လူသားတွေဟာ တဦးနဲ့ တဦး ဆက်ဆံပြီး လူမှုအသိုင်းအဝိုင်းဖွဲ့ကာ နေထိုင်တတ်ကြတဲ့ သတ္တဝါတွေပါ။ ဒီလို နေထိုင်ကြတဲ့အခါ အချင်းချင်းကြား သံယောဇဉ်၊ ခင်မင်ရင်းနှီးမှုတွေဟာ လူ့အဖွဲ့အစည်းကို ရေရှည်တည်တံ့စေတဲ့ အဓိက အုတ်မြစ်တွေထဲက တခု ဖြစ်ပါတယ်။ အဲဒီလို ခင်မင်ရင်းနှီးမှုတွေကို ချဲ့ထွင်ပြီး ကြည့်ဖို့လိုပါတယ်။ နိုင်ငံရေးမိတ်သဟာယစိတ် (Political Friendship) ဆိုတာက လူ့အဖွဲ့အစည်း တခုလုံးအတွက် အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်နေပါတယ်။
သမိုင်းကို ပြန်ကြည့်ရင် နိုင်ငံရေးမိတ်သဟာယစိတ်ဆိုတဲ့ အယူအဆဟာ ရှေးဟောင်းခေတ် ကတည်းက ရှိခဲ့တာကို တွေ့ရပါတယ်။ ဂရိအတွေးဆရာ အရစ္စတိုတယ် (Aristotle) က လူ့အဖွဲ့အစည်းမှာ တရားမျှတမှု ရှိဖို့အတွက် မိတ်ဆွေဖွဲ့ခြင်း (Philia) ဟာ တရားမျှတမှုရှိတာထက်တောင် ပိုအရေးကြီးတယ်လို့ ယူဆခဲ့ပါတယ်။ အရစ္စတိုတယ်အတွက် မိတ်ဆွေဖွဲ့ခြင်းဆိုတာ ပုဂ္ဂိုလ်ရေးအရ ခင်မင်ရင်းနှီးမှုတွေအပြင် အများကောင်းကျိုးအတွက် တူညီတဲ့တန်ဖိုးတွေနဲ့ ရည်မှန်းချက်တွေအပေါ် အခြေခံတဲ့ လူမှုရေး စည်းလုံးမှုတွေကိုပါ ဆိုလိုတာ ဖြစ်ပါတယ်။ ဒီလို မိတ်ဆွေဖွဲ့ခြင်းမျိုးက အများအကျိုးစီးပွားကို အတူတကွ ရှာဖွေရာမှာ အရေးပါလှတယ်လို့ မြင်ပါတယ်။
နောက်ပိုင်းမှာလည်း တွေးခေါ်ရှင်တွေက နိုင်ငံရေးမိတ်သဟာယစိတ်ကို ရှုထောင့်အမျိုးမျိုးကနေ ဆက်လက် တွေးတောခဲ့ကြပါတယ်။ ရူးဆိုး (Jean-Jacques Rousseau) လို ပုဂ္ဂိုလ်မျိုးဆိုရင် လူ့အဖွဲ့အစည်းရဲ့ အကျိုးစီးပွား (General Will) ကို အတူတကွ ဖော်ဆောင်ဖို့အတွက် နိုင်ငံသားတွေကြား ဘုံရည်မှန်းချက်တွေအပေါ် အခြေခံတဲ့ တဦးနဲ့ တဦး နားလည်မှုနဲ့ ယုံကြည်မှု (Political Fraternity) ကို အရေးကြီးတယ်လို့ မြင်ခဲ့ပါတယ်။ ဂျွန် ရောလ် (John Rawls) ကလည်း သူရဲ့ တရားမျှတမှုဆိုင်ရာ သီအိုရီ (Theory of Justice) ထဲမှာ လူ့အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တွေကြား အပြန်အလှန် လေးစားမှုနဲ့ တရားမျှတတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာလိုတဲ့ ဆန္ဒ (Sense of Justice) ဟာ လူမှုပူးပေါင်းဆောင်ရွက်မှုအတွက် မရှိမဖြစ် လိုအပ်ကြောင်း ထောက်ပြခဲ့ပါတယ်။ ဗုဒ္ဓက ရဟန်းတွေကို အသိုက်အမြုံတွေရဲ့ ညီညွတ်မှုကို တိုးပွားစေ၍သာနေရမယ်၊ မပျက်စီးစေရဘူးလို့ ဆိုပါတယ်။ ဒီအမြင်တွေအားလုံးက နိုင်ငံရေးမိတ်သဟာယစိတ်ဆိုတာ တဦးချင်းစီရဲ့ ကိုယ်ပိုင်အကျိုးစီးပွားကို ကျော်လွန်ပြီး ဘုံကောင်းကျိုးအတွက် ပူးပေါင်းဆောင်ရွက်တဲ့ စိတ်ဓာတ်နဲ့ အပြုအမူတွေ ဖြစ်တယ်၊ လိုအပ်လှတယ်ဆိုတာကို ပြသနေပါတယ်။
ဒီနေ့ခေတ်လို လူမှုရေးဘောင်တွေ ကျယ်ပြန့်ပြီး နည်းပညာကနေတဆင့် လူအများကြီးနဲ့ ဆက်ဆံနေရတဲ့ခေတ်မှာ နိုင်ငံရေးမိတ်သဟာယစိတ်ကို စာရေးသူတို့ ဘယ်လို ကျင့်သုံးသင့်ပါသလဲ။ ပုဂ္ဂိုလ်ရေးအရ လက်ဖက်ရည် တခွက် ထိုင်သောက်ဖူးမှ မိတ်ဆွေလို့ သတ်မှတ်ဖို့ မဟုတ်နိုင်ပါဘူး။ စာရေးသူတို့ရဲ့ နိုင်ငံရေး စုဖွဲ့မှုအဖွဲ့ဝင်တိုင်း၊ ဒါမှမဟုတ် တခြား မတူညီတဲ့ အမြင်ရှိသူတွေနဲ့ပါ နိုင်ငံရေးအရတော့ မိတ်ဆွေစိတ် မွေးမြူထားဖို့၊ ချဲ့ထွင်မြင်ဖို့ အရေးကြီးပါတယ်။ ဆိုလိုတာကတော့ ကိုယ်နဲ့ အမြင်မတူတဲ့ နိုင်ငံရေးသမားတဦးကို ဒါမှမဟုတ် ကိုယ့်လှုပ်ရှားမှုမှာ မပါဝင်သူတဦးကို ကိုယ့်ရဲ့ အပေါင်းသုညရန်သူ (အဖြူအမည်း - အပေါင်းအနုတ်) လို သဘောမထားဘဲ၊ အများကောင်းကျိုးအတွက် ပူးပေါင်းလို့ရသမျှ ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်လိုတဲ့ စိတ်ထားမျိုးကို မွေးမြူထားဖို့ လိုအပ်ပါတယ်။ နိုင်ငံရေး ဆုံးဖြတ်ချက်တွေ ချတိုင်းမှာ သက်ရောက်ခံရမယ့်သူတိုင်းကို ငါ့မိတ်ဆွေသာဆို ဘယ်လိုနေမလဲလို့ တွေးဖို့ ဖြစ်ပါတယ်။ နိုင်ငံရေးအရ မိတ်သဟာယ (Fellows) တွေလို့ မြင်ဖို့ပါ။
ဒါ့အပြင် တခါတရံမှာ ဆိုးသွမ်းတယ်လို့ မြင်ရတဲ့သူတွေအပေါ်ကိုတောင် မေတ္တာနဲ့ စေတနာရှေ့ထားပြီး ကြည့်တတ်ဖို့က နိုင်ငံရေးမိတ်သဟာယစိတ်ရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။ သူတို့ ဘာကြောင့် ဒီလိုဖြစ်ရသလဲ၊ သူတို့ရဲ့ လုပ်ရပ်တွေရဲ့ နောက်ကွယ်က အကြောင်းအရင်းက ဘာလဲဆိုတာကို နားလည်အောင် ကြိုးစားတာမျိုးပါ။ ဒါပေမဲ့ ဒီလို မေတ္တာထားတယ်ဆိုတာက မိတ်ဆွေချင်း ပစားပေးတာ၊ အသာပေးတာမျိုး မဟုတ်ပါဘူး။ ကိုယ့်မိတ်ဆွေတွေထဲမှာ ကိုယ်ကျင့်တရားအရ မှားယွင်းတဲ့ လုပ်ရပ်တွေ ရှိလာပြီဆိုရင် အဲဒီအမှားတွေကို ပြန်လည်ပြုပြင်ဖို့၊ မှန်ကန်တဲ့ လမ်းကြောင်းပေါ် ပြန်ရောက်လာဖို့အတွက် စေတနာနဲ့ ဝေဖန်ဆန်းစစ်ပေးရပါမယ်။ တခါတလေဆိုရင် ဒါက ပိုပြီး ခက်ခဲတဲ့ မိတ်ဆွေစိတ် ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။
နိုင်ငံရေးမိတ်သဟာယစိတ်ဆိုတာ မတူညီမှုတွေကို လက်ခံနိုင်စွမ်း၊ အပြန်အလှန် နားလည်မှုနဲ့ ဘုံအကျိုးစီးပွားအတွက် အတူတကွ လက်တွဲဆောင်ရွက်လိုတဲ့ ဆန္ဒပေါ်မှာ အခြေခံပါတယ်။ ဒါဟာ စာရေးသူတို့ရဲ့ လူ့အဖွဲ့အစည်းကို ပိုမို ခိုင်မာစေပြီး တရားမျှတမှု၊ ငြိမ်းချမ်းမှုနဲ့ သာယာဝပြောမှုတွေကို ဖော်ဆောင်နိုင်မယ့် အဓိက အင်အားတခုပဲ ဖြစ်ပါလိမ့်မယ်။
Comments
Post a Comment