအဝိုင်းတခုကို တည်ထောင်စုဖွဲ့သည်နှင့် ဖြစ်ပေါ်လာသည့် ဘုံကောင်းကျိုးများက တရားမျှတမှု၊ လွတ်လပ်မှု၊ လုံခြုံမှု၊ ပရမ်းပတာ မဖြစ်မှု၊ ပျော်ရွှင်မှု၊ တဦးချင်း၏ ချမ်းသာသုခ၊ လူမှုဖူလုံမှု၊ ဖွံ့ဖြိုးမှု၊ တိုးတက်မှု စသည်တို့ ဖြစ်လာသည်။ သို့ရာတွင် ဘုံကောင်းကျိုးကို လူတစုက သတ်မှတ်ပြီး ချမှတ်ပေးရန်မဟုတ်ပေ။ လူအများ စုစည်း၍ ချမှတ်ရန် ဖြစ်သည်။

အရစ္စတိုတယ်က လူအချင်းချင်း ပေါင်းစုဖွဲ့သည့်အခါ နိုင်ငံရေး အသိုက်အမြုံများတွင် ပါဝင်ကြသူများ အချင်းချင်း မိတ်ဆွေများပမာ သဘောထားရန်ဆိုသည်။ ထိုစဉ်းစားချက်ကိုပင် ဥရောပ ဉာဏ်အလင်းပွင့်ခေတ် အတွေးခေါ်ဆရာ ရူးဆိုးက “ယေဘုယျဆန္ဒ” (General Will) ဟု ခေါ်သည်။ ယင်း General Will သည် မိမိ၏ တဘို့တည်းကောင်းဖို့ စဉ်းစားချက်မဟုတ်၊ လူအားလုံးအတွက် မည်သည့်အရာက ကောင်းသလဲဟူသည့် အမြင်ဖြစ်သည်။ သို့ရာတွင် အကျိုးကို စွန့်လွှတ်ရန်မလို၊ ယေဘုယျ ဆန္ဒသည် လူနည်းစု၏ အကျိုးစီးပွားကို ချိုးဖောက်ခြင်း မဖြစ်ရဟု သူ၏ Political Economy စာတမ်းတွင် ဖော်ပြထားသည်။ ရူးဆိုးအမြင်တွင် လူတဦးသည် အသိုက်အမြုံတခုတွင် ပါဝင်လိုက်လျှင် ယင်းအသိုက် အမြုံနှင့် သူ၏ တဦးချင်းကြား ဆက်ဆံမှုရှိသလို သူကိုယ်တိုင်လည်း အသိုက်အမြုံ၏ အဖွဲ့ဝင်တဦးအဖြစ် အခြား တဦးတယောက်ချင်းကိုပါ ဆက်စပ်သည့်အတွက် ယင်းကဏ္ဍနှစ်ခုလုံးတွင် ကောင်းကျိုးချမ်းသာ တိုးတက်ရေးကို ကြံစည်ကြရန် တာဝန်ရှိသည်ဟု ဆို၏။[2]

တနည်းပြောလျှင် သူငယ်ချင်း မိတ်ဆွေရင်း မိမိတို့ အစုအဖွဲ့ ကြီးပွားတိုးတက်ရေး ပရဟိတလည်း ဖြစ်ရမည်၊ တဦးချင်းအတွက် အတ္တဟိတကောင်းကျိုးလည်း ဖြစ်ရမည်ဟု ဆိုရမည်။ ဘုံကောင်းကျိုးများ အားလုံးကိုတော့ တပြိုင်တည်း ရမည်မဟုတ်နိုင်။ ပုံပြင်ထဲက ပဒေသာပင်ခေတ်မဟုတ်၊ အရင်းအမြစ်များက အကန့်အသတ်များ ရှိကြသည်။ ထို့အတွက် ကောင်းကျိုးချမ်းသာ ဖော်ဆောင်မှု အစီအမံများကို အမြင်လည်း မတူသလို၊ အသိုက်အမြုံတခုနှင့်တခု ဦးစားပေးမှုလည်း တူမည် မဟုတ်ပေ။

ထို့အပြင် ဘုံကောင်းကျိုးကို စဉ်းစားသည့်အခါ မိသားစုအဆင့်၊ လူအုပ်စုအဆင့်၊ လူမျိုးစုအဆင့်၊ အမျိုးသားလူထုအဆင့်၊ နိုင်ငံအဆင့်၊ နိုင်ငံတကာအဆင့် တူမည်လည်း မဟုတ်ပေ။ အချို့သော ဘုံကောင်းကျိုးသည် အဆင့်အတန်းကွဲပြားမှုကို ဖြစ်စေပြီး၊ အချို့သော ဘုံကောင်းကျိုးက အဆင့်အတန်း ညီမျှမှု ဖြစ်စေနိုင်မည်။ လူ့အသိုင်းအဝိုင်းသည် မိမိတို့၏ တန်ဖိုးနှင့် ရည်မှန်းချက်များကို အမြဲတမ်း ပြန်လည် သုံးသပ်ရသည်။ ထို့ကြောင့် ဦးတည်ချက်များမှာလည်း လှုပ်ရှား ရှင်သန်နေကြသည်။ အများအားဖြင့် မျှတမှုကို အရေးပါသည့် တန်ဖိုးထားမှုဟု ပြောနိုင်ကြသော်လည်း ရံဖန်ရံခါ အသက်ရှင် ရပ်တည်ကျန်ခဲ့ဖို့က ပို၍ပင် အရေးကြီးလာသည်လည်း ရှိပြန်သည်။ ဖွံ့ဖြိုးမှုကို ဦးစားပေးလိုက်သည့် ကာလများလည်း ရှိနိုင်သည်။ ယင်း ရှင်သန်လှုပ်ရှားမှုကို အသိအမှတ်ပြုရန် အလွန်ပင် အရေးကြီးသည်။ သို့သော်လည်း ဘုံကောင်းကျိုးများကို လူတစုက သတ်မှတ်ပေးရန်မဟုတ်ပဲ လူအများစု၏ ဘုံအမြင်မှ ထွက်လာရန်လိုသည်။ တနည်းအားဖြင့် ဂျွန်ရောလ်၏ စကားဖြင့် “လူထုယုတ္တိ” တည်ဆောက်ရန် လိုသည်ဟု ဆိုရမည်။ လူထုအတွင်း များများဆွေးနွေးပြီး လူထုတခုလုံးမှ တစိတ်တဒေသကိုမှ ချန်လှပ် မထားခဲ့ရန်၊ ကြေညက်ရန် လိုသည်။

ဘုံကောင်းကျိုးများကို ရှေ့ရှုလျှင် မည်သည့်အကျိုး ရှိသနည်း။

နိုင်ငံရေးဟူသည် သဘာဝအားဖြင့် ပြိုင်ဆိုင်ကြရသည့်သဘောရှိသည်။ စင်စစ် ဒီမိုကရေစီ ဆိုသည်မှာပင် ယဉ်ကျေးစွာ ပဋိပက္ခဖြစ်ခြင်းသဘောပင် ဖြစ်သည်။ ထို့ကြောင့် ဘုံကောင်းကျိုးကိုသာ ရှေ့ရှုမထားပါက အားလုံး ကြမ်းတမ်းသော ပဋိပက္ခဆီသို့ သက်ဆင်းသွားနိုင်သည့်အန္တရာယ် ရှိသည်။ လူမှု သဟဇာတဖြစ်ရေး၊ လူသားချင်း အစည်းမပြေရေးတွင် ဘုံကောင်းကျိုးများသည် အရေးပါလှ၏။ တနည်း ပြောလျှင် လူ့အသိုင်းအဝိုင်း တည်တံ့ရေး လူသားဆန်ကြရေးအတွက် ဘုံကောင်းကျိုးများကို ရှေ့ရှုရမည်ဟု ပြောရမည်သာ ဖြစ်ပါသည်။

------------
[1] ဘာကလေတက္ကသိုလ်မှ ဒဿနရှင် Hans Sluga သည် သူ၏ Politics and the Search for the Common Good (၂၀၁၄) ကျမ်းတွင် ဤအယူအဆကို တင်ပြခဲ့သည်။ မျက်မှောက်ခေတ် နိုင်ငံရေးသည် "ဘုံကောင်းကျိုး" ဟူသော အယူအဆကို စွန့်ကာ တဦးချင်းနှင့် အုပ်စုအလိုက် အကျိုးစီးပွားကိုသာ ဦးစားပေးလာသောကြောင့် နိုင်ငံရေးကွဲပြားမှုများ ဖြစ်ပေါ်လာသည်ဟု သူက ဆိုခဲ့သည်။ နိုင်ငံရေးကို ဘုံကောင်းကျိုးကို အတူတကွ ရှာဖွေသည့် လုပ်ငန်းစဉ်တရပ်အဖြစ် ပြန်လည်ရှုမြင်ရန် စလူဂါက တိုက်တွန်းထားသည်။

[2] အထက်ဖော်ပြပါ အကြောင်းအရာများ အသေးစိတ်ကို ရူးဆိုး၏ Social Contract စာတမ်းနှင့် Discourse on Political Economy စာတမ်း နှစ်ခုကို ဖတ်ရှုနိုင်ပါသည်။

Comments

Popular posts from this blog

ဖက်ဒရယ်သည် စကားဝိုင်းတခု၊ အိမ်တခု

အိမ်တအိမ်ကို စိတ်ကူးပုံဖော်ကြည့်ပါ။ ဒီအိမ်ကြီးထဲက အခန်းတွေဟာ တခုနဲ့တခု မတူညီကြဘူး။ အခန်းတခန်းမှာ ကလေးပုံပြင်တွေ ကပ်ထားပြီး၊ နောက်တခန်းမှာတော့ သီချင်းသံတွေ ကြားနေရတယ်။ တချို့အခန်းတွေက နံ့သာပေါင်းမီးထွန်းပြီး ဘုရားဝတ်ပြုချိန်မှာ၊ တခြားအခန်းတွေကတော့ ထမင်းလက်ဆုံစားနေကြတယ်။ ဒီအခန်းတွေထဲ နေထိုင်ကြသူတွေဟာ မိသားစုဝင်တွေ ဖြစ်ကြပေမဲ့၊ တပုံစံတည်း တူညီနေသူတွေ မဟုတ်ကြဘူး။ သူတို့ အမြဲတမ်း သဘောထားချင်း တိုက်ဆိုင်နေတာလည်း မဟုတ်ဘူး။ တခါတရံ ရန်ဖြစ်ကြတယ်။ ဒါပေမဲ့ သူတို့အားလုံး သဘောတူထားတဲ့ အချက်တချက်တော့ ရှိတယ်။ အဲဒါကတော့ "ဒီအိမ်ဟာ သူတို့ထဲက တဦးတယောက်တည်း ပိုင်ဆိုင်တာမဟုတ်ဘဲ၊ အားလုံးနဲ့ သက်ဆိုင်တဲ့အိမ် ဖြစ်ရမယ်" ဆိုတဲ့ အချက်ပါပဲ။   ဒါဟာ ဖက်ဒရယ်စနစ်ရဲ့ အနှစ်သာရ၊ ဒါမှမဟုတ် ဖက်ဒရယ်ရဲ့ ဝိညာဉ်ပဲ ဖြစ်တယ်။ အနည်းဆုံးတော့ ဒီလိုပဲ ဖြစ်သင့်တယ်။   ဒါပေမဲ့ ဖြည်းဖြည်းချင်း ပြန်စဉ်းစားကြည့်ရအောင်။ ဖက်ဒရယ်စနစ်ဆိုတာ ဘာလဲ။ (ကျောင်းသုံးစာအုပ်ထဲက အဓိပ္ပာယ်ဖွင့်ဆိုချက်မျိုးမဟုတ်ဘဲ၊ အသက်ဝင်လှုပ်ရှားနေတဲ့ နိုင်ငံရေးအယူအဆတခုအနေနဲ့ မေးချင်တာပါ)။   ဖက်ဒရယ်စနစ်ဆိုတာ မြေပုံမဟုတ်ဘူး၊ စကားဝိုင်းတခုသာ ဖြစ်တယ်။   မြန...

မဲပုံးထဲက ကိုလိုနီမှန်ကူကွက်

မျက်မှောက်ခေတ် နိုင်ငံရေးစကားဝိုင်းများတွင် ရွေးကောက်ပွဲများကို တရားဝင်အစိုးရတရပ် ဖြစ်တည်လာရေးအတွက် မရှိမဖြစ်လိုအပ်ချက်တခုအဖြစ်၊ ပြည်သူ့အချုပ်အခြာအာဏာကို ဖော်ထုတ်ပြသသည့် "သဘာဝကျသော" “အမြင့်ဆုံးယန္တရားတခုအဖြစ် မကြာခဏ ပုံဖော်လေ့ရှိကြသည်။ သို့သော် ကိုလိုနီခေတ်လွန် လွတ်မြောက်ရေးရှုထောင့်မှ ဝေဖန်ဆန်းစစ်ကြည့်လျှင် မြန်မာနိုင်ငံက အမွေဆက်ခံခဲ့သော ရွေးကောက်ပွဲပုံစံသည် အရောင်မပါသည့်အုပ်ချုပ်ရေး လုပ်ထုံးလုပ်နည်းတခုနှင့် များစွာ ကွာခြားနေသည်ကို တွေ့ရမည်ဖြစ်သည်။ အမှန်စင်စစ် ထိုရွေးကောက်ပွဲပုံစံသည် ကိုလိုနီခေတ် တရားဝင်ကုန်ဆုံးသွားပြီးနောက်တွင်ပင် ဆက်လက်ရှင်သန်နေသော "ကိုလိုနီအာဏာတည်ဆောက်ပုံ" ၏ ထင်ရှားသည့် သက်သေသာဓကတခုပင် ဖြစ်သည်။ ရွေးကောက်ပွဲယန္တရား၏ သမိုင်းအမြစ်များကို မေးခွန်းမထုတ်ဘဲ "ရွေးကောက်ပွဲများက ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ပေးသည်" ဟု အခိုင်အမာဆိုခြင်းသည် အာဏာကို မည်သို့ဖွဲ့စည်းပုံဖော်ထားပုံ၊ လူဦးရေကို မည်သို့အမျိုးအစားခွဲခြားပုံ၊ မည်သူတို့ကို တရားဝင်နိုင်ငံရေးသမားအဖြစ် သတ်မှတ်ပုံတို့နှင့် ပတ်သက်သည့် ကိုလိုနီခေတ်က စိတ်ကူးပုံဖော်မှုကို မရည်ရွယ်ဘဲ ပြန်လည်ထုတ်လုပ်...