နိုင်ငံတော်
(State) နဲ့ နိုင်ငံ့လူထု (Nation) ကို လူအများစုက တူညီတယ်လို့
မှားယွင်းစွာပဲ ထင်လေ့၊ ပြောလေ့၊ သတ်မှတ်လေ့ ရှိကြတယ်။ ဒါပေမဲ့ နိုင်ငံရေး
အတွေးအခေါ်အရ ဒီနှစ်ခုဟာ လုံးဝ ကွဲပြားတဲ့ သဘောတရားတွေ ဖြစ်ကြပါတယ်။
နိုင်ငံတော်ဆိုတာ အုပ်ချုပ်ရေး နယ်နိမိတ်၊ ဗြူရိုကရေစီ ယန္တရား၊
တပ်မတော်နဲ့ ဥပဒေပြုအဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ အာဏာပိုင် အဆောက်အအုံ
ဖြစ်တယ်။ သူက စနစ်တခုသာ ဖြစ်တယ်။ ဥပဒေနဲ့ အတည်ပြုထားတဲ့ စနစ်တခုပါ။
နိုင်ငံ့လူထု/
အမျိုးသားလူထု/ လူမျိုးလူထု (Nation) ကတော့ အဲဒီလို မဟုတ်ဘူး။
နိုင်ငံ့လူထုဟာ မြေပုံပေါ်က စည်းမျဉ်းစည်းကမ်းတွေ မဟုတ်ဘူး။ သူက
ကိုယ်ကျင့်တရားဆိုင်ရာ အသိုက်အဝန်း (Moral Community) တခု ဖြစ်တယ်။
နိုင်ငံ့လူထုကို ပေါင်းစပ်ဖွဲ့စည်းထားတဲ့ အဓိက အရာတွေက
သွေးသားနဲ့မဟုတ်သလို၊ နိုင်ငံကူးလက်မှတ်လည်း မဟုတ်ဘဲ၊ မိမိတို့ရဲ့
စိတ်ကူးစိတ်သန်းတွေနဲ့ စုပေါင်းမှတ်ဉာဏ် (Collective Memory) တွေ ဖြစ်တယ်။
နိုင်ငံ့လူထု
ဆိုတာ တူညီတဲ့ ပုံပြင်တွေကို မျှဝေခံစားခြင်း၊ တူညီတဲ့
ဘိုးဘွားအမွေအနှစ်တွေကို တန်ဖိုးထားခြင်း၊ တူညီတဲ့ သမိုင်းဝင်
နာကျင်မှုတွေကို အတူတကွ ပိုင်ဆိုင်ခြင်းနဲ့ အနာဂတ်အတွက် တူညီတဲ့
မျှော်လင့်ချက်တွေကို ပုံဖော်ခြင်းပင် ဖြစ်တယ်။ ဒါဟာ ရိုးရာဓလေ့တွေ၊
ဘာသာစကား၊ အချင်းချင်း တာဝန်ယူလိုစိတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ သံယောဇဉ်တခု
ဖြစ်တယ်။ နိုင်ငံ့လူထုရဲ့ သဘောတရားဟာ နိုင်ငံတော် တည်မရှိမီကတည်းက
ရှိနေနိုင်တယ်။ ဆိုပါစို့၊ ကိုယ့်နိုင်ငံ မရှိဘဲ ပျံ့နှံ့နေထိုင်ကြရတဲ့
လူမျိုးစုတခုရဲ့ အခြေအနေမျိုး၊ ဒါမှမဟုတ် နယ်နိမိတ် တခုတည်းအတွင်း
နေထိုင်ကြပေမဲ့ နိုင်ငံတော်ရဲ့ အသိအမှတ်ပြုမှု မရှိတဲ့ လူမျိုးစုတွေရဲ့
အခြေအနေမျိုးတွေ ဖြစ်တယ်။
နိုင်ငံတော်ဟာ
နိုင်ငံ့လူထုကို လိုအပ်တယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတော်ရဲ့ ဥပဒေတွေကို
လိုက်နာစေဖို့၊ နိုင်ငံတော်ရဲ့ ဆုံးဖြတ်ချက်တွေကို လက်ခံစေဖို့အတွက်
နိုင်ငံ့လူထုရဲ့ သံယောဇဉ်၊ သစ္စာစောင့်သိမှုနဲ့ စုပေါင်းမှတ်ဉာဏ်တွေကို
အသုံးပြုရလို့ ဖြစ်တယ်။ ဒါပေမဲ့ အာဏာရှိသူတွေက နိုင်ငံ့လူထုရဲ့
နက်ရှိုင်းတဲ့ စိတ်ခံစားမှုနဲ့ သစ္စာရှိမှုကို ခိုးယူပြီး၊ အဲဒီအရာကို
ပုံသေကားချပ်ဆန်တဲ့၊ တခြားသူတွေကို ဖယ်ထုတ်တဲ့ နိုင်ငံရေး အစီအစဉ်အတွက်
အသုံးချတဲ့အခါ၊ နိုင်ငံတော်ဟာ နိုင်ငံ့လူထုကို လှည့်စားခြင်း ဖြစ်တော့တာပဲ။
မြန်မာနိုင်ငံမှာ နိုင်ငံတော်ဟာ လူတွေဆီက သစ္စာခံမှုတွေ၊ အခွန်တွေ၊
လုပ်အားတွေ၊ သယံဇာတတွေ အကုန်လုံး တောင်းပြီး ပြန်ပေးတာကတော့ သေနတ်၊
ဗုံးတွေပဲ တောက်လျှောက်ဖြစ်နေခဲ့တာပါ။ အထူးသဖြင့် အရင်ခေတ်တွေကတော့ ရွာတွေ
ဌာနေလူမျိုးတွေရဲ့ ဒေသတွေမှာ ပိုဖြစ်ခဲ့တာပေါ့။ အခုတော့
တနိုင်ငံလုံးဖြစ်ပါတယ်။ စစ်မှန်တဲ့ နိုင်ငံ့လူထုဟာ နိုင်ငံတော်ရဲ့
အချုပ်အခြာအာဏာထက် ပိုပြီး ပြောင်းလဲလွယ်တဲ့၊ ပိုပြီး လူသားဆန်တဲ့၊ ပိုပြီး
နွေးထွေးတဲ့ အိမ်မိသားစုတခု ဖြစ်တယ်လို့ ဆိုချင်ပါတယ်။
မျက်မှောက်ခေတ် နိုင်ငံရေးစကားဝိုင်းများတွင် ရွေးကောက်ပွဲများကို တရားဝင်အစိုးရတရပ် ဖြစ်တည်လာရေးအတွက် မရှိမဖြစ်လိုအပ်ချက်တခုအဖြစ်၊ ပြည်သူ့အချုပ်အခြာအာဏာကို ဖော်ထုတ်ပြသသည့် "သဘာဝကျသော" “အမြင့်ဆုံးယန္တရားတခုအဖြစ် မကြာခဏ ပုံဖော်လေ့ရှိကြသည်။ သို့သော် ကိုလိုနီခေတ်လွန် လွတ်မြောက်ရေးရှုထောင့်မှ ဝေဖန်ဆန်းစစ်ကြည့်လျှင် မြန်မာနိုင်ငံက အမွေဆက်ခံခဲ့သော ရွေးကောက်ပွဲပုံစံသည် အရောင်မပါသည့်အုပ်ချုပ်ရေး လုပ်ထုံးလုပ်နည်းတခုနှင့် များစွာ ကွာခြားနေသည်ကို တွေ့ရမည်ဖြစ်သည်။ အမှန်စင်စစ် ထိုရွေးကောက်ပွဲပုံစံသည် ကိုလိုနီခေတ် တရားဝင်ကုန်ဆုံးသွားပြီးနောက်တွင်ပင် ဆက်လက်ရှင်သန်နေသော "ကိုလိုနီအာဏာတည်ဆောက်ပုံ" ၏ ထင်ရှားသည့် သက်သေသာဓကတခုပင် ဖြစ်သည်။ ရွေးကောက်ပွဲယန္တရား၏ သမိုင်းအမြစ်များကို မေးခွန်းမထုတ်ဘဲ "ရွေးကောက်ပွဲများက ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ပေးသည်" ဟု အခိုင်အမာဆိုခြင်းသည် အာဏာကို မည်သို့ဖွဲ့စည်းပုံဖော်ထားပုံ၊ လူဦးရေကို မည်သို့အမျိုးအစားခွဲခြားပုံ၊ မည်သူတို့ကို တရားဝင်နိုင်ငံရေးသမားအဖြစ် သတ်မှတ်ပုံတို့နှင့် ပတ်သက်သည့် ကိုလိုနီခေတ်က စိတ်ကူးပုံဖော်မှုကို မရည်ရွယ်ဘဲ ပြန်လည်ထုတ်လုပ်...
Comments
Post a Comment