Skip to main content

နိုင်ငံရေးမိတ်သဟာယစိတ်

လူသားတွေဟာ တဦးနဲ့ တဦး ဆက်ဆံပြီး လူမှုအသိုင်းအဝိုင်းဖွဲ့ကာ နေထိုင်တတ်ကြတဲ့ သတ္တဝါတွေပါ။ ဒီလို နေထိုင်ကြတဲ့အခါ အချင်းချင်းကြား သံယောဇဉ်၊ ခင်မင်ရင်းနှီးမှုတွေဟာ လူ့အဖွဲ့အစည်းကို ရေရှည်တည်တံ့စေတဲ့ အဓိက အုတ်မြစ်တွေထဲက တခု ဖြစ်ပါတယ်။ အဲဒီလို ခင်မင်ရင်းနှီးမှုတွေကို ချဲ့ထွင်ပြီး ကြည့်ဖို့လိုပါတယ်။ နိုင်ငံရေးမိတ်သဟာယစိတ် (Political Friendship) ဆိုတာက လူ့အဖွဲ့အစည်း တခုလုံးအတွက် အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်နေပါတယ်။
 
သမိုင်းကို ပြန်ကြည့်ရင် နိုင်ငံရေးမိတ်သဟာယစိတ်ဆိုတဲ့ အယူအဆဟာ ရှေးဟောင်းခေတ် ကတည်းက ရှိခဲ့တာကို တွေ့ရပါတယ်။ ဂရိအတွေးဆရာ အရစ္စတိုတယ် (Aristotle) က လူ့အဖွဲ့အစည်းမှာ တရားမျှတမှု ရှိဖို့အတွက် မိတ်ဆွေဖွဲ့ခြင်း (Philia) ဟာ တရားမျှတမှုရှိတာထက်တောင် ပိုအရေးကြီးတယ်လို့ ယူဆခဲ့ပါတယ်။ အရစ္စတိုတယ်အတွက် မိတ်ဆွေဖွဲ့ခြင်းဆိုတာ ပုဂ္ဂိုလ်ရေးအရ ခင်မင်ရင်းနှီးမှုတွေအပြင် အများကောင်းကျိုးအတွက် တူညီတဲ့တန်ဖိုးတွေနဲ့ ရည်မှန်းချက်တွေအပေါ် အခြေခံတဲ့ လူမှုရေး စည်းလုံးမှုတွေကိုပါ ဆိုလိုတာ ဖြစ်ပါတယ်။ ဒီလို မိတ်ဆွေဖွဲ့ခြင်းမျိုးက အများအကျိုးစီးပွားကို အတူတကွ ရှာဖွေရာမှာ အရေးပါလှတယ်လို့ မြင်ပါတယ်။
 
နောက်ပိုင်းမှာလည်း တွေးခေါ်ရှင်တွေက နိုင်ငံရေးမိတ်သဟာယစိတ်ကို ရှုထောင့်အမျိုးမျိုးကနေ ဆက်လက် တွေးတောခဲ့ကြပါတယ်။ ရူးဆိုး (Jean-Jacques Rousseau) လို ပုဂ္ဂိုလ်မျိုးဆိုရင် လူ့အဖွဲ့အစည်းရဲ့ အကျိုးစီးပွား (General Will) ကို အတူတကွ ဖော်ဆောင်ဖို့အတွက် နိုင်ငံသားတွေကြား ဘုံရည်မှန်းချက်တွေအပေါ် အခြေခံတဲ့ တဦးနဲ့ တဦး နားလည်မှုနဲ့ ယုံကြည်မှု (Political Fraternity) ကို အရေးကြီးတယ်လို့ မြင်ခဲ့ပါတယ်။ ဂျွန် ရောလ် (John Rawls) ကလည်း သူရဲ့ တရားမျှတမှုဆိုင်ရာ သီအိုရီ (Theory of Justice) ထဲမှာ လူ့အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တွေကြား အပြန်အလှန် လေးစားမှုနဲ့ တရားမျှတတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာလိုတဲ့ ဆန္ဒ (Sense of Justice) ဟာ လူမှုပူးပေါင်းဆောင်ရွက်မှုအတွက် မရှိမဖြစ် လိုအပ်ကြောင်း ထောက်ပြခဲ့ပါတယ်။ ဗုဒ္ဓက ရဟန်းတွေကို အသိုက်အမြုံတွေရဲ့ ညီညွတ်မှုကို တိုးပွားစေ၍သာနေရမယ်၊ မပျက်စီးစေရဘူးလို့ ဆိုပါတယ်။ ဒီအမြင်တွေအားလုံးက နိုင်ငံရေးမိတ်သဟာယစိတ်ဆိုတာ တဦးချင်းစီရဲ့ ကိုယ်ပိုင်အကျိုးစီးပွားကို ကျော်လွန်ပြီး ဘုံကောင်းကျိုးအတွက် ပူးပေါင်းဆောင်ရွက်တဲ့ စိတ်ဓာတ်နဲ့ အပြုအမူတွေ ဖြစ်တယ်၊ လိုအပ်လှတယ်ဆိုတာကို ပြသနေပါတယ်။
 
ဒီနေ့ခေတ်လို လူမှုရေးဘောင်တွေ ကျယ်ပြန့်ပြီး နည်းပညာကနေတဆင့် လူအများကြီးနဲ့ ဆက်ဆံနေရတဲ့ခေတ်မှာ နိုင်ငံရေးမိတ်သဟာယစိတ်ကို စာရေးသူတို့ ဘယ်လို ကျင့်သုံးသင့်ပါသလဲ။ ပုဂ္ဂိုလ်ရေးအရ လက်ဖက်ရည် တခွက် ထိုင်သောက်ဖူးမှ မိတ်ဆွေလို့ သတ်မှတ်ဖို့ မဟုတ်နိုင်ပါဘူး။ စာရေးသူတို့ရဲ့ နိုင်ငံရေး စုဖွဲ့မှုအဖွဲ့ဝင်တိုင်း၊ ဒါမှမဟုတ် တခြား မတူညီတဲ့ အမြင်ရှိသူတွေနဲ့ပါ နိုင်ငံရေးအရတော့ မိတ်ဆွေစိတ် မွေးမြူထားဖို့၊ ချဲ့ထွင်မြင်ဖို့ အရေးကြီးပါတယ်။ ဆိုလိုတာကတော့ ကိုယ်နဲ့ အမြင်မတူတဲ့ နိုင်ငံရေးသမားတဦးကို ဒါမှမဟုတ် ကိုယ့်လှုပ်ရှားမှုမှာ မပါဝင်သူတဦးကို ကိုယ့်ရဲ့ အပေါင်းသုညရန်သူ (အဖြူအမည်း - အပေါင်းအနုတ်) လို သဘောမထားဘဲ၊ အများကောင်းကျိုးအတွက် ပူးပေါင်းလို့ရသမျှ ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်လိုတဲ့ စိတ်ထားမျိုးကို မွေးမြူထားဖို့ လိုအပ်ပါတယ်။ နိုင်ငံရေး ဆုံးဖြတ်ချက်တွေ ချတိုင်းမှာ သက်ရောက်ခံရမယ့်သူတိုင်းကို ငါ့မိတ်ဆွေသာဆို ဘယ်လိုနေမလဲလို့ တွေးဖို့ ဖြစ်ပါတယ်။ နိုင်ငံရေးအရ မိတ်သဟာယ (Fellows) တွေလို့ မြင်ဖို့ပါ။
 
ဒါ့အပြင် တခါတရံမှာ ဆိုးသွမ်းတယ်လို့ မြင်ရတဲ့သူတွေအပေါ်ကိုတောင် မေတ္တာနဲ့ စေတနာရှေ့ထားပြီး ကြည့်တတ်ဖို့က နိုင်ငံရေးမိတ်သဟာယစိတ်ရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။ သူတို့ ဘာကြောင့် ဒီလိုဖြစ်ရသလဲ၊ သူတို့ရဲ့ လုပ်ရပ်တွေရဲ့ နောက်ကွယ်က အကြောင်းအရင်းက ဘာလဲဆိုတာကို နားလည်အောင် ကြိုးစားတာမျိုးပါ။ ဒါပေမဲ့ ဒီလို မေတ္တာထားတယ်ဆိုတာက မိတ်ဆွေချင်း ပစားပေးတာ၊ အသာပေးတာမျိုး မဟုတ်ပါဘူး။ ကိုယ့်မိတ်ဆွေတွေထဲမှာ ကိုယ်ကျင့်တရားအရ မှားယွင်းတဲ့ လုပ်ရပ်တွေ ရှိလာပြီဆိုရင် အဲဒီအမှားတွေကို ပြန်လည်ပြုပြင်ဖို့၊ မှန်ကန်တဲ့ လမ်းကြောင်းပေါ် ပြန်ရောက်လာဖို့အတွက် စေတနာနဲ့ ဝေဖန်ဆန်းစစ်ပေးရပါမယ်။ တခါတလေဆိုရင် ဒါက ပိုပြီး ခက်ခဲတဲ့ မိတ်ဆွေစိတ် ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။
 
နိုင်ငံရေးမိတ်သဟာယစိတ်ဆိုတာ မတူညီမှုတွေကို လက်ခံနိုင်စွမ်း၊ အပြန်အလှန် နားလည်မှုနဲ့ ဘုံအကျိုးစီးပွားအတွက် အတူတကွ လက်တွဲဆောင်ရွက်လိုတဲ့ ဆန္ဒပေါ်မှာ အခြေခံပါတယ်။ ဒါဟာ စာရေးသူတို့ရဲ့ လူ့အဖွဲ့အစည်းကို ပိုမို ခိုင်မာစေပြီး တရားမျှတမှု၊ ငြိမ်းချမ်းမှုနဲ့ သာယာဝပြောမှုတွေကို ဖော်ဆောင်နိုင်မယ့် အဓိက အင်အားတခုပဲ ဖြစ်ပါလိမ့်မယ်။
 
 
May be a doodle 
 

Comments

Popular posts from this blog

ဖက်ဒရယ်သည် စကားဝိုင်းတခု၊ အိမ်တခု

အိမ်တအိမ်ကို စိတ်ကူးပုံဖော်ကြည့်ပါ။ ဒီအိမ်ကြီးထဲက အခန်းတွေဟာ တခုနဲ့တခု မတူညီကြဘူး။ အခန်းတခန်းမှာ ကလေးပုံပြင်တွေ ကပ်ထားပြီး၊ နောက်တခန်းမှာတော့ သီချင်းသံတွေ ကြားနေရတယ်။ တချို့အခန်းတွေက နံ့သာပေါင်းမီးထွန်းပြီး ဘုရားဝတ်ပြုချိန်မှာ၊ တခြားအခန်းတွေကတော့ ထမင်းလက်ဆုံစားနေကြတယ်။ ဒီအခန်းတွေထဲ နေထိုင်ကြသူတွေဟာ မိသားစုဝင်တွေ ဖြစ်ကြပေမဲ့၊ တပုံစံတည်း တူညီနေသူတွေ မဟုတ်ကြဘူး။ သူတို့ အမြဲတမ်း သဘောထားချင်း တိုက်ဆိုင်နေတာလည်း မဟုတ်ဘူး။ တခါတရံ ရန်ဖြစ်ကြတယ်။ ဒါပေမဲ့ သူတို့အားလုံး သဘောတူထားတဲ့ အချက်တချက်တော့ ရှိတယ်။ အဲဒါကတော့ "ဒီအိမ်ဟာ သူတို့ထဲက တဦးတယောက်တည်း ပိုင်ဆိုင်တာမဟုတ်ဘဲ၊ အားလုံးနဲ့ သက်ဆိုင်တဲ့အိမ် ဖြစ်ရမယ်" ဆိုတဲ့ အချက်ပါပဲ။   ဒါဟာ ဖက်ဒရယ်စနစ်ရဲ့ အနှစ်သာရ၊ ဒါမှမဟုတ် ဖက်ဒရယ်ရဲ့ ဝိညာဉ်ပဲ ဖြစ်တယ်။ အနည်းဆုံးတော့ ဒီလိုပဲ ဖြစ်သင့်တယ်။   ဒါပေမဲ့ ဖြည်းဖြည်းချင်း ပြန်စဉ်းစားကြည့်ရအောင်။ ဖက်ဒရယ်စနစ်ဆိုတာ ဘာလဲ။ (ကျောင်းသုံးစာအုပ်ထဲက အဓိပ္ပာယ်ဖွင့်ဆိုချက်မျိုးမဟုတ်ဘဲ၊ အသက်ဝင်လှုပ်ရှားနေတဲ့ နိုင်ငံရေးအယူအဆတခုအနေနဲ့ မေးချင်တာပါ)။   ဖက်ဒရယ်စနစ်ဆိုတာ မြေပုံမဟုတ်ဘူး၊ စကားဝိုင်းတခုသာ ဖြစ်တယ်။   မြန...

မဲပုံးထဲက ကိုလိုနီမှန်ကူကွက်

မျက်မှောက်ခေတ် နိုင်ငံရေးစကားဝိုင်းများတွင် ရွေးကောက်ပွဲများကို တရားဝင်အစိုးရတရပ် ဖြစ်တည်လာရေးအတွက် မရှိမဖြစ်လိုအပ်ချက်တခုအဖြစ်၊ ပြည်သူ့အချုပ်အခြာအာဏာကို ဖော်ထုတ်ပြသသည့် "သဘာဝကျသော" “အမြင့်ဆုံးယန္တရားတခုအဖြစ် မကြာခဏ ပုံဖော်လေ့ရှိကြသည်။ သို့သော် ကိုလိုနီခေတ်လွန် လွတ်မြောက်ရေးရှုထောင့်မှ ဝေဖန်ဆန်းစစ်ကြည့်လျှင် မြန်မာနိုင်ငံက အမွေဆက်ခံခဲ့သော ရွေးကောက်ပွဲပုံစံသည် အရောင်မပါသည့်အုပ်ချုပ်ရေး လုပ်ထုံးလုပ်နည်းတခုနှင့် များစွာ ကွာခြားနေသည်ကို တွေ့ရမည်ဖြစ်သည်။ အမှန်စင်စစ် ထိုရွေးကောက်ပွဲပုံစံသည် ကိုလိုနီခေတ် တရားဝင်ကုန်ဆုံးသွားပြီးနောက်တွင်ပင် ဆက်လက်ရှင်သန်နေသော "ကိုလိုနီအာဏာတည်ဆောက်ပုံ" ၏ ထင်ရှားသည့် သက်သေသာဓကတခုပင် ဖြစ်သည်။ ရွေးကောက်ပွဲယန္တရား၏ သမိုင်းအမြစ်များကို မေးခွန်းမထုတ်ဘဲ "ရွေးကောက်ပွဲများက ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ပေးသည်" ဟု အခိုင်အမာဆိုခြင်းသည် အာဏာကို မည်သို့ဖွဲ့စည်းပုံဖော်ထားပုံ၊ လူဦးရေကို မည်သို့အမျိုးအစားခွဲခြားပုံ၊ မည်သူတို့ကို တရားဝင်နိုင်ငံရေးသမားအဖြစ် သတ်မှတ်ပုံတို့နှင့် ပတ်သက်သည့် ကိုလိုနီခေတ်က စိတ်ကူးပုံဖော်မှုကို မရည်ရွယ်ဘဲ ပြန်လည်ထုတ်လုပ်...

မြန်မာနိုင်ငံတွင်း ဖီမစ်နစ်ဇင်ကို ကိုလိုနီခေတ်လွန်မှန်ပြောင်းဖြင့် ပြန်လည်ရှုမြင်ခြင်း

မြန်မာနိုင်ငံ၏ နွေဦးတော်လှန်ရေးသည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် နိုင်ငံရေးတိုက်ပွဲ တခုမျှသာ မဟုတ်တော့ပေ။ ယင်းသည် ရာစုနှစ်နှင့်ချီ၍ အမြစ်တွယ်နေသော ဖိနှိပ်မှုစနစ်တခုလုံး၏ အုတ်မြစ်ကို လှုပ်ခါလိုက်သည့် လူမှုတော်လှန်ရေးတရပ် ဖြစ်လာသည်။ ဤမီးလျှံများကြားတွင် အားအကောင်းဆုံးနှင့် အတောက်ပဆုံးသော မီးတောက်တခုမှာ အမျိုးသမီးများနှင့် လိင်စိတ်ကွဲပြားသူ (LGBTQ+) အသိုင်းအဝိုင်းက ဦးဆောင်နေသည့် တော်လှန်ထကြွမှုပင် ဖြစ်သည်။ သို့သော် ဤလှုပ်ရှားမှုကို "ဖီမစ်နစ်ဇင်" (Feminism) ဟူသော အနောက်တိုင်းမှ တင်သွင်းလာသည့် ဘောင်တခုတည်းဖြင့် ကြည့်ရှုခြင်းသည် ယင်း၏ နက်ရှိုင်းမှုနှင့် အစွန်းရောက်သဘောကို လျှော့ချရာရောက်ပေမည်။ စစ်မှန်သော နားလည်မှုရရှိရန်၊ စာရေးသူတို့သည် ဤလှုပ်ရှားမှုကို ကိုလိုနီခေတ်လွန်မှန်ပြောင်း (a decolonial lens) ဖြင့် ပြန်လည်ရှုမြင်ရန် လိုအပ်သည်။ ဤသို့ရှုမြင်မှသာ ယခုဖြစ်ပွားနေသည်မှာ နိုင်ငံခြားမှ တင်သွင်းလာသော "Feminism" ကို ပြန်လည်တည်ဆောက်ဖို့ အသည်းအသန်ကြိုးစားရန် လိုနေခြင်းမဟုတ်ဘဲ၊ မြန်မာ့မြေပေါ်တွင် အသစ်စက်စက်၊ ပိုမိုပြည့်စုံပြီး အားကောင်းသော လွတ်မြောက်ရေးဒဿနတခုကို "မွေးဖွာ...