Skip to main content

အဘယ်ကြောင့် ဝေါဟာရများသည် အရေးကြီးသနည်း

နိုင်ငံရေးသည် ကြမ်းကြုတ်သော စစ်ပွဲများကို ဦးတည်ခြင်းမဟုတ်ပဲ၊ ယဉ်ကျေးစွာ ပဋိပက္ခ ဖြစ်ခြင်းသို့ ဦးတည်ရမည်ဖြစ်သည်။[1] ထို့ကြောင့် လက်နက်များကို မှီခိုစရာမလိုရန်၊ နှုတ်စကားများကို ယုံကြည်ရဖို့ လိုသည်။ ဝေါဟာရများကို နားလည်မှုတူရန် လိုသည်။ သုံးစွဲမှု အစဉ်တစိုက် တူညီရန် လိုသည်။ ဘာသာစကားနှင့် ဝေါဟာရများသည် ကျွန်ုပ်တို့မှ လောကကြီးကို မည်သို့မြင်သည်၊ မည်သို့ ဘာသာပြန်သည်၊ မည်သို့ အဓိပ္ပာယ်ကောက်သည် စသည်တို့အား သက်ရောက်လေသည်။

နိုင်ငံရေးတွင် ဘာသာစကားနှင့် ဝေါဟာရများသည် လိုလားချက်များကို ဆက်သွယ်ရေးအတွက် သုံးသည့် ကြားခံများလောက်သာ မဟုတ်ပေ။ စကားလုံးများတွင် အင်အားရှိသည်။ စကားလုံးများမှ အဆင့်အတန်း ခွဲကြသည်။ စကားလုံးများမှ ခွဲခြားဆက်ဆံကြသည်။ စကားလုံးများမှ လူထု၏ ကံကြမ္မာ နိုင်ငံ၏ လားရာကို သတ်မှတ်ကြသည်။

ဥပမာအားဖြင့် လူမျိုး၊ လူမျိုးကြီး၊ လူမျိုးငယ်၊ လူမျိုးစု၊ စသော အသုံးအနှုန်းများတွင် အဆင့်အတန်းများ ဖော်ပြသည်။ မြန်မာစကားတွင် လူမျိုးဟူသော ဝေါဟာရသည် “လူ - အမျိုးအစား” ဟူ၍ ဆိုလိုသည်။ ရှေးအခါက လူမျိုးပေါင်း တရာ့တပါးဟူသော စကားမှာ မတူညီသော အုပ်စုများကို ဆိုလိုသည်။ “မျိုး” ဟူသောစကားကို သန့်မြင့်ဦးနှင့် မိုက်ကယ်ချာနေက “မျိုးစေ့” ကိုလည်း ဆိုလိုသည်ဟု ညွှန်းသည်။ ကုန်းဘောင်ခေတ်တွင် အမျိုးအစား ခွဲရာတွင် မင်းမျိုးနှင့် ကျွန်မျိုးဟု ယျေဘုယျ ခွဲကြသည်။ မူရင်းအားဖြင့် အာရှတိုက်၏ လူ့အသိုင်းအဝိုင်းများတွင် အိန္ဒိယအသွင်ဆောင်သည့် လူမှုဖွဲ့စည်းမှုများ (Indianization of civilizations) ဖြစ်လာစဉ် အိန္ဒိယထက် ပိုမိုပျော့ပျောင်းပြီး ရွေ့လျား (socially mobilized) နိုင်သည့် အမျိုးအစားအဖြစ် အသွင်ဆောင် ကျန်ရစ်နိုင်သည်ဟုလည်း မှန်းဆနိုင်သည်။

ဘုရင်များက မိမိတို့ အနိုင်ယူလိုက်သည့် လူမျိုးများကို “ကျွန်” ဟု သတ်မှတ်သည်။ ဥပမာ ဗန္ဓုလအနေဖြင့် ရခိုင်ကို တိုက်ခိုက်ပြီးနောက် ရခိုင်စစ်ရှောင်သူများကို လိုက်လံဖမ်းယူရာတွင် အင်္ဂလိပ်ကို ပို့သော ရာဇသံတွင် “ငါတို့ ကျွန်တွေကို ပြန်ပေး” ဟူသည့်သဘော ရေးထားသည်ကိုတွေ့ရ၏။ ထို့ကြောင့် ကုန်းဘောင်ခေတ်တိုင်အောင် စစ်နိုင်သူက သခင်မျိုး၊ စစ်ရှုံးသည့် ဘုရင်နှင့် သူ့နိုင်ငံသားတို့က ကျွန်မျိုး ဟူသောအယူအဆ ရှိသည်ကို မြင်ရနိုင်သည်။ ကိုလိုနီဗြိတိသျှ လက်အောက် ရောက်သည့်အခါ ငါတို့သည် “စစ်ရှုံးသော်လည်း သခင်မျိုုး” ဟု ယူဆလာကြ၏။

လူမျိုးစု ဟူသော စကားကို ယနေ့တွင် Ethnic ဟု ဘာသာပြန် ဖလှယ်ကြသည်။ တကယ်တမ်း Ethnic[2] ဟူသော စကားမှာ အင်္ဂလိပ်ဘာသာတွင်လည်း မျိုးဆက်၊ သွေးအဆက်နှင့် အခြေခံသည့်နှယ် ပြောနေကြသည့်တိုင် ရှေးခေတ်က စကားအသုံးအနှုန်းများတွင် အခြားနေရာမှလာသည့်၊ ဒေသ၏ပင်မ ဌာန ယဉ်ကျေးမှု၊ ဘာသာတရားနှင့် မတူသူများကို ဆိုလိုခဲ့ဖူးသည်။ Heathen, Pagan စသည့် စကားများနှင့် ဖလှယ်သည့်နှယ် သုံးခဲ့ကြသည်။ ထို့ကြောင့် မြန်မာနိုင်ငံရှိ လူမျိုးစုများကို Ethnic ဟု ပြောခြင်းကို ရှေးခေတ် ရှေးအင်္ဂလိပ်တဦးသာ ဖတ်လိုက်ပါက အခြားဒေသမှ လာကြသည့် အဓိကမဟုတ်သော လူအုပ်စုငယ်များဟုပင် နားလည်သွားကြပေလိမ့်မည်။ ယနေ့ခေတ်တွင်တော့ မျိုးရိုး ဆက်စပ်မှုအတွက် သုံးသော စကားလုံး ဖြစ်နေပြီ။

မိမိတို့၏ ဌာနေဒေသတွင်ပင်မွေးပြီး နိုင်ငံရေးအာဏာ မရရှိသူများကိုတော့ Indigenous ဖြစ်သည်ဟု ကုလသမဂ္ဂက ဘာသာပြန်သည်။[3] ဌာနေတိုင်းရင်းသားဟူ၍ မြန်မာလို ဘာသာပြန်ကာ ခေါ်ဝေါ်သည်။ သို့ရာတွင် ဗမာတို့သည်လည်း ဌာနေတိုင်းရင်းသား ဖြစ်သလောဟု မေးကြရမည်။ တို့ဗမာအစည်းအရုံးခေတ် စာတို့တွင် “ယနေ့ နိုင်ငံရင်းသားဖြစ်သော ဗမာတို့သည်၊ အာဏာမရသေး” ဟု ဖော်ပြပါရှိသည်။ လွတ်လပ်ရေး ကြေငြာစာတမ်းတွင်မူ တိုင်းရင်းသားဟူသော အသုံးအနှုန်း နှစ်ကြိမ် ပါဝင်သည်။ “တိုင်းပြည်၊ နိုင်ငံ၏ အရင်းအစမှတည်သော လူသား၊ သားသမီး” ဟူသည့် အဓိပ္ပာယ်မျိုး ကောက်၍ ရနိုင်သည်။ သို့ရာတွင် လူမျိုးစုနှင့် တိုင်းရင်းသားကို တူတူနှယ် သုံးကြသည်။ ဗမာစကား၏ ရှုထောင့်မှ နိုင်ငံရင်းသားတွင် ဗမာပါသည်ဟု ဆိုနိုင်သည့်တိုင် “ဌာနေတိုင်းရင်းသား အခွင့်အရေး” (Indigenous Rights) ကို ကုလသမဂ္ဂက ဖွင့်ဆိုရာတွင် နိုင်ငံရေးအာဏာမရသည့် ဖိနှိပ်ခံလူထုကို ဆိုလိုခြင်းဖြစ်သည်။ ဗမာစကား “(ဌာနေ) တိုင်းရင်းသား” တွင် နိုင်ငံရေးအာဏာ လူများစုဖြစ်သည့် ဗမာတို့ကို ထည့်သွင်း၍ ရေတွက်ခြင်းအားဖြင့် “ဌာနေတိုင်းရင်းသား အခွင့်အရေး” ဆိုင်ရာ စာချုပ်၊ စာတမ်း၊ ညှိနှိုင်းမှုနှင့် အကာအကွယ်အားလုံးကို သက်ရောက်စေခြင်း မရှိတော့ပေ။[4] ထို့ကြောင့် “ဗမာလည်း တိုင်းရင်းသားပဲ” ဟူသည့် အဆိုသည် “ဒေသသား ဟူသည့် ရှုထောင့်တွင်” မှန်သော်လည်း ဥပဒေအကာအကွယ်နှင့် လူမှုရေးအစီအမံအားဖြင့် “ဖိနှိပ်ခံ ဌာနေတိုင်းရင်းသားတို့၏ အခွင့်အရေးနှင့် ယင်းတို့ကို ကာကွယ်သည့် ယန္တရားများသည် မြန်မာနိုင်ငံတွင် အသုံးမဝင်” ဟု ဆိုလိုရာ ရောက်သွားလိမ့်မည်။

ထို့ကြောင့် UNESCO, ILO, AIPP အဖွဲ့များနှင့် UN Country Guidance များတွင် စိုးမိုးခံ လူထုများသာ Indigenous Rights အခြေခံကိုသုံးရန်ဖြစ်ကြောင်း ညွှန်ကြားကြသည်။[5] ပညာရပ်ဆိုင်ရာ လေ့လာသူများ ဖြစ်သည့် Mikael Gravers, Ashley South နှင့် Ardeth Maung Thawnghmung တို့၏ စာတမ်းများတွင်လည်း ယင်းအတိုင်း တွေ့ရပါလိမ့်မည်။

နောက်ထပ်စကားတမျိုးမှာ လူမျိုးကြီးဟူသော အသုံးအနှုန်းဖြစ်သည်။[6] ကိုလိုနီခေတ်ဦးနှင့် ဗိုလ်ချုပ် အောင်ဆန်းတို့ လက်ထက်ကပင် လူမျိုးကြီးဟူသော စကားအသုံးအနှုန်းမှာ ဂုဏ်ရှိသော၊ ယဉ်ကျေးမှုမြင့်ခြင်း၊ စုစည်းနိုင်ခြင်းကို ဖော်ပြသည့် ဝေါဟာရအဖြစ် မြင်ကြသည်။[7] ယနေ့ခေတ်တွင် လူမျိုးကြီးဟု ဆိုလျှင် ဖိနှိပ်သူများ၊ မတရားဂုဏ်မောက်သူများအဖြစ် မြင်လာကြပြန်သည်။[8] ဝေါဟာရကပေးသော ခံစားချက်မှာ ပြောင်းလဲသွားသည်။ နိုင်ငံရေးအရ စုစည်းမှုရှိပြီး ဘာသာစကား၊ ယဉ်ကျေးမှု တူကြသည့် လူမျိုးစုများ စုပေါင်းခြင်းကို လူမျိုးကြီးတရပ် ပေါ်လာသည်ဟု ဗိုလ်ချုပ်အောင်ဆန်းက နားလည်ထားသည်ဟု သူ၏ “ဖဆပလ ပဏာမညီလာခံပြင်ဆင်ခြင်း မိန့်ခွန်း” တွင် တွေ့ရသည်။[9] ယင်းသို့သော ဖွင့်ဆိုချက်ကို ယနေ့ အမျိုးသားလူထု Nation ဟူသည့် အမြင်နှင့် တိုက်ရိုက် ဖလှယ်ကာ နားလည်နိုင်သည်။ ထိုစဉ်က မွန်၊ ရခိုင်တို့ကိုပင် လူမျိုးကြီးဟူ၍ ဗိုလ်ချုပ်အောင်ဆန်းက မသတ်မှတ်။ လူမျိုးကြီးပေါ်လာရာတွင် ပါဝင်ရမည့် လူမျိုးစုများဟုသာ ရှုမြင်သည်။ ယနေ့ စကား၏နောက်တွင် အတိုင်းအတာတခုအထိ နိုင်ငံရေး အာဏာကို စုဖွဲ့ပိုင်ဆိုင်ဖူးသည့် သမိုင်းရှိသူများဟု နားလည်ကြသည်။

အင်္ဂလိပ်ဝေါဟာရ Nation ဆိုသည်မှာကတော့ မွေးလာသည့်သဘော၊ ဝမ်းတွင်းပါသည့်သဘော၊ ဘာသာစကားနှင့် လူမှုရေး ဆက်သွယ်လျက် တူတူနေလိုသော သဘောကို မူလ ဆိုလိုသည်။ ယနေ့ခေတ်တွင် (အထူးသဖြင့် လူမျိုး တမျိုးတည်းရှိသည့် ဥရောပနိုင်ငံများတွင်) Nation ဟူသည့် အသုံးအနှုန်းသည် State ဟူသည့် နိုင်ငံကို ရည်ညွှန်းခြင်းလည်း ရှိပြန်သည်။ Nationality ဟု ဆိုလျှင် လူမျိုးအုပ်စုများလွန်းသည့် ရွှေ့ပြောင်းလာသူများ၏ အမေရိကန်ပြည်ထောင်စု၊ သို့မဟုတ် လူမျိုးတခုတည်းရှိပြီး ကွဲပြားမှု နည်းသည့် ဂျာမဏီကဲ့သို့သော နိုင်ငံများတွင် Citizen နှင့် သဘောတရားတူတူ သုံးကြသည်။ သို့သော် အမေရိကန် နိုင်ငံတွင်ပင် နိုဗာဟို (Novajo) Nation ဟု ပြောလိုက်သည်နှင့် ဌာနေတိုင်းရင်းသားတို့၏ စုဖွဲ့မှုဟု နားလည်ကြသေးသည်။ Nation သည် စိတ်ပိုင်းဆိုင်ရာ ဆက်စပ်မှု ဖြစ်သည်။ State ဟူသည် အကြမ်းပတမ်း အာဏာသုံးနိုင်သည့် နိုင်ငံတော်ဟူသည့် စုဖွဲ့မှုဟု နားလည်ရလေသည်။ Nation အတွက် မြန်မာတွင် အနီးစပ်ဆုံးစကားမှာ “အမျိုးသားလူထု” ဟူ၍ ဖြစ်သည်။[10]

ဝေါဟာရများကို ထိုကဲ့သို့ ကြည့်ပါက စကားတလုံးချင်းတွင် ပေးပို့ဆက်သွယ်သည့် ခံစားချက်များ ရှိကြသည်။ နိုင်ငံဟူသော ဝေါဟာရသည် အရေးကြီးမှု၊ စိန်ခေါ်မရမှု၊ အာဏာရှိမှုကို ဖော်ပြသည်။ လူမျိုးဟူသော စကားမှာ စုစည်းမှု၊ ဆက်စပ်မှုကို ဖော်ပြသည်။ လူမျိုးစုဟူသည့် စကားမှာ သေးငယ်မှု၊ အာဏာမရှိမှုကို ဖော်ပြရာ ရောက်သည်။ ယနေ့ လူမျိုးကြီးဟူသည့် စကားမှာ ဖိနှိပ်တတ်မှု၊ မလိုလားထိုက်မှုကို ဖော်ပြရာ ရောက်သည်။ တိုင်းရင်းသားဟူသည့် စကားလုံးသည် အရင်းအမြစ်များနှင့် သက်ဆိုင်မှု၊ နိုင်ငံ၏ အောက်တွင် တည်ရှိမှု ခံစားချက်များပေးသည်။ ခိုးဝင်လာသူများဆိုသည့် စကားလုံးတွင် မလိုလားအပ်မှုနှင့် ဥပဒေပြင်ပမှ စီရင်၍ ရသည်ဟူသည့် စဉ်းစားချက်ကို ဆက်သွယ်သည်။ လူမျိုးငယ်ဟူသော စကားလုံးတွင် အာဏာမရှိမှုနှင့် ခေတ်နောက်ကျမှုကို ဆက်သွယ်သည်။ လူမျိုးရေးအမြင်ဟူသည့် စကားတွင် မကျေနပ်မှု၊ ခေတ်နောက်ပြန် ဆွဲမှုဟူသည့် အယူအဆကို ဆက်သွယ်သည်။ စသည်ဖြင့် စကားလုံးများ၏ အသုံးနှင့် ယင်းတို့က လူထုကို ပေးသော ခံစားချက်များကို နားလည်ရန် လိုသည်။

ထိုထက်အရေးကြီးသည်မှာ တယောက်တမျိုး ဝေါဟာရများကို သုံးချင်သလို သုံးကြပြီး နိုင်ငံရေးကို ညှိကြသည့်အခါ ဆိုလိုတာတမျိုး၊ နားလည်တာတမျိုး ဖြစ်လာပြီး နောင်တွင် သဘောတူထားသမျှ ပြိုကျပြီး အမုန်းပွားရတော့သည်။ နမူနာက ဒီမိုကရေစီဆိုသည့် စကားလုံးကိုပင် ကေအဲန်ယူက ပဲခူးရိုးမကျပြီးသည့် ကာလများမှ စတင်ကာ “အမျိုးသားဒီမိုကရေစီ”[11] ဟု ရည်ညွှန်းဖော်ပြရာတွင် သုံးခဲ့သည်။ နောင်တွင် တိုင်းရင်းသားမျိုးစုံက လူမျိုးရေးလွတ်မြောက်မှုနှင့် ယှဉ်တွဲသည့် “Decolonized democracy” နှင့် နိုင်ငံရေး ကိုယ်စားလှယ်များ အားလုံးက သဘောတူညှိနှိုင်းရပြီး ရလာသည့် “Consociational democracy” ကို ညွှန်းဆိုသည်။ NLD က လူမှုရေးအမြင်ကဲသည့် “Depoliticized democracy” နှင့် NLD ကို ဗဟိုပြုကာ အားလုံးလာကပ်ကြသည့် ကင်းခြေများသဏ္ဍာန် “Centripetal democracy” ကို ညွှန်းဆိုသည်။ စစ်တပ်က သူ့ အုပ်ထိန်းမှုအောက်တွင် ရှိသည့် “စည်းကမ်းပြည့်ဝသော” ဟု ခေါင်းစဉ်အမှားတပ်ထားသော “Illiberal democracy” ကို ညွှန်းရာတွင် သုံးသည်။ ယနေ့ခေတ်တွင်လည်း စစ်တပ်၊ NUG နှင့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့ အားလုံးက ဖက်ဒရယ်ဒီမိုကရေစီဟု ပြောနေသည်။ ဆိုလိုတာတော့ မတူကြပါချေ။

စကားလုံးများကို နားထောင်သောအခါ နောက်ကွယ်က ဘာကို ဆိုလိုသလဲဆိုတာ တွေးဖို့လိုသည်။ စစ်တပ်က ငြိမ်းချမ်းရေးဟု ပြောသည့်အခါ ဆိုလိုသည်မှာ လက်နက်ဖြုတ်သိမ်းရေး ဖြစ်တတ်သည်။ ဒီမိုကရေစီ ဖက်ဒရယ်ဟူသော စကားမှာလည်း ပညာရပ်ပိုင်းတွင် ရှိသောစကားမဟုတ်။ ယင်းစကားကို ဖန်တီးရသည့် ရည်ရွယ်ချက်မှာ “အာဏာစုစည်းမှုသည် အမျိုးသားတန်းတူရေးထက် အရေးကြီးသည်” ဟု ဦးစားပေးရွေးမှု အခြေခံဖြစ်သည်ဟု ဆိုနိုင်သည်။ “မြန်မာနိုင်ငံရဲ့ ဖြစ်စဉ်ဟာ ထူးခြားတယ်” ဟု အားလုံးက ပြောကြသည်။ စစ်တပ်အတွက် ထိုစကားက “ငါတို့နိုင်ငံရေးက မထွက်နိုင်၊ တိုင်းရင်းသားတွေ လက်နက်အရင်ဖြုတ်ပါ” ဟု ပြောရန် သုံးတတ်၏။ ဌာနေလူမျိုးလှုပ်ရှားမှုတို့ကမူ လစ်ဘရယ်ဒီမိုကရေစီကို တိုက်ရိုက်သုံးမရသေးဟု ပြောလိုခြင်းဖြစ်တတ်သည်။

ထိုကဲ့သို့ ပြောခြင်းအားဖြင့် မယုံကြည်မှုကို တိုးမြှင့်ရန် ရည်ရွယ်ခြင်း လုံးဝမဟုတ်။ ဆိုလိုသည်က စကားလုံးများကို ကျော်၍ နားလည်ရန် ဖြစ်သည်။ ထို့အပြင် စကားလုံးများကို အခြေခံ၍ တည်ဆောက်သော ယုတ္တိများ မှားယွင်းမှု မဖြစ်စေရန် ဖြစ်ပါသည်။ စကားလုံးများကို နားလည်မှုတူသလားဆိုသည့်အချက်ကို အစဉ်အမြဲ ဆန်းစစ်နေရန် လိုပါသည်။
------------

[1] Bernard Crick ၏ “In Defence of Politics” စာအုပ်အပါအဝင် အခြားသော နိုင်ငံရေးသိပ္ပံ အယူအဆများတွင် နိုင်ငံရေးဆိုသည်မှာ မတူကွဲပြားမှုများကို အကြမ်းဖက်နည်းလမ်းဖြင့် အဆုံးသတ်ခြင်း မဟုတ်ဘဲ၊ လူ့အဖွဲ့အစည်းအတွင်း ဖြစ်ပေါ်လာသော ပဋိပက္ခများကို အပြန်အလှန် ညှိနှိုင်းခြင်း၊ အပေးအယူလုပ်ခြင်းဖြင့် စီမံခန့်ခွဲသော ယဉ်ကျေးသည့် လုပ်ငန်းစဉ် (Activity of civilized conflict) ဟု ဖွင့်ဆိုလေ့ရှိသည်။

[2] Ethnic ဟူသော စကားလုံးသည် ဂရိဘာသာစကား Ethnos မှ ဆင်းသက်လာပြီး လူတစု၊ လူအုပ်စု ဟု အဓိပ္ပာယ် ရသော်လည်း သမိုင်းကြောင်းအရ အဓိက ယဉ်ကျေးမှုရေစီးကြောင်းနှင့် မတူညီသူများ (Others) ကို ခွဲခြားခေါ်ဝေါ်ရာတွင် သုံးလေ့ရှိခဲ့ရာ ၁၄ ရာစုနှစ်လောက်တွင် Ethnic ဆိုသည်မှာ ခရစ်ယာန်မဟုတ်သူ (Heathen/Pagan) ဟုပင် အဓိပ္ပာယ် ဖွင့်ဆိုခဲ့ဖူးသည်။

[3] Jose R. Martinez Cobo လေ့လာမှု (Cobo Study) အပါအဝင် ကုလသမဂ္ဂအဖွဲ့များ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များအရ Indigenous Peoples ဆိုသည်မှာ ကိုလိုနီပြုခြင်း သို့မဟုတ် နိုင်ငံနယ်နိမိတ် သတ်မှတ်ခြင်း မခံရမီကတည်းက ထိုဒေသတွင် နေထိုင်ခဲ့ကြပြီး၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ လူမှုရေး၊ နိုင်ငံရေး စနစ်များကို ထိန်းသိမ်းထားရုံမျှမက လက်ရှိ နိုင်ငံရေးစနစ်တွင် လွှမ်းမိုးခံရသူများ (Non-dominant sectors of society) ဟု အဓိပ္ပာယ်ရသည်။

[4] ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေး ကြေညာစာတမ်း (UNDRIP) သည် ကိုလိုနီပြုခံရမှု၊ နယ်မြေလုယူခံရမှုနှင့် ဖိနှိပ်ခံရမှုများကြောင့် သမိုင်းအရ နစ်နာခဲ့ရသူများကို ပြန်လည်ကုစားရန် ရည်ရွယ်သည်။ ထို့ကြောင့် နိုင်ငံရေးအာဏာ လက်ဝယ်ရှိသော လူမျိုးကြီး/လူများစုက သူတို့ကိုယ်တိုင် ဌာနေတိုင်းရင်းသား (Indigenous) ဟု ခံယူလိုက်ပါက အဆိုပါ အခွင့်အရေး ကာကွယ်မှုဆိုင်ရာ မူဘောင်များသည် အဓိပ္ပာယ်မဲ့သွားတော့သည်။

[5] အထူးသဖြင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ ပြဋ္ဌာန်းချက် အမှတ် ၁၆၉ (C169 - Indigenous and Tribal Peoples Convention) တွင် လွတ်လပ်သော နိုင်ငံများရှိ လူမျိုးစုများနှင့် ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေး၊ မြေယာပိုင်ဆိုင်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုင်ရာ အကာအကွယ်များကို အတိအလင်း ဖော်ပြထားသည်။

[6] “လူမျိုးကြီး” ဟူသောဝေါဟာရသည် ကိုလိုနီခေတ်မှ တွင်ကျယ်လာသည့် ဝေါဟာရဖြစ်ပါသည်။

[7] ဦးဝိစာရ၏ ဂျပန်နိုင်ငံအကြောင်း ဖော်ပြချက်များနှင့် ဖဆပလ ပဏာမ ညီလာခံမိန့်ခွန်းကဲ့သို့သော မိန့်ခွန်းများတွင် ယင်းအချက်ကို တွေ့နိုင်ပါသည်။

[8] ယနေ့ လူမျိုးကြီးဝါဒဟူသည့်စကားသည် ကောင်းမွန်မှုမရှိ၊ အစွန်းရောက်သည့် အမြင်မျိုးဟု ညွှန်းတတ်ကြသည်။

[9] ဗိုလ်ချုပ်အောင်ဆန်း ပြောသည့်အတိုင်းမှာ “ဒီနေရာမှာ လူမျိုးရေး ကိစ္စကို ကျွန်တော် ဆွေးနွေးလိုတယ်။ အင်္ဂလိပ်လိုမှာ (Nation or Nationality, Race, Tribe) အစရှိသည် အားဖြင့် လူမျိုးရေးတွေကို အသီးသီး ခေါ်ထားတာ ရှိတယ်။ (Nation or Nationality) ဆိုတာမျိုးကတော့ ဗမာလို တိတိကျကျ ဘယ်လို ပြန်ရမယ်ဆိုတာ ဗမာ့အဘိဓာန် ကျကျနန ထွက်မှဘဲ ဖြစ်နိုင်မှာဘဲ။ ……… ဒီတော့ (Nation) သို့မဟုတ် (Nationality) ခေါ်တဲ့ လူမျိုးကြီးကို ဆိုကြပါစို့၊ အဲဒီ လူမျိုးကြီးဆိုတာ…..” ဟူ၍ ဖြစ်ပါသည်။

[10] KNU, MNA, TNLA စသည့် အဖွဲ့အစည်းများတွင်ရှိသည့် Nation သို့မဟုတ် National ဟူသည့် ဝေါဟာရများကို “အမျိုးသား” ဟု ဘာသာပြန်ကြပါသည်။ မြန်မာစကားတွင် ဆရာကန်တော့ပွဲဟု ဆိုလိုက်သည့်အခါ အမျိုးသားဆရာ၊ အမျိုးသမီးဆရာ နှစ်ရပ်လုံး ပါဝင်ပါသည်။ ထိုသဘောအတိုင်းပင် အမျိုးသားဟု ဆိုကြသည့်အခါ ယောက်ျား၊ မိန်းမ ဂျန်ဒါ ပျောက်သည့် အသုံးအနှုန်းမျိုးဟု နားလည်နိုင်ပါသည်။

[11] Ethnic Democracy နှင့် တိုက်ရိုက်ပြန်ဆို၍ မရပါ။ ပညာရပ်နယ်တွင် Ethnic Democracy ဟူသော ဝေါဟာရသည် ဒီမိုကရေစီ၊ နိုင်ငံရေးနှင့် အရပ်ဘက်ဆိုင်ရာ အခွင့်အရေးများအားလုံးကို ပုံသဏ္ဍာန်ကျစွာ သတ်မှတ်ထားသော လူမျိုးစု လွှမ်းမိုးမှုစနစ် (structured ethnic dominance) နှင့် ပေါင်းစပ်ထားသည့် အုပ်ချုပ်မှုစနစ် ကို ဖော်ပြလိုခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် လူမျိုးစု အများစု ဖြစ်သည့် လွှမ်းမိုးသူ လူမျိုးစုတစု ရှိရမည်။ လွှမ်းမိုးသူ လူမျိုးစုရော၊ လူနည်းစု လူမျိုးစုများပါ နိုင်ငံသားအခွင့်အရေး အပြည့်အဝရရှိပြီး၊ နိုင်ငံရေး လုပ်ငန်းစဉ်များတွင် အပြည့်အဝ ပါဝင်ခွင့် ရှိရမည်။ သို့သော်လည်း "လူမျိုးစု ဒီမိုကရေစီ" ပုံစံကို ဝေဖန်သူများက ဤဝေါဟာရသည် သဘောတရားအရ ကွဲလွဲနေခြင်း (a contradiction in terms) ကြောင့် အယူအဆပိုင်းအရ မလုံလောက်ခြင်း (conceptually inadequate) သို့မဟုတ် ရှုပ်ထွေးစေခြင်းသာ ဖြစ်သည်ဟု စွပ်စွဲကြသည်။ ဝေဖန်သူများ၏ ထောက်ပြချက်အရ၊ "လူမျိုးစု ဒီမိုကရေစီ" ဟု ခေါ်ဆိုနေသည့် နိုင်ငံများ (အထူးသဖြင့် အစ္စရေး) သည် လုံးဝအပြည့် ဒီမိုကရေစီ မဟုတ်ကြောင်း၊ အကောင်းဆုံး အခြေအနေတွင်ပင် semi-democracy) သာ ဖြစ်သည် ဟု အခိုင်အမာ ပြောဆိုကြပါသည်။

Comments

Popular posts from this blog

နိုင်ငံရေးသည် ဘာကို အခြေခံမည်နည်း

“နိုင်ငံရေးသည် ဘုံကောင်းကျိုးကို ရှာရန်ဖြစ်သည်” [1] ဟု Hans Sluga မှ ဆိုသည်။ ပူးပေါင်းမှုက နိုင်ငံရေး၏ ဗဟိုချက်ဖြစ်သည်ဟု ယုံကြည်သူတို့အဖို့ ထိုအဆိုသည် အလွန်တန်ဖိုးရှိသော အဆိုဟု ပြောရမည်။ ဘုံကောင်းကျိုးဟူသည့်စကားလုံးမှာ အဓိကသော့ချက် ဖြစ်သည်။ ဘုံကောင်းကျိုးသည် အရေးကြီးသလို အန္တရာယ်လည်း ရှိနိုင်သည်။ ဘုံကောင်းကျိုး၊ သို့မဟုတ် အားလုံးကောင်းစားရေး သို့မဟုတ် အများကောင်းစားရေးဟူသည့် အကြောင်းပြချက်အောက်တွင် စဉ်းစား၍ပင် မရဲလောက်အောင် ဆိုးယုတ်သည့် အပြုအမူများ ဖန်တီးကြသည်။ နာဇီဂျာမနီက ဂျူးတို့ကို သတ်ဖြတ်ရာတွင် ဂျာမန်တို့၏ ကောင်းကျိုးအတွက် သတ်သည်ဟု အကြောင်းပြချက်ပေးခဲ့၏။ လူနည်းစု အခွင့်အရေးအတွက် လုပ်ဆောင်သူတိုင်းက အများကောင်းကျိုးဟူသော စကားလုံးကို သတိကြီးကြီး ထားရမည်ဖြစ်သည်။ ဘုံကောင်းကျိုးကို ပြောရာတွင် သုံးခုကို အဓိက ထောက်ပြစဉ်းစားရန် ရှိသည်။ ပထမချက်က ဘုံကောင်းကျိုးကို ပယ်၍မရဟူသည့်အချက် ဖြစ်သည်။ ဘုံကောင်းကျိုးကို ဦးမတည်လျှင် မည်သည့်အရာကို ဦးတည်မည်နည်း။ ဆိုးကျိုးကို မည်သူမျှ မလိုချင်ပေ။ ဘုံကောင်းကျိုးမရှိလျှင် နိုင်ငံရေးသည် အဓိပ္ပာယ် မရှိ၊ တဦးတစု ကောင်းစားရေးသည် နိုင်ငံရေးမဟုတ်ပေ။ ဒုတိယအချက်မှာ ဘု...

လောကအမြင်များစွာကွဲပြားကြခြင်း

လက်တွေ့ကြုံနေရသော အရှိတရားအဖြစ်မှန်များ (Be/Is) မှ ကိုယ်ကျင့်တရားအစီအစဉ်များ (ဟိုဟာ လုပ်သင့်သည်၊ ဒီဟာလုပ်သင့်သည် -Ought/Should) ကို တိုက်ရိုက်ဆွဲထုတ်ကာ ဟောပြလိုသည့် ဆန္ဒသည် လူတိုင်းတွင် အမြဲရှိနေတတ်သည်။ [1] အထူးသဖြင့် အကျပ်အတည်းများနှင့် အရေးပေါ် အခြေအနေများတွင် ဤသို့ဆန္ဒဖြစ်တတ်သည်။ ဆင်းရဲမွဲတေမှုသည် လူသန်းပေါင်းများစွာကို ထိခိုက်နေသည်၊ အကြမ်းဖက်မှုသည် လူ့အဖွဲ့အစည်းများကို ဖျက်ဆီးနေသည်၊ ရာသီဥတုပြောင်းလဲမှုသည် ဂေဟစနစ်ကို ခြိမ်းခြောက်နေသည် စသည်တို့ကဲ့သို့သော ရှင်းလင်းသည့်အချက်အလက်များနှင့် ရင်ဆိုင်ရသည့်အခါ ဆင်းရဲမွဲတေမှုကို ဖယ်ရှားရန်၊ အကြမ်းဖက်မှုကို အဆုံးသတ်ရန်နှင့် ကမ္ဘာဂြိုဟ်ကို ကယ်တင်ရန်ဟူသော တုံ့ပြန်မှုများ ချက်ချင်းပင် ပေါ်ထွက်လာတတ်သည်။ ပြဿနာတခု၏ ဖြစ်တည်မှုသည်ပင် ယင်းပြဿနာဖြေရှင်းချက်ကို သဘာဝအတိုင်း ညွှန်ပြနေဘိသကဲ့သို့ အချက်အလက်ကပင် တာဝန်တရပ်ကို တောင်းဆိုနေပုံရသည်။ သို့သော် ပိုမိုနက်ရှိုင်းစွာ စစ်ဆေးကြည့်လျှင် သဒ္ဒါ (Grammar) အရပင် “အမှန်တကယ်ဖြစ်တည်မှု” (Is) မှ “ဖြစ်သင့်ဖြစ်ထိုက်မှု” (Ought) သို့ ကူးပြောင်းခြင်းသည် အလိုအလျောက် ဖြစ်မလာသည်ကို တွေ့ရမည်။ ဤချိတ်ဆက်မှုသည် ရှောင်လွှဲ၍ ...

နိုင်ငံရေးဟူသည် ဘာကိုရည်ညွှန်းကြသနည်း

နိုင်ငံရေးအကြောင်း ပြောကြသည့်အခါ တချို့က ကျဉ်းမြောင်းသော ဖွင့်ဆိုချက်အနေဖြင့် အစိုးရ၏ အုပ်ချုပ်မှုရေးရာများကိုသာ ဆိုလိုကြသလို အချို့ကလည်း အလွန်အမင်း ကျယ်ပြောသော စဉ်းစားချက်ဖြင့် “မီးဖိုချောင်ကိစ္စလဲ နိုင်ငံရေးပဲ” ဟု ဆိုကြပြန်သည်။ မြန်မာဆိုရိုးစကားတွင်တော့ “ကြက်ဥအရောင်၊ တိမ်တောင်သဖွယ် မင်းရေးကျယ်သား” [1] ဟု ဆိုသည့်အတွက် သာမန်လူထုသည် နိုင်ငံရေးရာကို နားလည်ရန် မလွယ်ဟု ဆိုလိုသည်ကို တွေ့ရသည်။ ဂရိခေတ်က မြို့ပြနိုင်ငံ သေးသေးလေးများ ဖြစ်ကြရာ သူတို့အတွက် နိုင်ငံရေးနှင့် လူမှုရေးတို့သည် ကွာဟချက် အလွန်အမင်းကြီးမားမှု မရှိပဲ အပြန်အလှန် ပြောင်းလဲနိုင်သည့်နှယ် ပြောတတ်ကြသည်။ [2] အရစ္စတိုတယ်က လူဟူသည်မှာ နိုင်ငံရေး သတ္တဝါဟု ဆိုပေသည်။ ၁၉၄၀ ခုနှစ် ဖေဖော်ဝါရီလ ဒဂုန်မဂ္ဂဇင်းမှာတော့ ဗိုလ်ချုပ်အောင်ဆန်းက ယခုလိုရေးပါသည် "နိုင်ငံရေး ဆိုသော စကားကို ပထမသုံးသပ်ရန်လိုသည်။ "ပြည်ထဲအရေး ပေါက်နှင့်ကျေး၊ ကြက်ဥအရောင် တိမ်တောင် သဖွယ် မင်းရေးကျယ်” စသည်ဖြင့် ရှေးဗမာစကားများတွင် ဖတ်ရ၏။ ဤစကားများကား ကောင်းလည်းကောင်း၏။ ဆိုးလည်းဆိုး၏။ ကောင်းပုံကား နိုင်ငံရေး၏ ခက်ခဲနက်နဲသော အဓိပ္ပါယ်၊ ကျယ်ဝန်းသော အဓိပ္ပါယ် သိမ်မွေ...