"အထက်အောက်စနစ်" (Hierarchy) ဆိုတဲ့ စကားလုံးကို ကြားလိုက်တာနဲ့ စာရေးသူတို့ စိတ်ထဲမှာ အမြင်နှစ်မျိုးပဲ ရှိတတ်ကြပါတယ်။ တခုက ဒါဟာ လက်ခံလိုက်ရမယ့် အရာပဲလို့ တွေးတာ၊ နောက်တခုကတော့ ဒါဟာ တွန်းလှန်တိုက်ခိုက်ရမယ့် အရာပဲလို့ မြင်တာပါ။ တခုခု ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ တကယ့်အရှိတရားကတော့ အဲဒီလောက် ပြင်းထန်မနေပါဘူး။
အထက်အောက် အဆင့်ဆင့်အလွှာ ဖွဲ့စည်းပုံတွေဆိုတာ သဘာဝတရားကြီးက မွေးရာပါ သတ်မှတ်ပေးထားတဲ့ အရာတွေ မဟုတ်ပါဘူး။ ကောင်းကင်ပေါ်ကနေ ကျလာတာမျိုး၊ မြေကြီးထဲကနေ ထွက်ပေါ်လာတာမျိုးလည်း မဟုတ်ပါဘူး။ ဒီစနစ်တွေကို လူတွေကပဲ ဖန်တီးခဲ့တာပါ။ အကြောင်းကတော့ အဲဒီအချိန်အခါတုန်းက သင့်တော်တယ်လို့ ယူဆဖို့ အကြောင်းအမျိုးမျိုးရှိခဲ့ကြလို့ပါပဲ။ ဥပမာ စည်းစနစ်တကျ ဖြစ်စေဖို့၊ အလုပ်တွေ ခွဲဝေဖို့၊ ပရမ်းပတာ မဖြစ်အောင် ထိန်းသိမ်းဖို့တွေပေါ့။ ဒါပေမဲ့ တခါတလေမှာတော့ လူတစုရဲ့ အကျိုးစီးပွားအတွက် ဖန်တီးရင်း တချို့ကို ချန်ထားခဲ့တာ၊ တချို့ကိုပဲ ရွေးထုတ်လိုက်တာမျိုးတွေ ဖြစ်လာတတ်ပါတယ်။
ဒီလိုကမ္ဘာကြီးမှာ ရှင်းရှင်းလင်းလင်း တွေးခေါ်နိုင်ဖို့ဆိုရင် မိမိတို့ ထာဝရလို့ ထင်ထားတဲ့ အရာတော်တော်များများဟာ တကယ်တော့ ယာယီပဲဆိုတဲ့ အသိကို လက်ခံနိုင်ဖို့ လိုအပ်ပါတယ်။ အထက်အောက်စနစ်တွေလည်း ဒီအထဲမှာ အပါအဝင်ပါပဲ။ ဒီစနစ်တွေဟာ သဘာဝရဲ့ နိယာမတရားတွေ မဟုတ်ဘဲ လူတွေရဲ့ ဆုံးဖြတ်ချက်တွေ၊ ဓလေ့ထုံးတမ်းတွေ၊ အလေ့အကျင့်တွေ၊ အားလုံးမျှဝေထားတဲ့ မျှော်လင့်ချက်တွေပေါ်မှာ တည်ဆောက်ထားတာပါ။ တခါတလေမှာ လူတစုက သူတို့ရဲ့ ရည်မှန်းချက်တွေ၊ ရုန်းကန်လှုပ်ရှားမှုတွေအတွက် ဒီလိုစနစ်တွေကို တည်ဆောက်ကြရတယ်။ ဒီတော့ လူတွေက တည်ဆောက်ခဲ့တာမို့ လူတွေကပဲ ပြန်မေးခွန်းထုတ်လို့ ရပါတယ်။ အဲဒီလို မေးခွန်းထုတ်တာဟာ ဖျက်ဆီးဖို့ချည်း မဟုတ်ဘူး။ နားလည်ဖို့၊ ပိုကောင်းအောင်လုပ်ဖို့၊ စွန့်လွှတ်ဖို့အတွက်ပါ။ ဒီစနစ်တွေဟာ အသုံးဝင်တဲ့ "ကိရိယာ (Tools)" တွေ ဖြစ်နိုင်ပေမဲ့၊ မပြောင်းလဲနိုင်တဲ့ "အမှန်တရား (Truths)" တွေတော့ မဟုတ်ပါဘူး။
အထက်အောက်စနစ်ကို သံသယဝင်တယ်ဆိုတာ စနစ်တိုင်းကို မျက်စိမှိတ် ခြေစုံကန် ပုန်ကန်ရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ တည်ငြိမ်ရိုးသားတဲ့ စူးစမ်းလိုစိတ်ကို မွေးမြူဖို့ပါပဲ။ စာရေးသူတို့ မေးရမှာက ဒီဖွဲ့စည်းပုံက ဘာတွေလုပ်နေလဲ။ ဘယ်သူ့ကို အကျိုးပြုနေလဲ။ ဘယ်သူတွေ ကျန်နေခဲ့လဲ။ ဆိုတဲ့ မေးခွန်းတွေပါပဲ။
တခါတလေမှာ အထက်အောက်စနစ်တွေက အထောက်အကူပြုပါတယ်။ ရှုပ်ထွေးတဲ့ အခြေအနေတွေမှာ ရှင်းလင်းမှုနဲ့ စနစ်တကျဖြစ်မှုကို ပေးနိုင်တယ်။ ဒါပေမဲ့ ဒီစနစ်တွေ တင်းမာလာတဲ့အခါမှာတော့ ရာထူးဂုဏ်ပုဒ်တွေက နားလည်မှုကို အစားထိုးသွားပြီး၊ အစဉ်အလာတွေကို အမှန်တရားလို့ ထင်မှားလာတတ်ပါတယ်။ အဲဒီအခါမှာ ညင်သာသိမ်မွေ့တဲ့ မေးခွန်းထုတ်မှုတွေက မရှိမဖြစ် လိုအပ်လာပါတယ်။ ဆိုပါစို့။ ဒီစနစ်က ကျွန်တော်တို့ကို ဘယ်လို ဇာတ်လမ်းမျိုး ပြောပြနေတာလဲ။ ဘယ်သူတွေက စကားပြောခွင့်ရပြီး၊ ဘယ်သူ့အသံကို ကြားရသလဲ။ ဒီအထဲမှာ ဘယ်သူတွေက မြင်တွေ့ခံခွင့်မရဘဲ ပျောက်ကွယ်နေသလဲ။
ဉာဏ်နဲ့ယှဉ်ပြီး စစ်ဆေးတတ်သူတယောက်ဟာ အထက်အောက်စနစ်အားလုံး ကောင်းတယ်၊ ဆိုးတယ်လို့ အပေါ်ယံကြည့်ပြီး အဖြူအမည်းခွဲ တံဆိပ်ကပ်တဲ့ အလေ့အထ မရှိပါဘူး။ စနစ်တခုကို အလားတူ တင်းကျပ်တဲ့ နောက်စနစ်တခုနဲ့ အလျင်စလို အစားမထိုးပါဘူး။ အဲဒီအစား၊ ရှုပ်ထွေးပွေလီတဲ့ လူ့ဘဝရဲ့ အရှိတရားနဲ့ နီးနီးကပ်ကပ် နေထိုင်ပါတယ်။ အောက်ခြေမလွတ်ပါ။ အာဏာဆိုတာ အမြဲတမ်း ရွေ့လျားနေပြီး၊ အမြဲတမ်း ဂရုတစိုက် ဆန်းစစ်ဖို့ လိုအပ်တယ်ဆိုတာကို သူတို့ နားလည်ပါတယ်။ ဒီလိုမေးခွန်းထုတ်ခြင်းဟာ နိုင်ငံရေးကြွေးကြော်သံတခု မဟုတ်သလို၊ လိုက်နာရမယ့် စည်းကမ်းချက်စာအုပ်ကြီးလည်း မဟုတ်ပါဘူး။ ဒါဟာ အမြဲတစေ သတိပြုနေတဲ့ အလေ့အထ (a habit of attention) တစ်ခုပါပဲ။ အာဏာကို ဘယ်သူမှ ထိလို့မရဘူးလို့ ခံစားလာရတဲ့အခါ၊ ယုံကြည်မှုကနေ မောက်မာမှုအဖြစ် ပြောင်းလဲသွားတဲ့အခါ၊ ဒါမှမဟုတ် ခေါင်းဆောင်မှုက ပြည်သူ့အကျိုးကို မေ့လျော့သွားတဲ့အခါ သတိပြုမိစေတဲ့ နည်းလမ်းတခု ဖြစ်ပါတယ်။
ဒီလိုနည်းနဲ့ကြည့်ရင် သံသယဝင် မေးခွန်းထုတ်ခြင်းဟာ ဗလုံးဗထွေး၊ ပရမ်းပတာဖြစ်စေခြင်း မဟုတ်ပါဘူး။ ကြပ်ကြပ် မေးခွန်းထုတ်တာဟာ ဂရုစိုက်ခြင်း တမျိုးပါ။ ရှုပ်ထွေးနက်နဲတဲ့ လူ့အဖြစ်ကို အမှန်တရား ပုံစံခွက်တခုတည်းထဲ အတင်းသွတ်သွင်းခံရခြင်းကနေ ကာကွယ်ပေးတဲ့ နည်းလမ်းတခုပါပဲ။ ခေါင်းဆောင်မှုကောင်းဆိုတာ နားထောင်နေရမယ်။ စည်းမျဉ်းတွေရဲ့ တန်ဖိုးဆိုတာ လူ့ဂုဏ်သိက္ခာကို ဘယ်လောက်ကာကွယ်ပေးနိုင်သလဲ ဆိုတဲ့အပေါ်မှာပဲ မူတည်တယ်ဆိုတာကို စာရေးသူတို့ကို သတိပေးနေပါတယ်။
အာဏာကို မှန်မှန်ကန်ကန် သုံးတတ်ရင် ထိန်းချုပ်မှု သက်သက် ဖြစ်စရာမလိုသလို၊ ဖွဲ့စည်းပုံတွေကလည်း အမြဲတမ်း အကျဉ်းထောင်တွေ ဖြစ်နေမှာ မဟုတ်ပါဘူး။ အပြန်အလှန် ဆွေးနွေးသုံးသပ်မှုနဲ့ ကြိုးစားအားထုတ်မှုတွေ ရှိမယ်ဆိုရင်၊ ရှုပ်ထွေးစေတာထက် ရှင်းလင်းစေတဲ့၊ တင်းကျပ်ခဲမာနေတာထက် ပြောင်းလွယ်ပြင်လွယ်ရှိတဲ့၊ ပိုမိုပွင့်လင်းပြီး ရိုးသားတဲ့ စနစ်တွေကို ဖော်နိုင်မှာပါ။
စနစ်တခုကို မေးခွန်းထုတ်တယ်ဆိုတာ ဂရုစိုက်ကြောင်း ပြသလိုက်တာပါပဲ။ ဒါဟာ ထိပ်ဆုံးက လူတစုအတွက် မဟုတ်ဘဲ လူတိုင်းအတွက် ပိုကောင်းတဲ့အရာတခုကို လိုချင်လို့ပါပဲ။ ဒါဟာ အလွန်တရာကောင်းတဲ့ ဆက်နွှယ်မှုတမျိုးအတွက် နေရာတစ်ခုကို ဖန်တီးပေးပါတယ်။ အဲဒါကတော့ "နိုင်ငံရေးမိတ်သဟာယစိတ်" လို့ခေါ်တဲ့ လူ့အဖွဲ့အစည်းတွင်း မိတ်ဖက်စိတ်ထား (political friendship) ပါပဲ။ ဒီစိတ်ဓာတ်ကို အပြန်အလှန်လေးစားမှု၊ တူညီတဲ့ ရည်ရွယ်ချက်၊ သဘောထားကွဲလွဲခွင့်ရှိတဲ့ ပတ်ဝန်းကျင်တွေနဲ့ တည်ဆောက်ထားတာပါ။ လူတွေဟာ ရှင်သန်ရပ်တည်ရေး၊ လုံခြုံရေးနဲ့ ကြီးပွားတိုးတက်ရေးအတွက် လူ့အဖွဲ့အစည်းထဲမှာ အတူနေထိုင်ကြတာ ဖြစ်တဲ့အတွက် တယောက်ကိုတယောက် စဉ်းစားပေးရမှာ၊ ဂရုစိုက်ကြရမှာ ဖြစ်ပါတယ်။
ဖြစ်တန်စွမ်းရှိတဲ့အထဲမှာ အကောင်းဆုံး လူ့အဖွဲ့အစည်းတွေဆိုတာ ခေါင်းဆောင်တယောက်မှမရှိတဲ့ အဖွဲ့အစည်းတွေ မဟုတ်ပါဘူး။ ခေါင်းဆောင်မှုဟာ ပွင့်လင်းမြင်သာမှုရှိပြီး၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိကာ၊ ပြည်သူလူထုရဲ့ တကယ့်လိုအပ်ချက်တွေကို တုံ့ပြန်မှုရှိတဲ့ အဖွဲ့အစည်းတွေသာ ဖြစ်ပါတယ်။ ဒီလိုနေရာတွေမှာ အာဏာဆိုတာ အမွေဆက်ခံရတာမျိုး မဟုတ်ဘဲ၊ ယုံကြည်မှု၊ အလေးထား ဂရုစိုက်မှု၊ တရားမျှတမှုတွေနဲ့ ထပ်ခါထပ်ခါ ရယူတည်ဆောက်ရတာမျိုးပါ။
အရာရာကို မေးခွန်းထုတ်ပါ။
အထက်အောက်စနစ်ကိုအမြဲဝေဖန်ပါ။
ပေါင်းကူးတံတားတွေ တည်ဆောက်ပါ။
Comments
Post a Comment