Skip to main content

လောကအမြင်များစွာကွဲပြားကြခြင်း

လက်တွေ့ကြုံနေရသော အရှိတရားအဖြစ်မှန်များ (Be/Is) မှ ကိုယ်ကျင့်တရားအစီအစဉ်များ (ဟိုဟာ လုပ်သင့်သည်၊ ဒီဟာလုပ်သင့်သည် -Ought/Should) ကို တိုက်ရိုက်ဆွဲထုတ်ကာ ဟောပြလိုသည့် ဆန္ဒသည် လူတိုင်းတွင် အမြဲရှိနေတတ်သည်။[1] အထူးသဖြင့် အကျပ်အတည်းများနှင့် အရေးပေါ် အခြေအနေများတွင် ဤသို့ဆန္ဒဖြစ်တတ်သည်။ ဆင်းရဲမွဲတေမှုသည် လူသန်းပေါင်းများစွာကို ထိခိုက်နေသည်၊ အကြမ်းဖက်မှုသည် လူ့အဖွဲ့အစည်းများကို ဖျက်ဆီးနေသည်၊ ရာသီဥတုပြောင်းလဲမှုသည် ဂေဟစနစ်ကို ခြိမ်းခြောက်နေသည် စသည်တို့ကဲ့သို့သော ရှင်းလင်းသည့်အချက်အလက်များနှင့် ရင်ဆိုင်ရသည့်အခါ ဆင်းရဲမွဲတေမှုကို ဖယ်ရှားရန်၊ အကြမ်းဖက်မှုကို အဆုံးသတ်ရန်နှင့် ကမ္ဘာဂြိုဟ်ကို ကယ်တင်ရန်ဟူသော တုံ့ပြန်မှုများ ချက်ချင်းပင် ပေါ်ထွက်လာတတ်သည်။ ပြဿနာတခု၏ ဖြစ်တည်မှုသည်ပင် ယင်းပြဿနာဖြေရှင်းချက်ကို သဘာဝအတိုင်း ညွှန်ပြနေဘိသကဲ့သို့ အချက်အလက်ကပင် တာဝန်တရပ်ကို တောင်းဆိုနေပုံရသည်။ သို့သော် ပိုမိုနက်ရှိုင်းစွာ စစ်ဆေးကြည့်လျှင် သဒ္ဒါ (Grammar) အရပင် “အမှန်တကယ်ဖြစ်တည်မှု” (Is) မှ “ဖြစ်သင့်ဖြစ်ထိုက်မှု” (Ought) သို့ ကူးပြောင်းခြင်းသည် အလိုအလျောက် ဖြစ်မလာသည်ကို တွေ့ရမည်။ ဤချိတ်ဆက်မှုသည် ရှောင်လွှဲ၍ မရနိုင်သော၊ အလိုလိုသိသာသော၊ သဘာဝထင်ရှားသော အရာမဟုတ်ပေ။ ဤအချက်ကို နားလည်ခြင်းက နိုင်ငံရေးလောကအမြင်များ၏ နက်ရှိုင်းသော ကွဲပြားမှုများကို ထင်ရှားစေသည်။

အချက်အလက်တခုတည်းက ယင်းအချက်အလက်နှင့်အတူ လုပ်ဆောင်မှဖြစ်မည့် အစီအစဉ်တခုကို သယ်ဆောင်မလာပါ။[2] ကမ္ဘာမြေသည် နေကို လှည့်ပတ်သည်ဟူသောအချက်သည် လုပ်ဆောင်ရန်တာဝန်၊ တနည်းအားဖြင့် လိုက်နာရန်ညွှန်ကြားချက်ကို ကမ်းမပေးပါ။ ထို့အတူ ငတ်မွတ်ခေါင်းပါးမှုများ တည်ရှိနေခြင်း (ကလေးသန်းပေါင်းများစွာ အစာအလုံအလောက်မရခြင်းကဲ့သို့) သည် အချက်အလက်တခုဖြစ်သည်။ သို့သော် ကျွန်ုပ်တို့သည် သူတို့ကို အစာကျွေးရန် တာဝန်ရှိမရှိ၊ မည်သို့လုပ်ဆောင်သင့်သည် ဆိုသည့်အချက်မှာ သူတို့၏ ဆင်းရဲဒုက္ခဟူသော အဖြစ်မှန်တခုတည်းအပေါ်တွင်သာ မူတည်မနေပါ။ လူအများစုသည် ကိုယ့်ဘဝတွင်လည်း ကိုယ်လည်ပတ်နေကြသည်။ “ဖြစ်သင့်ဖြစ်ထိုက်မှု” အယူအမြင်သည် ထိုအချက်အလက်ကို ပိုမိုကျယ်ပြန့်သော တန်ဖိုးထားမှု၊ ဦးစားပေးမှုနှင့် အသီးသီးပန်းတိုင်များဟူသော ဘောင်ထဲသို့ ယှက်ထိုးလိုက်သောအခါမှသာ ပေါ်ထွက်လာသည်။ အချို့က စာနာမှုကိုအခြေခံကာ လုပ်ဆောင်ရန်လိုအပ်သည်ဟု ဆိုကြပြီး၊ အချို့က တရားမျှတမှုကိုအခြေခံ၍ ကြားဝင်ဆောင်ရွက်သင့်သည်ဟု ဆိုနိုင်၏။ အချို့ကမူ ဘာသာရေးသွန်သင်ချက်များ အခြေခံနိုင်သည်။ လူမှုရေးဘဝများ အထိုင်ကျတည်ငြိမ်မှုနှင့်ပတ်သက်သော လက်တွေ့ကျသည့် စိုးရိမ်မှုများကို ထောက်ပြနိုင်သည်။ ဤရှုမြင်ပုံတခုချင်းစီသည် “ဖြစ်တည်မှု (Is)” ကို “ဖြစ်သင့်ဖြစ်ထိုက်မှု (Ought/Should)” ဟူသော ကိုယ်ကျင့်တရားဆိုင်ရာအစီအမံ အခိုင်အမာ ပြောဆိုမှု အဖြစ်သို့ ပြောင်းလဲပေးသည့် မူဘောင်တခု (ယုံကြည်ချက် သို့မဟုတ် မူများ) ကို လိုအပ်သည်။[3]

ဤသို့ “အဓိပ္ပာယ်ဖွင့်ဆိုရာတွင်” ရှိသည့် ကွာဟချက်က မတူညီသောအုပ်စုများသည် တူညီသော အချက်အလက်များကို ရင်ဆိုင်ရသည့်တိုင် နိုင်ငံရေးလောကအမြင်များမှာတော့ အဘယ်ကြောင့် ပြင်းထန်စွာ ကွဲပြားနေကြသည်ကို ရှင်းပြနေသည်။ ကမ္ဘာကြီးသည် လူသားအားလုံး မျှဝေခံစားရသည့် အခြေအနေများကို ပေးစွမ်းသည်။ အကောင်းရော အဆိုးပါ ရှိလိမ့်မည်။ ချမ်းသာကြွယ်ဝမှု မညီမညာဖြစ်နေမည်။ နိုင်ငံများ ပေါ်ပေါက်လာပြီး ပြိုလဲလိမ့်မည်။ လူသားများသည် အရင်းအမြစ်၊ အမှတ်သညာနှင့် အာဏာတို့အတွက် ပဋိပက္ခဖြစ်ခြင်းတို့ ဖြစ်မည်။ သို့သော် ထိုအချက်အလက်များမှ ထွက်ပေါ်လာသော “ဖြစ်သင့်ဖြစ်ထိုက်မှု” များမှာမူ သိသိသာသာ ကွဲပြားသည်။ ဆိုရှယ်လစ်တဦးက စီးပွားရေးမညီမျှမှုကိုမြင်လျှင် မျှတမှုရရှိရန် လူ့အဖွဲ့အစည်းက ချမ်းသာကြွယ်ဝမှုကို ပြန်လည်ခွဲဝေသင့်သည်ဟု ဆိုပေမည်။ နီယိုလစ်ဘရယ်တဦးက တူညီသော မညီမျှမှုကိုမြင်လျှင်ပင် ဥစ္စာကိုခွဲဝေခြင်းသည် လွတ်လပ်မှုကို ချိုးဖောက်ခြင်းဖြစ်သောကြောင့် လူ့အဖွဲ့အစည်းက ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ကို ကာကွယ်သင့်သည်ဟု ဆိုပေမည်။

ဤကွဲပြားမှုများသည် အဖြစ်မှန်ကို ငြင်းဆိုခြင်းမှ ပေါက်ဖွားလာခြင်းမဟုတ်ပါ။ ရှုမြင်ပုံတခုချင်းစီက တူညီသောအခြေခံအချက်များဖြစ်သည့် မညီမျှမှုများရှိနေခြင်း၊ ယဉ်ကျေးမှုများ အတူယှဉ်တွဲတည်ရှိခြင်း တို့ကို အသိအမှတ်ပြုကြသည်။[4] ကွဲပြားမှုဟူသည် ဤအချက်အလက်များကို အဓိပ္ပာယ်ဖွင့်ဆိုသည့် မူဘောင်များမှ ပေါ်ထွက်လာခြင်းသာ ဖြစ်သည်။ လောကအမြင်တခုချင်းစီက သီးခြားတန်ဖိုးများကို ဦးစားပေးကြသည်။ တန်းတူညီမျှမှုနှင့် လွတ်လပ်မှု၊ ရိုးရာနှင့် ကွဲပြားမှု၊ အသိုက်အဝန်းနှင့် လူပုဂ္ဂိုလ် စသည်တို့ ဖြစ်သည်။ ဤဦးစားပေးမှုများသည် စိတ်ထင်တိုင်းဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ နက်ရှိုင်းသော သမိုင်း၊ ယဉ်ကျေးမှုနှင့် ပုဂ္ဂိုလ်ရေးလွှမ်းမိုးမှုများဖြင့် ပုံဖော်ထားသည်။

“အမှန်တကယ် ဖြစ်တည်မှု” နှင့် “ဖြစ်သင့်ဖြစ်ထိုက်မှု” အကြား ကွာဟမှုကို အသိအမှတ်ပြုခြင်းသည် အမြင်အားလုံး တန်းတူမှန်ကန်သည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ တကယ်ကတော့ နိုင်ငံရေးသည် ကွဲပြားသော အမြင်များရှိသည့် အသက်ဝင်ရာနယ်ပယ်တခုဖြစ်ပြီး၊ အမြင်တခုချင်းစီသည် လောကကို အဓိပ္ပာယ်ဖွင့်ဆိုရန် တရားဝင်ကြိုးပမ်းမှုများတွင် အမြစ်တွယ်နေကြသည်ကို လက်ခံရန်သာဖြစ်သည်။ အချက်အလက်များသည် ဖြစ်နိုင်ခြေရှိသောအရာကို ကန့်သတ်ပေးသော်လည်း ရွေးချယ်မှုပြုလုပ်ရန် လိုအပ်ချက်ကို မဖယ်ရှားပါ။ ဥပမာ ဆင်းရဲမွဲတေမှု ဆိုးရွားစွာရှိနေခြင်းအပေါ် ဘာမှမတုန့်ပြန်ဘဲနေခြင်းကို လက်မခံနိုင်စရာဖြစ်စေနိုင်သော်လည်း မည်သို့တုံ့ပြန်မည်ကိုမူ တရားသေလုံးဝမရှိပေ။ စေတနာဖြင့်ကူညီခြင်း၊ အစိုးရအစီအစဉ်များ၊ စီးပွားရေးပြုပြင် ပြောင်းလဲမှုများ သို့မဟုတ် လူမှုစီးပွားနှင့်ယဉ်ကျေးမှုဆိုင်ရာ ပြောင်းလဲမှုများ စသည့် တုံ့ပြန်မှုတခုချင်းစီသည် လူ့အဖွဲ့အစည်း မည်သို့ဖြစ်သင့်သည်ဟူသော မတူညီသည့်အမြင်တခုကို ထင်ဟပ်စေသည်။

အမြင်များစွာကွဲပြားမှုသည် ရှင်းထုတ်ရမည့် ပြဿနာများမဟုတ်ပါ။ လူသားပီသသည့် လူသားတို့၏ ကိုယ်ကျင့်တရားဆိုင်ရာ ဘဝအတွင်းမှ အသွင်အပြင်တခုဖြစ်သည်။ နိုင်ငံရေး၏တာဝန်သည် တခုတည်းသော “မှန်ကန်သည့်” ဖြစ်သင့်ဖြစ်ထိုက်မှုကို ရှာဖွေရန်မဟုတ်သလို ကိုယ်နှင့်မတူ ကိုယ့်ရန်သူလုပ်ရန်မဟုတ်ပေ။ တကယ်က ယှဉ်ပြိုင်နေသော ဖြစ်သင့်မှုအမြင်များကို ရိုးသားမှု၊ ကျိုးကြောင်းဆင်ခြင်မှုနှင့် ဆွေးနွေးမှုတို့ဖြင့် လမ်းညွှန်ရန်ဖြစ်သည်။

မြန်မာနိုင်ငံတွင် လောကအမြင်များ လွန်စွာကွဲပြားကြသည်။ နှစ်ပေါင်း ၈၀ နီးပါးပြည်တွင်းစစ်ကြီးကို ကြည့်၍ ဘာလုပ်သင့်သည်ဟူသောအမြင်များ ကွဲပြားကြသည်။[5] အချို့အတွက် ဖွံ့ဖြိုးရေးကို ဖိစီး၍သာ လုပ်သင့်သည်ဟု ဆိုသည်။ အချို့က ဖက်ဒရယ်စနစ်ကို အကောင်အထည် ဖော်ရမည်ဟု ဆိုမည်။ အချို့က ဒီမိုကရေစီသာ အရေးအကြီးဆုံးဟု ဆိုမည်။ အချို့က ကိုယ့်လူထုနှင့်ကိုယ် တည်ထောင်မှသာ ရတော့မည်ဟု တွေးကြမည်။ အချို့က တပ်ဦးဗဟိုအစုအဖွဲ့စီသို့ ယုံကြည်ချက်အပ်နှံ၍ စုစည်းရမည်ဟု ယုံကြည်ကြမည်။ ဖြစ်တည်မှုမှ ဖြစ်သင့်မှု ထွက်လာခြင်းမဟုတ်။ မိမိတို့၏ ဘဝအတွေ့အကြုံ၊ ပန်းတိုင်၊ အမြင်၊ ခံယူချက်၊ သမိုင်း၊ ယဉ်ကျေးမှု စသည်တို့မှ ထွက်လာကြခြင်းဖြစ်သည်ဟု ဆိုနိုင်ပါလိမ့်မည်။[6]

ဤအခြေအနေတွင် ပညာအခြေခံဖြင့် အုပ်ချုပ်သူသည် အချက်အလက်များနှင့် တာဝန်များအကြား အဓိပ္ပာယ်ဖွင့်ဆိုမှုဆိုင်ရာ ကွာဟချက်ကို အသိအမှတ်ပြုရန် လိုအပ်သည်။ မိမိ၏လောကအမြင်ကို အဖြစ်မှန်၏ ရှောင်လွှဲမရနိုင်သော ကောက်ချက်အဖြစ် သတ်မှတ်လိုသည့် တွန်းအားကို ခုခံခြင်းကို ဆိုလိုသည်။ လွယ်လွယ် ပြောရလျှင် အာဏာရှင်မဆန်ပါနှင့်ဟု ဆိုလိုသည်။ ခေါင်းဆောင်များနှင့် နိုင်ငံသားများသည် စိတ်ကူးစိတ်သန်း ညှိနှိုင်းမှုနှင့် အပေးအယူလုပ်မှုဟူသည့် ခက်ခဲသောအလုပ်တွင် ဆက်လက်၍ ပါဝင်ရပါမည်။

“အမှန်တကယ်ဖြစ်တည်မှု (Is)” သည် “ဖြစ်သင့်ဖြစ်ထိုက်မှု (Ought)” ကို တိုက်ရိုက် တိတိကျကျ မဖန်တီးနိုင်ကြောင်း အသိအမှတ်ပြုခြင်းဖြင့် ဤပဋိပက္ခများ ပိုမိုရှင်းလင်း၍ လေးစားမှုဖြင့် ချဉ်းကပ်နိုင်သည်။ အချက်အလက်များနှင့်ပတ်သက်၍သာမက၊ ထိုအချက်အလက်များ မည်သို့အဓိပ္ပာယ်သက်ရောက်သည်နှင့် ပတ်သက်၍လည်း ငြင်းနိုင်ခုံနိုင်ပြီး ကောင်းမွန်သောအရာနှင့်ပတ်သက်၍ အပြိုင်ရှိနေကြသည့်အမြင်များကို ဟန်ချက်ညီစေမည့် လူ့အဖွဲ့အစည်းများကို တည်ဆောက်ရန် ကြိုးပမ်းနိုင်သည်။ “အမှန်တကယ် ဖြစ်တည်မှု” နှင့် “ဖြစ်သင့်ဖြစ်ထိုက်မှု” အကြား ကွာဟချက်သည် ဖြေရှင်းရမည့် ပြဿနာတရပ် မဟုတ်ပေ။ ရှာဖွေရမည့် နယ်မြေကျယ်ကျယ်ပမာ ဖြစ်သည်။ လူသားတို့၏ ဖန်တီးနိုင်စွမ်း၊ ကိုယ်ကျင့်တရားနှင့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်တို့ အသက်ဝင်ရှင်သန်နေသည့် နေရာဖြစ်သည်။ ယင်းနယ်မြေတွင် အလေးဂရုပြုမှု၊ မိတ်သဟာယစိတ်နှင့် အားလုံး ပါဝင်နိုင်သည့် ဘုံကောင်းကျိုးတို့ကို သံလိုက်အိမ်မြှောင်အဖြစ်ဖြင့် မှတ်ယူရန်ပင် ဖြစ်လေသည်။
----------

[1] ဤအယူအဆကို စကော့တလန် အတွေးအခေါ်ပညာရှင် David Hume က ၁၇၃၉ ခုနှစ်တွင် ရေးသားခဲ့သော A Treatise of Human Nature ကျမ်းတွင် စတင်မိတ်ဆက်ခဲ့သည်။ ယင်းကို "Is-Ought Problem" သို့မဟုတ် "Hume's Guillotine" ဟု ခေါ်ဆိုကြသည်။ Hume ၏ အဆိုအရ အရာတစ်ခုသည် “ဖြစ်ပျက်နေသည်” (Is) ဟု ဆိုရုံမျှဖြင့် ထိုအရာသည် “ဖြစ်သင့်သည်” သို့မဟုတ် “ကောင်းမွန်သည်” (Ought) ဟု ယုတ္တိဗေဒအရ တိုက်ရိုက်ကောက်ချက်ချ၍ မရနိုင်ကြောင်း ထောက်ပြခဲ့သည်။

[2] နိုင်ငံရေးသိပ္ပံနှင့် ဒဿနိကဗေဒတွင် ဤအချက်ကို ဆွေးနွေးသည့်အခါ Descriptive Statement (အရှိတရားကို ဖော်ပြချက်) နှင့် Normative Statement (စံနှုန်းသတ်မှတ်ချက်) တို့၏ ကွာခြားချက်အဖြစ် ခွဲခြားသည်။ သိပ္ပံပညာသည် ကမ္ဘာကြီး မည်သို့လည်ပတ်နေသည် (Descriptive) ကို ပြောပြနိုင်သော်လည်း၊ လူသားတို့ မည်သို့ကျင့်ကြံနေထိုင်ရမည် (Normative) ကို ညွှန်ကြားနိုင်စွမ်း မရှိပေ။ ဥပမာအားဖြင့် ရောဂါပိုးရှိခြင်းသည် သိပ္ပံဆိုင်ရာ အချက်အလက် (Fact) ဖြစ်ပြီး၊ ကုသသင့်/မကုသသင့် ဆုံးဖြတ်ခြင်းသည် တန်ဖိုး (Value) ဆိုင်ရာ ဆုံးဖြတ်ချက်ဖြစ်သည်။

[3] ယုတ္တိဗေဒ (Logic) အရ ပြောရလျှင် "Ought" ဟူသော ကောက်ချက်တစ်ခုထွက်လာရန် "Value/Moral Premise" (ကိုယ်ကျင့်တရားဆိုင်ရာ အဆိုပြုချက်) တခု မရှိမဖြစ် လိုအပ်သည်။ ဆိုပါစို့။ "ကလေးများ ဆာလောင်နေသည်" (Fact) မှ "ကလေးများကို အစာကျွေးသင့်သည်" (Conclusion) ဟူသော အဖြေ/လုပ်ရပ်တခု ထွက်လာရန်အတွက် ကြားထဲတွင် "ဆာလောင်နေရခြင်းဟူသည် မကောင်းပါ" "လူသားချင်း စာနာခြင်းသည် ကောင်းမွန်သည်" စသော ယုံကြည်ချက်များ ကြားခံထားရသည်။ ထိုယုံကြည်ချက်/တန်ဖိုးများ မတူညီပါက ကောက်ချက်လည်း ပြောင်းလဲသွားနိုင်သည်။

[4] ဤဖြစ်စဉ်ကို နိုင်ငံရေးစိတ်ပညာ (Political Psychology) တွင် Motivated Reasoning (ရည်ရွယ်ချက်ပါသော ကျိုးကြောင်းယုတ္တိ ဆင်ခြင်ခြင်း) ဟု ချဉ်းကပ်ကြည့်နိုင်သည်။ လူတို့သည် တူညီသော အချက်အလက် (Facts) များကို မြင်တွေ့ရသော်လည်း မိမိတို့၏ နဂိုရှိရင်းစွဲ ခံယူချက် (Ideology)၊ အုပ်စုစွဲ (Tribalism) နှင့် ကိုက်ညီအောင် အဓိပ္ပာယ်ဖွင့်ဆိုလေ့ရှိကြသည်။ ထို့ကြောင့် အဖြစ်မှန် (Truth) သည် တခုတည်း ရှိနိုင်သော်လည်း နိုင်ငံရေးအမှန်တရား (Political Truth) မှာမူ ရှုထောင့်အလိုက် ကွဲပြားနေခြင်း ဖြစ်သည်။

[5] ဖွံ့ဖြိုးရေးအရင်၊ ငြိမ်းချမ်းရေးအရင်၊ (တဦးချင်း/အစုလိုက်) လွတ်လပ်ရေးအရင် စသည်ဖြင့် မျိုးစုံချဉ်းကပ်ကြသည်။

[6] Max Weber က "Ethic of Conviction" (ယုံကြည်ချက်အပေါ် အခြေခံသော ကျင့်ဝတ်) နှင့် "Ethic of Responsibility" (တာဝန်ယူမှုအပေါ် အခြေခံသော ကျင့်ဝတ်) ဟု ခွဲခြားပြခဲ့ဖူးသည်။ မိမိတို့၏ သမိုင်းကြောင်းနှင့် ခံစားချက်များအပေါ် မူတည်ပြီး အချို့က ယုံကြည်ချက်ကိုသာ ရှေ့တန်းတင်လိုကြသော်လည်း (နမူနာအားဖြင့် တော်လှန်ရေးသည်သာ အဖြေ)၊ အချို့က လက်တွေ့ အကျိုးဆက်ကို ဦးစားပေးလိုကြသည် (နမူနာအားဖြင့် တည်ငြိမ်ရေးသည်သာ အဖြေ)။ ဤသို့ ကွဲပြားမှုသည် အမှားအမှန်/ဓမ္မ-အဓမ္မ ပြဿနာမဟုတ်ဘဲ ဦးစားပေးမှု (Priorities) ပြဿနာသာ ဖြစ်သည်။

Comments

Popular posts from this blog

နိုင်ငံရေးသည် ဘာကို အခြေခံမည်နည်း

“နိုင်ငံရေးသည် ဘုံကောင်းကျိုးကို ရှာရန်ဖြစ်သည်” [1] ဟု Hans Sluga မှ ဆိုသည်။ ပူးပေါင်းမှုက နိုင်ငံရေး၏ ဗဟိုချက်ဖြစ်သည်ဟု ယုံကြည်သူတို့အဖို့ ထိုအဆိုသည် အလွန်တန်ဖိုးရှိသော အဆိုဟု ပြောရမည်။ ဘုံကောင်းကျိုးဟူသည့်စကားလုံးမှာ အဓိကသော့ချက် ဖြစ်သည်။ ဘုံကောင်းကျိုးသည် အရေးကြီးသလို အန္တရာယ်လည်း ရှိနိုင်သည်။ ဘုံကောင်းကျိုး၊ သို့မဟုတ် အားလုံးကောင်းစားရေး သို့မဟုတ် အများကောင်းစားရေးဟူသည့် အကြောင်းပြချက်အောက်တွင် စဉ်းစား၍ပင် မရဲလောက်အောင် ဆိုးယုတ်သည့် အပြုအမူများ ဖန်တီးကြသည်။ နာဇီဂျာမနီက ဂျူးတို့ကို သတ်ဖြတ်ရာတွင် ဂျာမန်တို့၏ ကောင်းကျိုးအတွက် သတ်သည်ဟု အကြောင်းပြချက်ပေးခဲ့၏။ လူနည်းစု အခွင့်အရေးအတွက် လုပ်ဆောင်သူတိုင်းက အများကောင်းကျိုးဟူသော စကားလုံးကို သတိကြီးကြီး ထားရမည်ဖြစ်သည်။ ဘုံကောင်းကျိုးကို ပြောရာတွင် သုံးခုကို အဓိက ထောက်ပြစဉ်းစားရန် ရှိသည်။ ပထမချက်က ဘုံကောင်းကျိုးကို ပယ်၍မရဟူသည့်အချက် ဖြစ်သည်။ ဘုံကောင်းကျိုးကို ဦးမတည်လျှင် မည်သည့်အရာကို ဦးတည်မည်နည်း။ ဆိုးကျိုးကို မည်သူမျှ မလိုချင်ပေ။ ဘုံကောင်းကျိုးမရှိလျှင် နိုင်ငံရေးသည် အဓိပ္ပာယ် မရှိ၊ တဦးတစု ကောင်းစားရေးသည် နိုင်ငံရေးမဟုတ်ပေ။ ဒုတိယအချက်မှာ ဘု...

နိုင်ငံရေးဟူသည် ဘာကိုရည်ညွှန်းကြသနည်း

နိုင်ငံရေးအကြောင်း ပြောကြသည့်အခါ တချို့က ကျဉ်းမြောင်းသော ဖွင့်ဆိုချက်အနေဖြင့် အစိုးရ၏ အုပ်ချုပ်မှုရေးရာများကိုသာ ဆိုလိုကြသလို အချို့ကလည်း အလွန်အမင်း ကျယ်ပြောသော စဉ်းစားချက်ဖြင့် “မီးဖိုချောင်ကိစ္စလဲ နိုင်ငံရေးပဲ” ဟု ဆိုကြပြန်သည်။ မြန်မာဆိုရိုးစကားတွင်တော့ “ကြက်ဥအရောင်၊ တိမ်တောင်သဖွယ် မင်းရေးကျယ်သား” [1] ဟု ဆိုသည့်အတွက် သာမန်လူထုသည် နိုင်ငံရေးရာကို နားလည်ရန် မလွယ်ဟု ဆိုလိုသည်ကို တွေ့ရသည်။ ဂရိခေတ်က မြို့ပြနိုင်ငံ သေးသေးလေးများ ဖြစ်ကြရာ သူတို့အတွက် နိုင်ငံရေးနှင့် လူမှုရေးတို့သည် ကွာဟချက် အလွန်အမင်းကြီးမားမှု မရှိပဲ အပြန်အလှန် ပြောင်းလဲနိုင်သည့်နှယ် ပြောတတ်ကြသည်။ [2] အရစ္စတိုတယ်က လူဟူသည်မှာ နိုင်ငံရေး သတ္တဝါဟု ဆိုပေသည်။ ၁၉၄၀ ခုနှစ် ဖေဖော်ဝါရီလ ဒဂုန်မဂ္ဂဇင်းမှာတော့ ဗိုလ်ချုပ်အောင်ဆန်းက ယခုလိုရေးပါသည် "နိုင်ငံရေး ဆိုသော စကားကို ပထမသုံးသပ်ရန်လိုသည်။ "ပြည်ထဲအရေး ပေါက်နှင့်ကျေး၊ ကြက်ဥအရောင် တိမ်တောင် သဖွယ် မင်းရေးကျယ်” စသည်ဖြင့် ရှေးဗမာစကားများတွင် ဖတ်ရ၏။ ဤစကားများကား ကောင်းလည်းကောင်း၏။ ဆိုးလည်းဆိုး၏။ ကောင်းပုံကား နိုင်ငံရေး၏ ခက်ခဲနက်နဲသော အဓိပ္ပါယ်၊ ကျယ်ဝန်းသော အဓိပ္ပါယ် သိမ်မွေ...