ဒီမိုကရေစီဟူသည် ဖုန်းတွင်း၌ ဆော့ဖ်ဝဲတခု ထည့်သွင်းသကဲ့သို့ အလွယ်တကူ ရနိုင်သောအရာ မဟုတ်။ ရှေးဟောင်းဂရိခေတ်မှဖြစ်စေ၊ အနောက်တိုင်းမှဖြစ်စေ အမွေရရှိခဲ့သော အပြစ်အနာအဆာ ကင်းစင်သည့် စနစ်တခုလည်း မဟုတ်။ အသင့်ဝင်ရောက် ခိုလှုံရုံသက်သက် တန်ဆောင်းတခုလည်း မဟုတ်ပြန်။ စာရေးသူတို့သည် ဒီမိုကရေစီအား အမွေဆက်ခံရမည့်၊ ကာကွယ်ရမည့်၊ သို့တည်းမဟုတ် ‘ပြန်လည်ဖော်ဆောင်’ ရမည့် အသင့်ပြီးသားအရာတခုအဖြစ် ပြောဆိုလေ့ရှိကြ၏။ တကယ်တမ်းမှာမူ ဒီမိုကရေစီဟူသည် မပြည့်စုံသည့် ကိရိယာများ၊ မမှန်သည့် ရာသီဥတုနှင့် မရေရာမှုများစွာကြားမှ ကြိုးပမ်းစိုက်ပျိုးနေရသော ဥယျာဉ်တခုနှယ် ဖြစ်ပေသည်။ အမှန်တရားကား ဒီမိုကရေစီအတွက် တခုတည်းသော တိကျသည့်အဓိပ္ပာယ်ဟူ၍ မရှိ။ မည်သူ့ဆီမှာမှ အပြီးသတ်အဖြေဟူသည် မရှိ၊ ဤသို့ဖြစ်နေခြင်းကပင်လျှင် သူ့၏သဘာဝပေတည်း။
စာရေးသူတို့သည် ဒီမိုကရေစီအား အထွတ်အမြတ်ထားရသည့် ပစ္စည်းတခုနှယ် သဘောထားတတ်ကြ၏။ သင့်၌ အဲဒါရှိလျှင် ရှိသည်၊ မရှိလျှင် မရှိဟူ၏။ သို့သော် အမှန်တကယ်တွင်မူ ဒီမိုကရေစီဟူသည် လုပ်ငန်းစဉ်တခုသာ ဖြစ်၏။ ပိုမိုတရားမျှတသည့် ကမ္ဘာကြီးကို တည်ဆောက်ရန် ကြိုးပမ်းနေသော ရှုပ်ထွေး၍၊ အမှားအယွင်းတို့နှင့် ပြည့်နှက်နေသည့် လူသားတို့၏ ကြိုးပမ်းအားထုတ်မှုတရပ်သာ။ စမ်းသပ်မှုများ၊ ကျရှုံးမှုများ၊ ပြုပြင်ပြောင်းလဲမှုများနှင့် ပြန်လည်ပုံဖော်မှုတို့ဖြင့် ပြည့်နှက်လျက်ရှိ၏။ ဒီမိုကရေစီဟူသည် အသင့်ပေးအပ်ခံရသောအရာ မဟုတ်ဘဲ၊ ကိုယ်တိုင်ဖန်တီးတည်ဆောက်ရမည့်အရာဖြစ်၍၊ အကြိမ်ကြိမ်အခါခါ ပြန်လည်တည်ဆောက်နိုင်ပေသည်။
ပညာရှင်တို့ပင်လျှင် ဒီမိုကရေစီဟူသည် အဘယ်နည်းဆိုသည်ကို တိတိကျကျ သဘောတူညီမှု မရှိကြ။ မဲပေးရွေးကောက်ခြင်းလော။ အခွင့်အရေးများလော။ လူများစုလော၊ လူနည်းစုလော။ ယဉ်ကျေးမှုတရပ်လော၊ စနစ်တခုလော၊ သို့တည်းမဟုတ် စိတ်ဓာတ်တခုလော။ အမှန်တရားကား ဤအရာအားလုံးနှင့် ထို့ထက်ပိုသောအရာများ ဖြစ်နိုင်ချေရှိ၏။ ဒီမိုကရေစီဟူသည် မည်သည့်အခါမျှ သပ်ရပ်သည့် အတွေးအခေါ်တခု မဟုတ်ခဲ့။ ဤသို့ ဟန်ဆောင်လိုက်လျှင် စာရေးသူတို့သည် အဓိကအချက်ကို လွဲချော်သွားမည်သာ။
ဒီမိုကရေစီ၏ အကောက်အယူကွဲပြားစုံလင်မှုကိုသာ ကြည့်ပါလေ။
- တချို့ဒီမိုကရေစီများသည် ပြည်သူတို့က အရာရာကို ကိုယ်တိုင်မဲပေးဆုံးဖြတ်သည့် တိုက်ရိုက်ဒီမိုကရေစီပုံစံများဖြစ်၏။
- တချို့မှာမူ ရွေးကောက်ခံကိုယ်စားလှယ်တို့က ဆုံးဖြတ်ချက်ချသည့် ကိုယ်စားပြုဒီမိုကရေစီပုံစံများ ဖြစ်ကြသည်။
- သမ္မတစနစ်နှင့် ပါလီမန်စနစ်ဟူ၍ ရှိသကဲ့သို့၊ လစ်ဘရယ်နှင့် ဆိုရှယ်ဒီမိုကရေစီ၊ တပြည်ထောင်စနစ်နှင့် ဖက်ဒရယ်စနစ်ဟူ၍လည်း ကွဲပြားသေး၏။
- တချို့သည် လူများစုအုပ်ချုပ်မှုကို အားပြုပြီး၊ တချို့မှာမူ အားလုံးသဘောတူညီမှုကို အခြေခံကြ၏။
- ဆွေးနွေးတိုင်ပင်ခြင်း၊ အများပြည်သူပါဝင်ခြင်း၊ စုံလင်ကွဲပြားမှုကို အခြေခံခြင်း၊ အလုပ်သမားလူတန်းစားကို ဗဟိုပြုခြင်း စသည့် ပုံစံအမျိုးမျိုးလည်း ရှိနေသေးသည်။
- တချို့မှာမူ ဤအရာအားလုံးကို ရောစပ်ထားသည့်၊ မပြည့်စုံဘဲ အခြေအနေအရ အမြဲပြောင်းလဲနေသည့် ပေါင်းစပ်ပုံစံများ ဖြစ်ကြပေသည်။
ဤပုံစံအားလုံးသည် မေးခွန်းတခုတည်းကိုသာ ဖြေရှင်းရန် ကြိုးစားနေကြသည်။ ယင်းက “အနိုင်ကျင့်အုပ်စိုးမှု ကင်းကင်းနှင့် စာရေးသူတို့ မည်သို့အတူတကွ ရှင်သန်နေထိုင်ကြမည်နည်း" ဟူ၏။
ယနေ့ခေတ်တွင် စာရေးသူတို့သည် မည်သည့်ဒီမိုကရေစီမျိုး လိုအပ်ပါသလဲ။ ရွေးကောက်ပွဲကျင်းပခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခြင်းထက် ပိုသည့် ဒီမိုကရေစီမျိုး လိုအပ်၏။ တရားမျှတသည်ဟု ခံစားရသည့် ဒီမိုကရေစီမျိုး လိုအပ်၏။ ဤသို့ဖြစ်ရန်အတွက် လူသားတို့အနေဖြင့် ဘုံလိုအပ်ချက်များကား အဘယ်နည်းဆိုသည်ကို စာရေးသူတို့ မေးမြန်းရမည်။
- ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် – မိမိဘဝကို မိမိကိုယ်တိုင် ပုံဖော်နိုင်ခွင့်။
- လုံခြုံမှု – ကြောက်ရွံ့ခြင်း၊ အကြမ်းဖက်ခံရခြင်းနှင့် ငတ်မွတ်ခြင်းတို့မှ ကင်းဝေး၍ လုံခြုံစွာနေထိုင်နိုင်ခွင့်။
- အသိအမှတ်ပြုခံရမှု – လူအဖြစ် မြင်ခံရပြီး၊ အသံကို နားထောင်ခံရကာ၊ တန်ဖိုးထားခံရခြင်းဆိုသည့် လူ့ဂုဏ်သိက္ခာ။
ဘုံကောင်းကျိုးဟူသည် တင်းကျပ်သည့်စနစ်များ သို့တည်းမဟုတ် စိတ္တဇဆန်သည့် စံနမူနာများမှ ရရှိလာသည် မဟုတ်ပေ။ လူတို့ လွတ်လပ်စွာ ရှင်သန်ခွင့်၊ ပြောဆိုခွင့်၊ ကြီးထွားခွင့်နှင့် တိုးတက်ခွင့် ရခြင်းမှ ရရှိလာခြင်းဖြစ်၏။ အဲဒါကို အမြဲတမ်း ပြန်လည်ညှိနှိုင်းနေရမည်။ ဆိုလိုသည်ကား ဒီမိုကရေစီသည် အပြောင်းအလဲအတွက် အမြဲတမ်း တံခါးဖွင့်ထားရမည်။ မေးခွန်းထုတ်ခံရမည်၊ ပိုကောင်းအောင်လုပ်ရမည်၊ အကြိမ်ကြိမ်အခါခါ ပြန်လည်ပုံဖော်ရမည်။
စစ်မှန်သည့် ဒီမိုကရေစီဆိုသည်မှာ စာရေးသူတို့ အသင့်ရရှိပြီးသားအရာ မဟုတ်။ စိတ်ရှည်သည်းခံမှု၊ ရဲစွမ်းသတ္တိနှင့် ဂရုစိုက်မှုတို့ဖြင့် အမြဲတမ်း ဆက်လက်တည်ဆောက်နေရမည့် အရာတခုသာလျှင် ဖြစ်ပေသည်။
Comments
Post a Comment