Skip to main content

လူမှုပဋိညာဉ်နှင့် စပ်လျဉ်း၍

လူမှုပဋိညာဉ် (Social Contract) ဟူသည်မှာ အနောက်တိုင်း နိုင်ငံရေး ဒဿနတွင် အမြစ်တွယ်ဆုံးနှင့် အခြေခံအကျဆုံး အယူအဆတခု ဖြစ်သည်။ လူပုဂ္ဂိုလ်များက အင်စတီကျူးရှင်း ဖွဲ့စည်းရန်နှင့် အကာအကွယ်၊ လူမှုရေးအစီအစဉ်ကျနမှု သို့မဟုတ် လူသားတို့၏ လွတ်လပ်မှုတို့အတွက် သတ်မှတ်ထားသော စည်းမျဉ်းများ၊ အာဏာပိုင်အဖွဲ့အစည်းများနှင့် အင်စတီကျူးရှင်းများကို လက်ခံရန်အတွက်၊ သွယ်ဝိုက်သောအားဖြင့်ဖြစ်စေ ပေါ်လွင်သောအားဖြင့်ဖြစ်စေ၊ ရှိကြသည့် သဘောတူညီချက်ကို ရည်ညွှန်းသည်။

လူဖြူများလေ့လာသည့် လူမှုပဋိညာဉ်၏ ကျမ်းရိုးစံပြုအယူအဆကို ခေတ်သစ်အစောပိုင်း ဥရောပ ဒဿနပညာရှင်များဖြစ်ကြသော သောမတ်စ်ဟော့ဘ်စ် (Thomas Hobbes)၊ ဂျွန်လော့ခ် (John Locke) နှင့် ရူးဆိုး (Jean-Jacques Rousseau) တို့ထံမှ ဆင်းသက်လာခဲ့ပြီး သူတို့တဦးစီက အယူအဆ၏ ကွဲပြားသော ပုံစံများကို ပေးခဲ့ကြသည်။

ပညာရပ်နယ်ပယ်တွင် ပထမဆုံး တိတိကျကျ လူမှုပဋိညာဉ်အတွေးကို ကျယ်ပြန့်စွာ လေ့လာရန်မှာ သောမတ်စ်ဟော့ဘ်၏ “Leviathan” စာအုပ်ကို[1] ညွှန်းကြသည်။ အုပ်စိုးသူမရှိလျှင် ဘဝကြမ်း၍ အသက်တိုပြီး ပစ္စည်းဥစ္စာပိုင်ဆိုင်ရန် မဖြစ်နိုင်ဟု သူကရေးခဲ့သည်။ အင်အားကြီးမားသော အချုပ်အခြာအာဏာပိုင်သူ မရှိလျှင် လူသားများသည် အဆက်မပြတ်ကြောက်ရွံ့မှုနှင့် အကြမ်းဖက်မှုများဖြင့် ပြည့်နှက်နေသော “သဘာဝ အခြေအနေ”[2] တွင် နေထိုင်ရမည်ဟု ရေးသားခဲ့သည်။ ထိုအခြေအနေတွင် "အထီးကျန်၊ ဆင်းရဲ၊ စုတ်ချာ၊ ကြမ်းကြုတ်ပြီး တိုတောင်းမည်"[3] ဟု ဖော်ပြခဲ့သည်။ သောမတ်ဟော့ဘ်စ်၏အမြင်တွင် လူမှုပဋိညာဉ်သည် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် လူပုဂ္ဂိုလ်များက အရာခပ်သိမ်းနှင့်သက်ဆိုင်သည့် အချုပ်အခြာအာဏာပိုင် တဦးထံသို့ မိမိတို့၏ အခွင့်အရေးအားလုံးကို စွန့်လွှတ်ရန် လိုအပ်သည်။ ဆိုလိုသည်က လွတ်လပ်စွာ သတ်ခွင့်၊ လွတ်လပ်စွာ ခိုးခွင့်၊ လွတ်လပ်စွာ ဓားပြတိုက်ခွင့်များကို စွန့်လွှတ်ရမည်။ ပြဿနာက ဤအထဲတွင် လွတ်လပ်စွာ ပြောဆိုခွင့်ကဲ့သို့သော အခွင့်အရေးမျိုးပါ စွန့်လွှတ်၍ ထိန်းချုပ်ခံရမည်ဖြစ်သည်။

သူ့နောက်က ဂျွန်လော့ခ်က ပိုမိုအကောင်းမြင်ပြီး သဘာဝအခြေအနေသည် ယေဘုယျအားဖြင့် ငြိမ်းချမ်းသော်လည်း မလုံခြုံဟု မြင်ခဲ့သည်။ လူတွင် အသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်၊ ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့်များ ရှိပြီး အစိုးရသည် ယင်းသဘာဝ အခွင့်အရေးများကို မစောင့်ရှောက်ပါက တော်လှန်ရန်သင့်သည်ဟု “Two Treatises of Governments” တွင်[4] ရေးသည်။ ဂျွန်လော့ခ်က အကယ်၍ အစိုးရတရပ်က ပျက်ကွက်ခဲ့ပါက ယင်းအစိုးရကို တရားမျှတစွာ ဖြုတ်ချနိုင်သည်ဟု သူက ဆိုခဲ့သည်။

သူတို့မှာ အစိုးရနှင့် လူထုအကြား ကိစ္စများကို ကနဦးအားဖြင့် စဉ်းစားခဲ့ကြသည်။ ဟော့ဘ်သည် ကွန်ဆာဗေးတစ်ဝါဒ၏ မြစ်ဖျားခံရာ ဖြစ်ပြီး လော့ခ်က လစ်ဘရယ်ဝါဒ၏ မြစ်ဖျား ဖြစ်သည်ဟု ဆိုကြသည်။

သူတို့နှင့် မတူသူက ရူးဆိုး (Rousseau) ဖြစ်သည်။ ရူးဆိုးအဖို့ လူသည် မွေးစဉ်က အဖြူထည်လေးများ ဖြစ်ပြီး ကောင်းသော သဘာဝရှိသည်။ လူ့အသိုင်းအဝိုင်းတွင်‌ မနေသေးခင် တောတောင်ထဲ လှည့်ပတ် သွားရလျှင်ပင် “မြင့်မြတ်သော လူရိုင်းကြီး” ဖြစ်လိမ့်မည်။ တဘက်က လူတို့တွင် “ကိုယ့်ကိုကိုယ်သနားစိတ်” နှင့် “သူများနှင့် ယှဉ်လိုစိတ်” ရှိကြသည့်အတွက် အဂတိဖြစ်လာသည်။ “မွေးရာပါ လွတ်လပ်စေကာမူ ဘယ်သွားသွား နှောင်ကြိုးများ ဖြစ်လာသည်” ဟု ဆိုသည်။ ထို့အပြင် “ဘယ်သူမှ မပိုင်သော မြေကို ခြံခတ်ကာ ငါပိုင်သည်ဟု ကြွေးကြော်သူနှင့် ထိုကြွေးကြော်မှုကို ယုံလိုက်သူတို့က အရပ်ဘက် လူမှုအသိုင်းအဝိုင်းကို စတင်စုဖွဲ့သူများ ဖြစ်သည်ဟု ဆိုသည်။ သူ့အမြင်တွင် လူ့အသိုင်းအဝိုင်းကို ဘုံကောင်းကျိုးရှာသည့် မိတ်ဆွေစိတ်ဖြင့်သာ စုစည်းအပ်ပြီး အစိုးရဟူသည် ယင်းစိတ်ဓာတ်မှ ပေါ်ထွက်လာဖို့လိုသည်ဟု ယူဆသည်။ သူ၏ The Social Contract ကျမ်းတွင် လူသားများသည် သဘာဝအခြေအနေတွင် မြင့်မြတ်ပြီး လွတ်လပ်သော်လည်း ပိုင်ဆိုင်မှုနှင့် မတူညီမှုများကြောင့် ပျက်စီးသွားသည်ဟု ဆိုခဲ့သည်။ သူက လူပုဂ္ဂိုလ်များက "ဘုံစေတနာ/ဘုံအကျိုးဆန္ဒ (General Will)"[5] မှတဆင့် မိမိတို့အစုအဖွဲ့ကိုယ်တိုင်အတွက် ပြဋ္ဌာန်းခဲ့သော ဥပဒေများကို လိုက်နာသည့် ပိုမိုဒီမိုကရေစီကျသည့် ပဋိညာဉ်တရပ်ကို စိတ်ကူးပုံဖော်ခဲ့သည်။ 

ဤဒဿနပညာရှင် သုံးဦးစလုံးသည် နိုင်ငံရေးအာဏာကို တရားဝင်ထင်ရှားလာစေရန်၊ လူပုဂ္ဂိုလ်၏ အခွင့်အရေးများကို အခြေခံရန်နှင့် လူ့အဖွဲ့အစည်း၏ အခြေခံအုတ်မြစ်များကို အဆိုပြုရန်အတွက် ပဋိညာဉ် ပုံစံကို အသုံးပြုခဲ့ကြသည်။ ဤပုံစံသည် လစ်ဘရယ်ဒီမိုကရေစီများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲမှုများ၊ နိုင်ငံသားဖြစ်မှုနှင့် အချုပ်အခြာအာဏာဆိုင်ရာ အယူအဆများအပေါ် နက်နဲသော သက်ရောက်မှုရှိခဲ့သည်။

လူဖြူသုံးယောက်အကြောင်းပြော၍ အာရှဘက်တွင်လည်း ယင်းကဲ့သို့သော အယူအဆ မရှိသည် မဟုတ်ပါ။ မင်းကျင့်တရားဆယ်ပါးတွင် အဝိရောဓနံ၊ လူထုကို မဆန့်ကျင်ရခြင်းကဲ့သို့သော တရားကိုယ်များ ရှိသည်သာမက ဘိသိက်ခံသည့်အခါ ပြည်သူကို ဖိနှိပ်လျှင် ခေါင်းခုနစ်စိတ်ကွဲပါစေဟူ၍ ကျိန်ဆိုရခြင်းမျိုးသည် အလားတူ အိန္ဒိယဘက်တွင် ရှိသကဲ့သို့ ကောင်းကင်ဘုံမှ စံပြုသူအဖြစ် အုပ်ချုပ်ရခြင်းဟူသည့် တရုတ်အမြင် ရှိပါသည်။ လူမှုအသိုင်းအဝိုင်းများတွင် ယင်းအယူအဆများက အနည်းနှင့်အများ ရှိကြသည့်တိုင် တော်လှန်ရေး ဖြစ်သည်အထိ လူထုကို တွန်းပို့နိုင်သည်ကတော့ အနောက်တိုင်းဆရာများ ဖြစ်ခဲ့ပါသည်။

အစောပိုင်း ကာလများတွင် လူမှုပဋိညာဉ် စဉ်းစားချက်ကို အလွန်သုံးခဲ့ကြသော်လည်း ၁၉ ရာစုနှင့် ၂၀ ရာစုများတွင် လူမှုပဋိညာဉ် အယူအဆ အားပျော့ကာ လက်တွေ့ဝါဒ၊ စံနှုန်းဗဟိုပြုဝါဒနှင့် တကယ့်နိုင်ငံရေး ထိတွေ့တိုက်ခိုက်မှုများ ရောက်လာသည်။ ကမ္ဘာစစ်တွေ ဖြစ်ကုန်သည်။ သို့နှင့် ၁၉၇၀ ကျော် ကာလများတွင်မှ ဂျွန်ရောလ်က “Theory of Justice” စာအုပ်ကိုရေး၍ တရားမျှတမှုအကြောင်းကို ပြန်ဆွေးနွေးခဲ့ရာ လူမှုပဋိညာဉ်အမြင်အပေါ် သက်ရောက်မှုရှိခဲ့သည်။ နောင်တွင် သူ၏ “Political Liberalism” စာအုပ်နှင့် “Theory of Justice: Revisited” စာတမ်းများမှတဆင့် ဖြည့်စွက်စဉ်းစားရန် လိုအပ်သည်များကိုလည်း ထပ်မံထောက်ပြခဲ့သည်။[6] ရောလ်၏ အယူအဆတွင် နိုင်ငံရေးစုဖွဲ့မှုတခု၌ လူထု၏ အကျေအလည် ဆွေးနွေးပြီးသော အကျိုးအကြောင်းဆက်စပ်မှု (Public reason) လိုသည်ဟု တွေ့ရသည်။ အကြမ်းအားဖြင့် လူထုကို နိုင်ငံတည်ဆောက်မှုတွင် “လူမှုဖူလုံရေးကို ဦးတည်သော နိုင်ငံတော်” အဖြစ် ပြောင်းလဲရာတွင် လစ်ဘရယ်နိုင်ငံတခုအတွက် အခွင့်အရေး တန်းတူညီမျှမှုနှင့် အခြေခံ လူမှုဖူလုံရေး အာမခံနိုင်သော နိုင်ငံသဘာဝအခြေခံတွင် ဆွေးနွေးခဲ့သည်။

လူမှုပဋိညာဉ်အယူအဆကို ကနဦး ဝေဖန်သူများတွင် စကော့လူမျိုးဒဿနဆရာ ဒေးဗစ်ဟူးမ်သည် ထင်ရှားသူတယောက်ဖြစ်သည်။ သူက ရူးဆိုးနှင့် ခေတ်ပြိုင်ဖြစ်၏။ လက်တွေ့တွင် စစ်တွေကိုသာ တိုက်ပြီး နိုင်သည့်သူကသာ အစိုးရ လုပ်နေကြောင်း၊ လူထုဆီက တကယ်တမ်း ပဋိညာဉ်ကို ရရှိရေး တောင်းယူထားမှု မရှိကြောင်း ဝေဖန်သည်။ လူထုအတွက် ရောင်းဝယ်ဖောက်ကားရေးဘဝ ရရှိရန်အတွက်ဆိုလျှင် အစိုးရသည် အသုံးဝင်ပါသည်ဟု သူက အသိအမှတ်တော့ ပြုပြန်သည်။ ရောလ်၏ ခေတ်ပြိုင် ရောဘတ်နိုးဇစ်က “Anarchy, State and Utopia” စာအုပ်ဖြင့် ဂျွန်ရောလ်၏ ဖြန့်ဝေရေးအမြင်ကို ပြန်လည်ဝေဖန်သည်။ ပင်လယ်ဓားပြ သင်္ဘောတွေပေါ် ရောက်နေရသလို ရွေးချယ်စရာ တကယ်မရှိကြောင်း၊ ပြန်နုတ်၍ မရသည့်အတွက် ပဋိညာဉ်သဘောအစစ် မဟုတ်ကြောင်း သူက ဆိုသည်။[7]

တဘက်တွင် သဘောတူညီချက်ဝါဒီ (Contractualists) များက ဖွဲ့စည်းပုံအခြေခံ ဥပဒေများသည် လူမှုပဋိညာဉ် သဘောဖြစ်သည်ဟု ရှုမြင်ကြသည်။ အစိုးရနှင့် လူထုကြား ချုပ်ဆိုသောစာချုပ်၊ ပြည်ထောင်စု စနစ်တွင် အစိုးရအချင်းချင်းကြားချုပ်သည့် စာချုပ်များဟု ယေဘုယျသဘောပေါက်ကြသည်လည်း ရှိကြသည်။ ယင်း ဖွဲ့စည်းပုံများတွင် လူထု၏အာဏာ၊ အချုပ်အခြာအာဏာကို မြှုပ်နှံပြီး အာဏာခွဲဝေပုံများကို သတ်မှတ်ခြင်း သဘာဝကို ဖွဲ့စည်းပုံဗဟိုပြုဝါဒဟု သိကြလေသည်။

အသိုက်အမြုံပဓာန ဝါဒ၊ ဖီမစ်နစ်ဇင်၊ Critical Race Theory နှင့် ကိုလိုနီလွန်ရှုထောင့်များမှလည်း ဤသီအိုရီကို ပြင်းထန်သော ဝေဖန်မှုများ ပြုကြသည်။ ဤဝေဖန်မှုများမှ လူပုဂ္ဂိုလ်နှင့် ပတ်သက်သည့် ယူဆချက်များနှင့် လူ့အဖွဲ့အစည်းနှင့် အာဏာတို့အတွက် သက်ရောက်မှုများကို စိန်ခေါ်နိုင်သည်။

ပထမဆုံးက “လူမှုပဋိညာဉ်ရှိသည်” ဟူသောအမြင်သည် နောက်ကြောင်းပြန်ကျိုးကြောင်းရှာသည့် အမြင်ဖြစ်ပြီး[8] လက်တွေ့နိုင်ငံတည်ထောင်ကြသည့် ကနဦးခေတ်များကို ပြန်ကြည့်လျှင် လူထုထံမှ ဘယ်သူမှ အသေးစိတ် သဘောတူညီမှုကို ယူထားခြင်းမဟုတ်။ ဇာတ်လမ်းထွင်၍ ဆင်ခြေပေးလိုက်ခြင်းသာ ဖြစ်သည်။ ထို့အပြင် အသစ်မွေးလာသည့် ကလေးများအားလည်း ဦးနှောက်ဆေးခြင်းသာ ပြုလုပ်ပြီး တကယ်တမ်းတွင် လူသစ်များထံမှ သဘောတူညီမှုများကို ရယူခြင်းလည်း ရှိသည်မဟုတ်ဟု ဆိုကြနိုင်သည်။[9] တကယ်တမ်း နိုင်ငံများသည် စစ်ပွဲအောင်နိုင်မှုများမှ ဖြစ်တည်လာခြင်း ဖြစ်သည်၊ လူမှုပဋိညာဉ်သည် ရိုမန်းတစ်ဆန်ဆန် တွေးခြင်းသာ ဖြစ်သည်ဟု ဆိုကြသည်။

အသိုက်အမြုံပဓာနဝါဒီ (Communitarianism)[10] တွေးခေါ်ပညာရှင်များဖြစ်ကြသော မိုက်ကယ်လ် ဆန်းဒဲလ် (Michael Sandel)၊ ချားလ်စ် တေလာ (Charles Taylor) နှင့် အလက်စ်ဒဲယား မက်အင်တိုင်ယာ (Alasdair MacIntyre) တို့က လူမှုပဋိညာဉ်အမြင်ကို မှားယွင်းသော “လူ့သဘာဝပုံရိပ်” ပေါ်တွင် စဉ်းစား၍ တည်ဆောက်ထားသည်ဟု ထောက်ပြခဲ့ကြသည်။ ဆိုလိုသည်က လူမှုပဋိညာဉ်သမားများ၏ ယူဆချက်မှာ လူ့အဖွဲ့အစည်းမတိုင်မီက လူများတည်ရှိနေခဲ့ပြီး ဆန္ဒအလျောက် သဘောတူညီချက်ပြုခဲ့သည့်ဟန် ဖြစ်၏။ “အသိစိတ်ရှိသလို ဆင်ခြင်တုံတရားနှင့် ကိုယ်ကျိုးနားလည်သော လူ” ဖြစ်ဖို့သည် ယင်းသဘောတူညီမှုရရန် အခြေခံဖြစ်သည်ဟူ၍ ဖြစ်သည်။ သို့သော် လက်တွေ့ဟုတ်ပါသလော။

အသိုက်အမြုံပဓာနဝါဒ၏ ရှုထောင့်မှကြည့်လျှင်-
  • လူသားများသည် မွေးဖွားကတည်းက လူမှုရေးအရ အမြစ်တွယ်နေကြသည်။ ကျွန်ုပ်တို့သည် မွေးဖွားကတည်းက ကျွန်ုပ်တို့ မည်သူဖြစ်သည်ကို ပုံဖော်ပေးသော ဆက်ဆံရေးများ၊ ရိုးရာဓလေ့များ၊ ဘာသာစကားများနှင့် ကိုယ်ကျင့်တရားဆိုင်ရာ ကတိကဝတ်များ စသည်တို့ အထဲတွင် တည်ရှိနေသည်။ ပဋိညာဉ်ပြုခဲ့သော "လူမှုရေးစုဖွဲ့မှုများ မတိုင်မီကပင် လူပုဂ္ဂိုလ် ရှိသည်” ဟူသည့် အယူအဆသည် ဒဿနဆိုင်ရာ စိတ်ကူးယဉ်မှုတခုသာ ဖြစ်သည်။ လူ့အသိုင်းအဝိုင်းများသည် စာရေးသူတို့ လက်လှမ်းမီသမျှ ယနေ့မော်ဒန်လူများထက်အရင် ပေါ်ထွန်းခဲ့သည်။
  • လူမှုပဋိညာဉ်သည် လူထုကတကယ် ရွေးချယ်ခဲ့ခြင်း မဟုတ်။ ထို့အပြင် အမွေဆက်ခံခဲ့သော ဘုံတန်ဖိုးများ၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ ကိုယ်ကျင့်တရားဆိုင်ရာ လောကအမြင်များနှင့် တာဝန်ဝတ္တရားများကို လျစ်လျူရှုထားခဲ့သည်။ ယနေ့ခေတ် လူ့အဖွဲ့အစည်းကို အပြန်အလှန် ဂရုစိုက်မှုရှိသော လူမှုအသိုက်အဝန်းအဖြစ် နားလည်ခြင်းမျိုးမဟုတ်ဘဲ လိုဘနှစ်သက်မှုများ ဖလှယ်သည့် ဈေးကွက်တခုအဖြစ် လျှော့ချပစ် လိုက်သည်။
  • အသိုက်အမြုံဝါဒီများက တရားမျှတမှုကို လူပုဂ္ဂိုလ်၏ သဘောတူညီချက် သက်သက်ဖြင့် ဆုံးဖြတ်နိုင်သည်ဟူသော အယူအဆကိုလည်း ဝေဖန်ကြသည်။ အသိုက်အမြုံဝါဒီတို့၏ အဆိုအရ တရားမျှတမှုသည် အခွင့်အရေးများနှင့် စည်းမျဉ်းများသာမက ရင်းနှီးပတ်သက်မှု၊ မှတ်ဉာဏ်နှင့် ဘုံကောင်းကျိုးတို့နှင့်လည်း သက်ဆိုင်သည်။

ဆိုလိုသည်မှာတော့ လူမှုပဋိညာဉ်အခြေပြု လစ်ဘရယ်ဝါဒသည် လက်တွေ့လူ့အဖွဲ့အစည်းများ၏ ကိုယ်ကျင့်တရားဆိုင်ရာ စိတ်ပညာကို နားလည်မှုလွဲမှားခဲ့သည်ဟု ဝေဖန်ခံရသည်။ ကိုယ်ကျင့်တရားဆိုင်ရာ ကတိကဝတ်များကို ပုဂ္ဂလိကပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ခဲ့ပြီး စည်းလုံးညီညွတ်မှုဆိုင်ရာ ဆက်နွှယ်မှုများကို အားနည်းစေခဲ့သည်။

ဖီမစ်နစ် တွေးခေါ်ပညာရှင်များဖြစ်ကြသော ကာရိုလ်ပိတ်မန်း (Carole Pateman) (The Sexual Contract ကျမ်းတွင်) နှင့် ဆူဆန် မိုလာ အိုကင် (Susan Moller Okin) တို့က လူမှုပဋိညာဉ်သည် သီအိုရီအရနှင့် လက်တွေ့တွင် အမျိုးသမီးများကို သမိုင်းတလျှောက် ပယ်ထုတ်ခဲ့သည်ဟု ဆိုခဲ့ကြပြန်သည်။ ပိတ်မန်းက လူမှုပဋိညာဉ်သည် အမျိုးသားများအကြားတွင် လွတ်လပ်မှုကို ကတိကဝတ် ပြုခဲ့သော်လည်း တချိန်တည်းမှာပင် အမျိုးသမီးများအား အိမ်ထောင်ရေးအလုပ်များ၊ အိမ်တွင်းမှုကိစ္စများနှင့် မျိုးပွားခြင်းဆိုင်ရာ လုပ်အားတို့မှတဆင့် နှိမ့်ချသော လိင်ပိုင်းဆိုင်ရာ ပဋိညာဉ်တရပ်ကို အင်စတီကျူးရှင်းအထိုင်ချခဲ့သည်ဟု ဆွေးနွေးခဲ့သည်။

ဖီမစ်နစ်များကမူ အခြေခံကျသည့် ယူဆချက် တခုဖြစ်သည့် လူသည် ဆင်ခြင်တုံတရားရှိသော ရွေးချယ်သူဖြစ်သည်ဟူသည့် ယုံကြည်မှုပုံစံကိုလည်း မေးခွန်းထုတ်ခဲ့ကြသည်။ အမျိုးသမီးများက မမျှမတ ထမ်းဆောင်နေရသော စိတ်ခံစားမှုဆိုင်ရာ အလုပ်၊ စောင့်ရှောက်မှုဆိုင်ရာ ကျင့်ဝတ်များနှင့် လူမှုရေးအရ မျိုးပွားခြင်းဆိုင်ရာ မတူညီသည့် ဝန်ထုပ်ဝန်ပိုးတို့ကို လျစ်လျူရှုထားသောကြောင့်ပင် ဖြစ်သည်။ တကယ်ပင် ဆင်ခြင်တုံတရား ရှိကြပါ၏လော။

ဝေဖန်ရေးဆိုင်ရာ လူမျိုးရေး သီအိုရီပညာရှင်ဖြစ်သော ချားလ်စ် မေးလ်စ် (Charles Mills) သည် သူ၏ လူမျိုးရေးပဋိညာဉ် (The Racial Contract) ကျမ်းတွင် လူမှုပဋိညာဉ်သည် လူဖြူ ဥရောပသားများအကြား အရောင်အသွေးရှိသော လူမျိုးများကို လွှမ်းမိုးရန်နှင့် အမြတ်ထုတ်ရန်အတွက် သဘောတူညီချက်ဖြစ်သလို လုပ်တတ်သည့် ပဋိညာဉ် အမြဲဖြစ်ခဲ့သည်ဟု ဆိုခဲ့ပြန်သည်။

အခြားဒဿနဆရာသမားများစွာကလည်း ကိုလိုနီစနစ်၊ ကျေးကျွန်စနစ်နှင့် လူမျိုးရေး မတရားမှုတို့ကို လစ်ဘရယ် မူဘောင်များအတွင်းတွင် ဆင်ခြင်တုံတရားများဖြင့် ယုတ္တိယုတ္တာပြ၍ တရားမျှတသလိုလုပ်ကာ ရှင်းလင်းခဲ့သည်ကို ထောက်ပြခဲ့သည်။

ယင်းငြင်းဆိုချက်တို့တွင် ပဋိညာဉ်သည် အပြန်အလှန် အကာအကွယ်ပေးခြင်းဘက်သို့ အာရုံစိုက် စဉ်းစားခြင်းထက် ပယ်ထုတ်ခြင်းနှင့် အထက်အောက် အဆင့်သတ်မှတ်ခြင်းတို့နှင့် သက်ဆိုင်သည့်ဘက်ကို ပို၍အာရုံစိုက်စဉ်းစားသည်။ အင်စတီကျူးရှင်းအစိုင်အခဲဖြစ်ခြင်းဘက်ကို ပို၍ စဉ်းစားသည်။

ဤဝေဖန်မှုများက လူမှုပဋိညာဉ် သီအိုရီမှ "လူ" ဟု ပြောလိုက်သည်နှင့် မြင်ကြသည်က လူဖြူ၊ အမျိုးသား၊ ဓနပိုင်ဆိုင်မှုရှိသူ ဖြစ်လေ့ရှိသည်ကို ဖော်ပြသည်။ ထို့ကြောင့် သီအိုရီသည် “သဘောတူညီချက်” နှင့် “တူညီမှု” ဟူသော အသွင်အောက် အာဏာမညီမျှမှုများသည် စနစ်နှင့်တကွဖြစ်သည့်ပြဿနာများ ဖြစ်နေမှုကို ဖုံးကွယ်ထားသည်ဟု အဆိုပြုထောက်ပြသည်။
  • ကိုလိုနီခေတ်လွန်ဆရာများနှင့် ဌာနေတိုင်းရင်းသား အတွေးဆရာများက လူမှုပဋိညာဉ်ကို အနောက်တိုင်းမဟုတ်သော နိုင်ငံရေးဆိုင်ရာ လက်တွေ့အခြေအနေများကို နားလည်မသည့် ကိုလိုနီခေတ်မှ သွင်းကုန်အဖြစ် ဝေဖန်ခဲ့ကြသည်။[11]
  • များစွာသော ဌာနေတိုင်းရင်းသား လူ့အဖွဲ့အစည်းများသည် သီအိုရီထဲကလို ပဋိညာဉ်အပေါ် အခြေခံထားခြင်း မဟုတ်ဘဲ ဆွေမျိုးပေါက်ဖော်ဆက်နွှယ်မှုများ၊ ဘိုးဘွားနှင့် သက်ဆိုင်သည့် သဘောတူညီချက်၊ နှုတ်မှုဆိုင်ရာ ရိုးရာဓလေ့နှင့် ဆက်ဆံရေးဆိုင်ရာ လောကအမြင်များ စသည်တို့အပေါ် တည်ဆောက်ထားသည်။
  • ပဋိညာဉ်ပုံစံသည် နိုင်ငံရေးကို ညှိနှိုင်းမှုနှင့် သဘောတူညီချက်အဖြစ် လျှော့ချခဲ့ပြီး မြေယာ၊ ဘိုးဘွားများနှင့် ဝိညာဉ်များအပေါ် ယုံကြည်ချက်လောကအမြင်ဆိုင်ရာ ဆက်နွှယ်မှုများကို လျစ်လျူရှုခဲ့သည်။
  • ကိုလိုနီအာဏာပိုင်များက ဌာနေတိုင်းရင်းသား နိုင်ငံများအပေါ် လစ်ဘရယ် ဖွဲ့စည်းပုံအခြေခံ ဥပဒေများနှင့် ဥပဒေစနစ်များကို အတင်းအကျပ် သွတ်သွင်းရန် ကြိုးပမ်းကြရာတွင် ယဉ်ကျေးမှုနှင့် ခေတ်မီမှုဟူသည့် ခေါင်းစဉ်ဖြင့် ဌာနေလူမျိုးတို့၏ အုပ်ချုပ်ရေးပုံစံများကို ဖယ်ရှားပစ်ခြင်း သို့မဟုတ် ဖျက်ဆီးပစ်ခြင်းများ ပြုလုပ်လေ့ရှိသည်။
  • ကိုလိုနီခေတ်လွန် သီအိုရီပညာရှင်များက စစ်မှန်သော ကိုလိုနီစနစ်မှ လွတ်မြောက်ရေးသည် လူမှုပဋိညာဉ်သီအိုရီသည် အားလုံးကိုခြုံငုံသည်ဟူသော အယူအဆကိုငြင်းပယ်ပြီး ရိုးရာ ဓလေ့များ၊ ပုံပြင်များနှင့် လူမှုအသိုက်အမြုံဆိုင်ရာ တာဝန်ဝတ္တရားများတွင် အမြစ်တွယ် နေသော တရားဝင်မှု၏ အခြားသော အရင်းအမြစ်များကို ပြန်လည်အသက်သွင်းရမည်ဟု အဆိုပြုခဲ့ကြသည်။

ဤဝေဖန်မှုများရှိနေသော်လည်း လူမှုပဋိညာဉ်သီအိုရီသည် ယနေ့ထိနိုင်ငံရေးဆိုင်ရာ ဟောပြောချက် များစွာတွင် ဆက်လက်လွှမ်းမိုးနေဆဲ ဖြစ်သည်။ အစိုးရများရှိနေသ၍လည်း လွှမ်းမိုးအောင် လှုပ်ဆောင်နေကြ ဆဲပင် ဖြစ်မည်။ ယနေ့နိုင်ငံရေးဒဿနများတွင် သီအိုရီဆန်ခြင်းထက် လက်တွေ့ဆက်ဆံရေးကိုဦးစားပေးခြင်း၊ သီးခြားဖြစ်မှုများထက် အပြန်အလှန်မှီခိုမှုကို အလေးထားကြခြင်း၊ စိတ်ကူးမှန်းဆခြင်းထက် အမြစ်ရှိထားသည့် အင်စတီကျူးရှင်းများကို ဖွံ့ဖြိုးစေခြင်း စသည့် အခြားရွေးချယ်စရာများ တွေးလာကြပါသည်။

အချို့သော အဓိက ဦးတည်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
  • သဘောတူညီချက်သက်သက် မဟုတ်ဘဲ လူမှုရေးအစီအစဉ်ကျနမှု၏ အခြေခံအုတ်မြစ်အဖြစ် နိုင်ငံရေးမိတ်သဟာယဖြစ်မှုနှင့် စည်းလုံးညီညွတ်မှု။
  • ကိုယ်ကျိုးရှာမှုသက်သက်အပေါ် အခြေခံခြင်း မဟုတ်ဘဲ မျိုးဆက်နှင့် သက်ဆိုင်သည့် တာဝန်ဝတ္တရားများအပေါ်တွင် အခြေခံသည့် သဘောတူညီချက်ဆိုင်ရာ ပုံစံများ။[12]
  • ရပ်ရွာများကို စိတ်ကူးမှန်းဆထားသည့် အခွင့်အရေးများထက် ဘုံသမိုင်းမှ ပုံဖော်ထားသည့် ပုံပြင်နှင့် မှတ်ဉာဏ်အခြေခံ ကိုယ်ပိုင်လက္ခဏာ။
  • ကွန်မြူနီတေရီယန်ဝါဒသည် များပြားလှသည့် ကွဲပြားမှုများကို ဘုံတာဝန်များနှင့် မျှတစေသည်။ အတင်းအကျပ် လိုက်နာမှုနှင့် လစ်ဘရယ် ဆက်နွှယ်မှုတို့ နှစ်ခုလုံးကို ဝေဖန်သည်။
  • လူမှုပဋိညာဉ်သည် သူ့ခေတ်နှင့်သူ တော်လှန်သော အယူအဆတခု ဖြစ်ခဲ့ပါသည်။ ၎င်းသည် နိုင်ငံရေးဆိုင်ရာ တရားဝင်မှုအတွက် လောကီရေးရာ၊ ဆင်ခြင်တုံတရားရှိသော အခြေခံအုတ်မြစ်ကို ပေးခဲ့ပြီး ဘုရားသခင်ပေး အခွင့်အရေးရှိသည့် ဘုရင်စနစ်များကို စိန်ခေါ်ခဲ့ကာ လူပုဂ္ဂိုလ်၏ ဂုဏ်သိက္ခာကို အတည်ပြုခဲ့သည်။ သို့သော် ထိုမျှသည် ယခုအခါ လုံလောက်မှု မရှိတော့ပါ။
  • ဂေဟဗေဒ ပျက်စီးယိုယွင်းမှု၊ လူမျိုးရေးဆိုင်ရာ ပြန်လည်သုံးသပ် ဝန်ခံကြမှု၊ ဇာတိဖွား ဌာနေလူမိုးတို့၏ ပြန်လည်နိုးထလာမှုနှင့် ကိုလိုနီခေတ်လွန် အခြေအနေမှ ကျွန်ုပ်တို့သည် အထီးကျန် ရွေးချယ်သူနှင့် ဘက်မလိုက်သော ပဋိညာဉ်ရှိသည်ဟူသည့် ယုံတမ်းများကို ကျော်လွန်သွားရမည်။
  • ကျွန်ုပ်တို့သည် နိုင်ငံရေးဆိုင်ရာ အခြေခံအုတ်မြစ်များကို မတူညီသည့် လူစိမ်းများအကြား ညှိနှိုင်းထားသော ပဋိညာဉ်များအဖြစ် မဟုတ်ဘဲ ဘုံသမိုင်းများ၊ ဘိုးဘွားပိုင်မြေများနှင့် စုပေါင်းအနာဂတ်များတွင် နေထိုင်နေကြသော အပြန်အလှန်မှီခိုနေသည့် ဖြစ်တည်မှုများ အကြား ကိုယ်ကျင့်တရားဆိုင်ရာ ဆက်ဆံရေးများအဖြစ် ပြန်လည်စိတ်ကူးပုံဖော်ရမည်။

ယခုမေးခွန်းမှာ မည်သည့်ပဋိညာဉ်ကို ရွေးချယ်မည်ဆိုသည်ထက် ပိုမိုနက်ရှိုင်းပါသည်။ ကျွန်ုပ်တို့၏ လူမှုဆက်ဆံရေးများအနက် မည်သည့်အရာများကို တန်ဖိုးထားဂုဏ်ပြုကြမည်၊ မည်သည့်အရာများကို ပြန်လည်ပြုပြင်မည်၊ အားလုံးအတူတကွ ရေရှည်တည်တံ့အောင် မည်သို့ထိန်းသိမ်းကြမည်ဆိုသည့် မေးခွန်း ပုစ္ဆာများ ဖြစ်ပါသည်။
----------

[1] ဟော့ဘ်စ်၏ Leviathan (၁၆၅၁) သည် အင်္ဂလိပ်ပြည်တွင်းစစ်၏ ဖရိုဖရဲအခြေအနေများကို တုံ့ပြန်ရန် ရေးသားခဲ့ခြင်း ဖြစ်သည်။ သူ၏ကျမ်းမတိုင်မီ ရှေးဟောင်းဂရိဒဿနတွင် ပလေတို၏ Crito ကဲ့သို့သော စာပေများ၌ နိုင်ငံတော်နှင့် နိုင်ငံသားကြား သဘောတူညီချက်ဆိုင်ရာ အတွေးအခေါ်များ ရှိခဲ့သော်လည်း၊ ဟော့ဘ်စ်သည် လူမှုပဋိညာဉ်ကို ခေတ်သစ် နိုင်ငံရေးအတွေးအခေါ်၏ အဓိကမဏ္ဍိုင်တခုအဖြစ် စနစ်တကျ ပုံဖော်ခဲ့သည့် ပထမဆုံး တွေးခေါ်ရှင်အဖြစ် အများက အသိအမှတ်ပြုကြသည်။ ယင်းအသိအမှတ်ပြုမှုကိုလည်း Decolonizing theory မှ ဝေဖန်ကြသည်။

[2] ဟော့ဘ်စ်က ဤ "သဘာဝအခြေအနေ" ကို လက်တင်ဘာသာဖြင့် bellum omnium contra omnes (အားလုံးက အားလုံးကို ဆန့်ကျင်တိုက်ခိုက်နေသည့် စစ်ပွဲ) ဟု ဖော်ပြခဲ့သည်။ ဤအခြေအနေသည် သမိုင်းမတင်မီခေတ်ကို ရည်ညွှန်းခြင်းထက်၊ အကြွင်းမဲ့အာဏာပိုင်မရှိပါက လူသားတို့၏ ပြိုင်ဆိုင်လိုမှု၊ မယုံကြည်မှုနှင့် ဂုဏ်သိက္ခာကို တပ်မက်မှု စသည် တို့ကြောင့် မလွဲမသွေ ဖြစ်ပေါ်လာမည့် အခြေအနေကို ရှင်းပြသည့် အတွေးစမ်းသပ်ချက် (thought experiment) တခု ဖြစ်သည်။

[3] “Whatsoever therefore is consequent to a time of war, where every man is enemy to every man, the same consequent to the time wherein men live without other security than what their own strength and their own invention shall furnish them withal. In such condition there is no place for industry... no knowledge of the face of the earth; no account of time; no arts; no letters; no society; and which is worst of all, continual fear, and danger of violent death; and the life of man, solitary, poor, nasty, brutish, and short.” - Leviathan

[4] ဂျွန်လော့ခ်၏ ဤကျမ်းသည် ၁၆၈၈ ခုနှစ် အင်္ဂလန်နိုင်ငံ၏ ကျက်သရေဆောင် တော်လှန်ရေး (Glorious Revolution) အတွက် ဒဿနဆိုင်ရာ အကြောင်းပြချက်ပေးသည့် ကျမ်းတစောင်အဖြစ် ရှုမြင်ကြသည်။ သူ၏အဆိုအရ အစိုးရ၏ တရားဝင်မှုသည် "အုပ်ချုပ်ခံတို့၏ သဘောတူညီမှု (consent of the governed)" မှ ဆင်းသက်လာပြီး၊ အစိုးရက ပြည်သူတို့၏ အသက်၊ လွတ်လပ်မှုနှင့် ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ကို ချိုးဖောက်လျှင် ထိုသဘောတူညီချက် ပျက်ပြယ်သွား သောကြောင့် တော်လှန်ခြင်းမှာ တရားမျှတသည်ဟု ဆိုလိုသည်။

[5] General Will ဟု ရူးဆိုးက ခေါ်ပါသည်။ လူသားတို့သည် စုပေါင်းအဖွဲ့အစည်း ဖွဲ့စည်းသောအခါ၊ တခုတည်းသော ကိုယ်ကျင့်တရားနှင့် စုပေါင်းကိုယ်ခန္ဓာ (A single body and a moral collective) သဖွယ် ဖြစ်ပေါ်လာ၏။ ဤစုပေါင်းကိုယ်ခန္ဓာ၏ အသက်သည် အများ၏ ယေုယျဆန္ဒပင် ဖြစ်တော့သည်။ ယေဘုယျဆန္ဒသည် လူတဦးချင်းစီ၏ ကိုယ်ကျိုးစီးပွားအတွက် ဆန္ဒ (Particular Will) များ စုပေါင်းခြင်း မဟုတ်ပေ။ တဦးချင်း စိတ်ဆန္ဒ (Will of All) နှင့် မတူ၊ အဖွဲ့အစည်း တခုလုံး၏ စုပေါင်းကောင်းကျိုး (The common good) ကိုသာ ရည်ညွှန်းသော၊ မည်သူတယောက်၏ ကိုယ်ပိုင်ဆန္ဒနှင့်မျှ မစွန်းထင်းသည့် စင်ကြယ်သည့် ဆန္ဒပင် ဟု ရူးဆိုးက ယုံကြည်သည်။ “There is no power but the general will that can direct the forces of the state according to the end for which it was instituted, which is the common good.…. Each, in obeying all, nevertheless obeys only himself, and remains as free as before.") ဟူ၍ ဆိုပေသည်။ ရည်ရွယ်ချက်ကောင်းသော်လည်း ဤအမြင်သည် အဆိုးဘက်သို့ အသုံးချခံရတတ်သည်။ လူထုအတွင်း ကောင်းမှုတရားအပေါ် အခြေခံသည့် ဘုံဆန္ဒရှိသည်ဟု အနှစ်သာရအားဖြင့် တွေးလိုက်ပါက သဘောမတူသူသည် လူယုတ်မာ သစ္စာဖောက်ပမာ ဖြစ်လာသည်။ လက်တွေ့ ကွဲပြားသော လူမှုအသိုင်းအဝိုင်းများကို လျစ်လျူရှုထားနိုင်၍ အန္တရာယ်ရှိသည်ဟု ယူဆရသည်။ စစ်မှန်သော ဘုံကောင်းကျိုး (Common Good) သည် စုပေါင်းအမိန့်နာခံမှု (uniform obedience) မှ ပေါ်ထွက်လာခြင်းမဟုတ်ဘဲ၊ ကွဲပြားသော အုပ်စုများအကြား ဆက်လက်ဆွေးနွေးညှိနှိုင်းမှု၊ ဂရုစိုက်မှုနှင့် အပြန်အလှန် တာဝန်ယူမှု တို့မှသာ ထွက်ပေါ်လာနိုင်မှသာ ရေရှည်တွင် General Will ကို အာမခံနိုင်ပါမည်။

[6] သို့ရာတွင် ပထမရေးလိုက်သော စာအုပ်ကိုသာ လူသိများနေသည်လည်း တွေ့ရသည်။ နောက်ပိုင်း သူ့အမြင်အတွက် လိုအပ်မှုများကို ဆွေးနွေးသည့်အကြောင်းအရာများကိုမူ အခြားသူများထပ်မံဆွေးနွေးသည်ကို အတွေ့ရနည်းသည်။

[7] လစ်ဘာတေးရီးယန်း (Libertarian) ဒဿနပညာရှင် နိုးဇစ်၏ ဤဝေဖန်ချက်သည် ဂျွန်ရောလ်၏ "ဖြန့်ဝေရေးဆိုင်ရာ တရားမျှတမှု (distributive justice)" ကို အဓိက ပစ်မှတ်ထားသည်။ သူ၏အမြင်တွင် လူတဦးချင်းစီ၏ အခွင့်အရေးများ (အထူးသဖြင့် ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်) သည် အဓိကဖြစ်ပြီး၊ လူမှုဖူလုံရေးအတွက် အခွန်ကောက်ခံခြင်းကဲ့သို့သော အစိုးရ၏ လုပ်ဆောင်ချက်များသည် အတင်းအကျပ်စေခိုင်းမှု တမျိုးပင်ဖြစ်သည်။ လူတဦးသည် နိုင်ငံတော်ထဲသို့ မွေးဖွားလာခြင်းဖြစ်ပြီး၊ ထိုစနစ်မှ ထွက်ခွာရန် လက်တွေ့မဖြစ်နိုင်သောကြောင့် အစိုးရ၏ စည်းမျဉ်းများကို လိုက်နာနေရခြင်းသည် စစ်မှန်သော သဘောတူညီချက်မဟုတ်ဟု သူက ငြင်းခုံသည်။

[8] ဤဝေဖန်ချက်သည် လူမှုပဋိညာဉ်သီအိုရီ၏ "သမိုင်းအစဉ်အဆက်ဆိုင်ရာ လွဲမှားမှု (historical fallacy)" ကို ထောက်ပြခြင်းဖြစ်သည်။ နိုင်ငံအများစုသည် သဘောတူညီချက်ဖြင့် စတင်ခဲ့ခြင်းမဟုတ်ဘဲ အောင်နိုင်မှု၊ အင်အားသုံးမှုနှင့် အမွေဆက်ခံမှုတို့မှတဆင့် ပေါ်ပေါက်လာခဲ့သည်။ လူမှုပဋိညာဉ်သည် တည်ရှိနေပြီးဖြစ်သော အာဏာဖွဲ့စည်းပုံကို တရားဝင်သယောင်ဖြစ်စေရန်အတွက် နောက်ကြောင်းပြန် အကြောင်းပြချက်ပေးသည့် (post hoc rationalization) ဒဏ္ဍာရီတပုဒ်သာ ဖြစ်သည်ဟု Hume ကဲ့သို့သော တွေးခေါ်ရှင်များက ဝေဖန်ခဲ့ကြသည်။

[9] ထိုဝေဖန်ချက်ကို တုံ့ပြန်ရန် ဂျွန်လော့ခ်က "သွယ်ဝိုက်သော သဘောတူညီချက် (tacit consent)" ဟူသော အယူအဆကို တင်ပြခဲ့သည်။ သူ၏အဆိုအရ နိုင်ငံတနိုင်ငံ၏ နယ်နိမိတ်အတွင်း နေထိုင်ပြီး ဥပဒေ၏ အကာအကွယ်ကို ခံယူသူတိုင်းသည် ထိုအစိုးရကို သွယ်ဝိုက်သောအားဖြင့် သဘောတူပြီးသား ဖြစ်သည်ဟု ဆိုသည်။ ဆိုကရေးတီး အဆိပ်သောက်၍ သေဒဏ်ကို လက်ခံခြင်းမှာလည်း ယင်းအမြင်မျိုးဟုလည်း ယူဆနိုင်ပါသည်။ သို့သော် ဝေဖန်သူများက ထိုနိုင်ငံတခုမှ ထွက်ခွာရန် လက်တွေ့မလွယ်ကူသည့် အခြေအနေတွင် ဤ "သွယ်ဝိုက်သော သဘောတူညီချက်" သည် ရွေးချယ်စရာမရှိသော အတင်းအကျပ် လက်ခံခိုင်းမှုသာဖြစ်ပြီး စစ်မှန်သော ပဋိညာဉ် သဘောတူညီချက်မဟုတ်ဟု တန်ပြန် ငြင်းခုံကြသည်။

[10] အသိုက်အမြုံပဓာနဝါဒ (Communitarianism) အရ၊ တိုင်းရင်းသားတဦး၏ အခွင့်အရေးသည် သူ၏ အသိုင်းအဝိုင်း (လူမျိုး) ၏ ရှင်သန်ရေးနှင့် ခွဲခြား၍မရပေ။ ထို့ကြောင့် တော်လှန်ရေးသည် တဦးချင်းအခွင့်အရေး အတွက်ထက် စုပေါင်းရှင်သန်ခွင့် အတွက် တိုက်ပွဲဝင်ခြင်း ဖြစ်သည်။

[11] ဤဝေဖန်မှု၏ အနှစ်သာရမှာ လူမှုပဋိညာဉ်သည် "တဦးချင်း အခွင့်အရေး" ကို ဗဟိုပြုသည့် အနောက်တိုင်းအမြင်ကို ကိုယ်စားပြုပြီး၊ "စုပေါင်းတာဝန်ဝတ္တရားနှင့် ဆွေမျိုးပေါက်ဖော်ဆက်နွှယ်မှု" ကို အခြေခံသည့် ဌာနေတိုင်းရင်းသားတို့၏ အုပ်ချုပ်ရေးစနစ်များကို လျစ်လျူရှုခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းအတွက် အသုံးချခံခဲ့ရသည့် အတွေးအခေါ်ဆိုင်ရာ လက်နက်တခု ဖြစ်သည်ဟု ဆိုလိုသည်။ သာဓကမှာ အသိုက်အမြုံက စုပေါင်းပိုင်သည့် မြေယာများကို လူတဦးပိုင် ရောင်းဝယ်နိုင်သည့် မြေယာများအဖြစ် ပြောင်းခဲ့ကြသလိုပင် ကိုလိုနီအစိုးရများသည် ဌာနေလူ့အဖွဲ့အစည်းများအပေါ် သူတို့၏ ဥပဒေစနစ်များကို တင်သွင်းရာတွင် ဤအယူအဆကို အသုံးပြုခဲ့ကြပေသည်။

[12] "မျိုးဆက်များအကြား ပဋိညာဉ် (Intergenerational Contract)" ဟု ခေါ်ဆိုကြပါသည်။ ဤအတွေးအခေါ်ကို အားပေးသူမှာ ကွန်ဆာဗေးတစ်တွေးခေါ်ရှင် အက်ဒမန်ဘာ့ခ် (Edmund Burke) ဖြစ်ပြီး၊ သူက လူ့အဖွဲ့အစည်းကို "သက်ရှိထင်ရှား ရှိနေသူများ၊ သေလွန်ပြီးသူများနှင့် နောင်မွေးဖွားလာမည့်သူများ" အကြားက ထာဝရ မိတ်သဟာယ ဖွဲ့မှုတရပ်အဖြစ် ရှုမြင်ခဲ့သည်။ ဤအမြင်အရ လက်ရှိမျိုးဆက်တွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ဝတ္တရားများ၊ နိုင်ငံတော်ကြွေးမြီကိစ္စနှင့် ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းခြင်းကဲ့သို့သော နောင်မျိုးဆက်များအပေါ် ထားရှိရမည့် တာဝန်များ ရှိသည်ဟု ဆိုလိုသည်။

Comments

Popular posts from this blog

နိုင်ငံရေးသည် ဘာကို အခြေခံမည်နည်း

“နိုင်ငံရေးသည် ဘုံကောင်းကျိုးကို ရှာရန်ဖြစ်သည်” [1] ဟု Hans Sluga မှ ဆိုသည်။ ပူးပေါင်းမှုက နိုင်ငံရေး၏ ဗဟိုချက်ဖြစ်သည်ဟု ယုံကြည်သူတို့အဖို့ ထိုအဆိုသည် အလွန်တန်ဖိုးရှိသော အဆိုဟု ပြောရမည်။ ဘုံကောင်းကျိုးဟူသည့်စကားလုံးမှာ အဓိကသော့ချက် ဖြစ်သည်။ ဘုံကောင်းကျိုးသည် အရေးကြီးသလို အန္တရာယ်လည်း ရှိနိုင်သည်။ ဘုံကောင်းကျိုး၊ သို့မဟုတ် အားလုံးကောင်းစားရေး သို့မဟုတ် အများကောင်းစားရေးဟူသည့် အကြောင်းပြချက်အောက်တွင် စဉ်းစား၍ပင် မရဲလောက်အောင် ဆိုးယုတ်သည့် အပြုအမူများ ဖန်တီးကြသည်။ နာဇီဂျာမနီက ဂျူးတို့ကို သတ်ဖြတ်ရာတွင် ဂျာမန်တို့၏ ကောင်းကျိုးအတွက် သတ်သည်ဟု အကြောင်းပြချက်ပေးခဲ့၏။ လူနည်းစု အခွင့်အရေးအတွက် လုပ်ဆောင်သူတိုင်းက အများကောင်းကျိုးဟူသော စကားလုံးကို သတိကြီးကြီး ထားရမည်ဖြစ်သည်။ ဘုံကောင်းကျိုးကို ပြောရာတွင် သုံးခုကို အဓိက ထောက်ပြစဉ်းစားရန် ရှိသည်။ ပထမချက်က ဘုံကောင်းကျိုးကို ပယ်၍မရဟူသည့်အချက် ဖြစ်သည်။ ဘုံကောင်းကျိုးကို ဦးမတည်လျှင် မည်သည့်အရာကို ဦးတည်မည်နည်း။ ဆိုးကျိုးကို မည်သူမျှ မလိုချင်ပေ။ ဘုံကောင်းကျိုးမရှိလျှင် နိုင်ငံရေးသည် အဓိပ္ပာယ် မရှိ၊ တဦးတစု ကောင်းစားရေးသည် နိုင်ငံရေးမဟုတ်ပေ။ ဒုတိယအချက်မှာ ဘု...

လောကအမြင်များစွာကွဲပြားကြခြင်း

လက်တွေ့ကြုံနေရသော အရှိတရားအဖြစ်မှန်များ (Be/Is) မှ ကိုယ်ကျင့်တရားအစီအစဉ်များ (ဟိုဟာ လုပ်သင့်သည်၊ ဒီဟာလုပ်သင့်သည် -Ought/Should) ကို တိုက်ရိုက်ဆွဲထုတ်ကာ ဟောပြလိုသည့် ဆန္ဒသည် လူတိုင်းတွင် အမြဲရှိနေတတ်သည်။ [1] အထူးသဖြင့် အကျပ်အတည်းများနှင့် အရေးပေါ် အခြေအနေများတွင် ဤသို့ဆန္ဒဖြစ်တတ်သည်။ ဆင်းရဲမွဲတေမှုသည် လူသန်းပေါင်းများစွာကို ထိခိုက်နေသည်၊ အကြမ်းဖက်မှုသည် လူ့အဖွဲ့အစည်းများကို ဖျက်ဆီးနေသည်၊ ရာသီဥတုပြောင်းလဲမှုသည် ဂေဟစနစ်ကို ခြိမ်းခြောက်နေသည် စသည်တို့ကဲ့သို့သော ရှင်းလင်းသည့်အချက်အလက်များနှင့် ရင်ဆိုင်ရသည့်အခါ ဆင်းရဲမွဲတေမှုကို ဖယ်ရှားရန်၊ အကြမ်းဖက်မှုကို အဆုံးသတ်ရန်နှင့် ကမ္ဘာဂြိုဟ်ကို ကယ်တင်ရန်ဟူသော တုံ့ပြန်မှုများ ချက်ချင်းပင် ပေါ်ထွက်လာတတ်သည်။ ပြဿနာတခု၏ ဖြစ်တည်မှုသည်ပင် ယင်းပြဿနာဖြေရှင်းချက်ကို သဘာဝအတိုင်း ညွှန်ပြနေဘိသကဲ့သို့ အချက်အလက်ကပင် တာဝန်တရပ်ကို တောင်းဆိုနေပုံရသည်။ သို့သော် ပိုမိုနက်ရှိုင်းစွာ စစ်ဆေးကြည့်လျှင် သဒ္ဒါ (Grammar) အရပင် “အမှန်တကယ်ဖြစ်တည်မှု” (Is) မှ “ဖြစ်သင့်ဖြစ်ထိုက်မှု” (Ought) သို့ ကူးပြောင်းခြင်းသည် အလိုအလျောက် ဖြစ်မလာသည်ကို တွေ့ရမည်။ ဤချိတ်ဆက်မှုသည် ရှောင်လွှဲ၍ ...

နိုင်ငံရေးဟူသည် ဘာကိုရည်ညွှန်းကြသနည်း

နိုင်ငံရေးအကြောင်း ပြောကြသည့်အခါ တချို့က ကျဉ်းမြောင်းသော ဖွင့်ဆိုချက်အနေဖြင့် အစိုးရ၏ အုပ်ချုပ်မှုရေးရာများကိုသာ ဆိုလိုကြသလို အချို့ကလည်း အလွန်အမင်း ကျယ်ပြောသော စဉ်းစားချက်ဖြင့် “မီးဖိုချောင်ကိစ္စလဲ နိုင်ငံရေးပဲ” ဟု ဆိုကြပြန်သည်။ မြန်မာဆိုရိုးစကားတွင်တော့ “ကြက်ဥအရောင်၊ တိမ်တောင်သဖွယ် မင်းရေးကျယ်သား” [1] ဟု ဆိုသည့်အတွက် သာမန်လူထုသည် နိုင်ငံရေးရာကို နားလည်ရန် မလွယ်ဟု ဆိုလိုသည်ကို တွေ့ရသည်။ ဂရိခေတ်က မြို့ပြနိုင်ငံ သေးသေးလေးများ ဖြစ်ကြရာ သူတို့အတွက် နိုင်ငံရေးနှင့် လူမှုရေးတို့သည် ကွာဟချက် အလွန်အမင်းကြီးမားမှု မရှိပဲ အပြန်အလှန် ပြောင်းလဲနိုင်သည့်နှယ် ပြောတတ်ကြသည်။ [2] အရစ္စတိုတယ်က လူဟူသည်မှာ နိုင်ငံရေး သတ္တဝါဟု ဆိုပေသည်။ ၁၉၄၀ ခုနှစ် ဖေဖော်ဝါရီလ ဒဂုန်မဂ္ဂဇင်းမှာတော့ ဗိုလ်ချုပ်အောင်ဆန်းက ယခုလိုရေးပါသည် "နိုင်ငံရေး ဆိုသော စကားကို ပထမသုံးသပ်ရန်လိုသည်။ "ပြည်ထဲအရေး ပေါက်နှင့်ကျေး၊ ကြက်ဥအရောင် တိမ်တောင် သဖွယ် မင်းရေးကျယ်” စသည်ဖြင့် ရှေးဗမာစကားများတွင် ဖတ်ရ၏။ ဤစကားများကား ကောင်းလည်းကောင်း၏။ ဆိုးလည်းဆိုး၏။ ကောင်းပုံကား နိုင်ငံရေး၏ ခက်ခဲနက်နဲသော အဓိပ္ပါယ်၊ ကျယ်ဝန်းသော အဓိပ္ပါယ် သိမ်မွေ...